တိဘက်ဘုန်းတော်ကြီးတစ်ပါးဟာ အမ်ဒို (Amdo) ဒေသ ဒါရီ (Dari) နယ်ထဲမှာ ကိုယ့်ကိုယ်ကို မီးရှို့ အဆုံးစီရင်ရာက တနင်္ဂနွေနေ့မှာ သေဆုံးသွားတယ်လို့ တိဘက်ကလာတဲ့ သတင်းတွေက ဖော်ပြပါတယ်။ တိဘက်ဒေသ လွတ်မြောက်ရေးနဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမား ပြည်တော်ပြန်ခွင့်ရရေး ကြိုးပမ်းရင်း ၂၀၀၉ ခုနှစ်ကတည်းက သေဆုံးခဲ့ကြရသူ တိဘက်လူမျိုး အားလုံးအတွက် ရည်စူးပြီး အဆုံးစီရင်တာ လို့လည်း သူ့ကိုယ်သူ မီးတင်မရှို့မီ အသက် ၄၂ နှစ်အရွယ် လားမား ဘုန်းတော်ကြီး ဆိုပါတူလ်ကူ (Sopa Tulku) က ပြောသွားတဲ့အကြောင်း သတင်းတွေက ဖော်ပြခဲ့ကြတာပါ။
တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား ကတော့ တရုတ်နိုင်ငံကို ဆန့်ကျင်အုံကြွမှုတွေ မအောင်မမြင် ဖြစ်ခဲ့ရပြီးတဲ့နောက် ၁၉၅၉ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံမှာ ခိုလှုံနေထိုင်နေတာ ဖြစ်ပါတယ်။ တိဘက်ဒေသမှာ တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ လွန်ခဲ့တဲ့ ၃ ရက်အတွင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ကြတဲ့ တိဘက်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေထဲ လားမား ဘုန်းတော်ကြီး ဆိုပါတူလ်ကူဟာ တတိယမြောက်လည်း ဖြစ်ပါတယ်။
ဇီချွမ်ပြည်နယ်မှာရှိတဲ့ မငြိမ်မသက်မှုတွေ ဖြစ်ပွားရာ ကာတီ (Kirti) ဘုန်းတော်ကြီးကျောင်းအနီး တိဘက် ရဟန်းလူထွက် တစ်ယောက်နဲ့အတူ နောက်ထပ် လူတစ်ဦးတို့ သောကြာနေ့က ကိုယ့်ကိုယ်ကို မီးတင်ရှို့ ခဲ့ကြပြီးတဲ့နောက် ရဟန်းလူထွက်ဖြစ်သူ သေဆုံးသွားခဲ့ကြောင်းလည်း တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းကလည်း မနေ့ကပဲ အတည်ပြုခဲ့တာပါ။ အသက် ၁၈ နှစ်အရွယ် ရဟန်းလူထွက်က ဟိုတယ်အခန်း တစ်ခုမှာ မီးရှို့အဆုံးစီရင်ရာက သေဆုံးခဲ့ပြီး အသက် ၂၂ နှစ်အရွယ် နောက်တစ်ယောက်ကတော့ အနီးအနား လမ်းဆုံမှာ မီးရှို့ရာက ဒဏ်ရာအပြင်းအထန်ရခဲ့လို့ ဆေးရုံတင်ထားရကြောင်း သတင်းက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လထဲတုန်းက ကာတီ ဘုန်းတော်ကြီးကျောင်း အပြင်ဘက်မှာ တရုတ်အစိုးရ အုပ်ချုပ်မှုကို ဆန့်ကျင်ပြီး တိဘက်ရဟန်းပျိုတစ်ပါး မီးရှို့သတ်သေခဲ့ချိန်ကစလို့ လွန်ခဲ့တဲ့ ၁ နှစ်အတွင်း တိဘက် ဗုဒ္ဓဘာသာဝင် သေဆုံးသူပေါင်းဟာ ၁၄ ယောက်ထက် မနည်း ရှိနေပြီလို့လည်း ခန့်မှန်းရပါတယ်။