သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သာကေတ အစ္စလာမ် ဘာသာရေးကျောင်း ဝတ်ပြုမူ တားမြစ်ခံရ


ဖြေရှင်းပေးခဲ့တဲ့ သာကေတ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံး (သတင်းဓါတ်ပုံCredit to- Myanmar Muslims Media )
ဖြေရှင်းပေးခဲ့တဲ့ သာကေတ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံး (သတင်းဓါတ်ပုံCredit to- Myanmar Muslims Media )

ရန်ကုန်တိုင်း သာကေတမြို့နယ်ထဲက အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတွေမှာ ဝတ်ပြုနေတယ် ဆိုပြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးကို လူပုဂ္ဂိုလ် အဖွဲ့အစည်းတချို့က အကြောင်းကြား တိုင်တန်းလာတဲ့ အတွက် သက်ဆိုင်ရာ စာသင်ကျောင်း တာဝန်ခံ အစ္စလာမ်ဂေါပကအဖွဲ့တွေဘက်က ခံဝန်ကတိ လက်မှတ်ရေးထိုးပေးလိုက်တယ် လို့ အစ္စလာမ်ဘာသာရေး အဖွဲ့ချုပ်က ပြောပါတယ်။ ရွေးကောက်ပွဲနီးကပ်လာချိန် ဘာသာရေးအကြောင်းပြ ပဋိပက္ခ အကြမ်းဖက်မှုတွေ မဖြစ်အောင် အတတ်နိုင်ဆုံး ပြေလည်အောင် ဖြေရှင်းနေကြ ပါတယ်လို့လည်း အစ္စလာမ် ဘာသာရေးအဖွဲ့ချုပ် တာဝန်ရှိသူကပြောပါတယ်။အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ဒီကနေ့ ရန်ကုန်တိုင်း သာကေတမြို့နယ်ထဲက အစ္စလာမ်ဘာသာရေး စာသင်ကျောင်း (၈)ကျောင်းမှာ စာသင်သားတွေ ဝတ်ပြုရှိခိုးနေကြတယ်ဆိုပြီး တိုင်တန်းလာတဲ့ အတွက် သက်ဆိုင်ရာ အစ္စလာမ်စာသင်ကျောင်းတာဝန်ရှိသူတွေ အနေနဲ့ သာကေတမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးမှာ သွားရောက်ဖြေရှင်းခဲ့ရတယ်လို့ အစ္စလာမ်ဘာသာရေးအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးကိုကိုလတ်က အဖြစ်အပျက်ကို ဗွီအိုအေမြန်မာပိုင်းကို အခုလိုရှင်းပြပါတယ်။

“အစ္စလာမ်ဘာသာရေး စာသင်ကျောင်း သာကေတမှာ (၈)ကျောင်းရှိတယ်ပေါ့။ အဲဒီ ၈ ကျောင်းမှာ ဝတ်ပြုတာပေါ့။ အစ္စလာမ်ဘာသာ ထုံးတမ်းစဉ်အရ စာသင်တယ်။ သင်ပြီးသွားရင် ကလေးတွေက ဘုရားဝတ်ပြုကြတယ်ပေါ့။ အဲဒီ ဘုရားဝတ်ပြုတဲ့ဟာ ကို ကျောင်းမှာ စာပဲတင်ရမယ်။ ဘုရားဝတ်မပြုရဘူး။ အစ္စလာမ်ဘာသာရဲ့ ထုံးတန်းစဉ်လာအရ ဝတ်စားဆင်ယဉ်မှုကို မဝတ်ရဘူး။ ဦးထုတ်တွေ မဆောင်းရဘူး။ အဲဒါတွေကို မလုပ်ဖို့အတွက်ကို တားမြစ်ပါတယ်ဆိုပြီး သူတို့က လာတားမြစ်ပါတယ်။ လာတားမြစ်တော့ ပလီဂေါပက အဖွဲ့တွေကလည်း သူတို့က ညှိညှိနှိုင်း၊ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ချင်တဲ့အတွက်ကို အစ္စလာမ် ဘာသာရေးအဖွဲ့အစည်းတွေကလည်း သူတို့က ဒီကိစ္စကို ဘာပဲတောင်းဆိုတောင်းဆို ကျနော်တို့ဖက်က တောင်းဆိုတာကို လိုက်လျှောပေးပြီးတော့ လက်မှတ်ထိုးပေးဆိုရင်လည်း၊ ကျနော်တို့က ထိုးပေးပြီးတော့ နောက်ဆုံးကျောင်းကော်မတီ ဥက္ကဋ္ဌနေရာကနေပြီးတော့ လက်မှတ်ထိုးပေးပြီးတော့ အေးအေးချမ်းချမ်းပဲ ပြီးဆုံးသွားပါတယ်။”

ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းလောက်ပဲ အချိန်နီးကပ်လာချိန်မှာ ဘာသာရေး အသွင်ဆောင် အကြမ်းဖက်မှုတွေဖန်တီးပြီး ရွေးကောက်ပွဲ ပျက်ပြားအောင် လုပ်ဆောင်လာမှာကို မလိုလားဘူးလို့လည်း အစ္စလာမ်ဘာသာရေး အဖွဲ့ချုပ်က ပြောပါတယ်။ ဒါကြောင့် ဘာသာရေး အကြောင်းပြ ပဋိပက္ခ အကြမ်းဖက်မှုတွေ မဖြစ်အောင် အစ္စလာမ်ဘာသာရေးအဖွဲ့ချုပ်အနေနဲ့ အတတ်နိုင်ဆုံး ပြေလည်အောင် ဖြေရှင်းနေကြပါတယ်လို့လည်း တာဝန်ရှိသူ ဦးကိုကိုလတ်ကပြောပါတယ်။

“ဒီရွေးကောက်ပွဲ အချိန်ကာလတွေနီးလာတာနဲ့အမျှ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကနေပြီးတော့ ဒါမျိုးတွေဖြစ်ဖြစ်ခြင်းကို အရေးယူပေးမယ် ဆိုရင်တော့ ပိုပြီးသင့်တော်မယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ အစ္စလာမ် ဘာသာတွေအနေနဲ့ပြောရမယ်ဆိုရင်တော့ အမြဲတမ်း ငြိမ်းငြိမ်းချမ်းချမ်းပဲ ကျနော်တို့ဖြေရှင်းပါတယ်။ ကျနော်တို့ သီးခံပါတယ်။ ဘယ်သူကဖြစ်ဖြစ် ကိုယ်ကပဲ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ကျနော်တို့က အရင်ဆုံးတောင်းပန် လိုက်တာပေါ့။ တောင်းပန်ပြီးတော့ အာဏာပိုင်ကိုတော့ အကြောင်းကြားပါတယ်။ အကြောင်းကြားပြီးတော့ အာဏာပိုင်နဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ပြီးတော့မှ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းတဲ့အထိပါပဲ။ ကျနော်တို့ကတော့ ဒေါသကို အရှည် မထားပါဘူး။ အဲဒီမှာ လူငယ်တွေကတော့ ပြောကြဆိုကြတာတို့၊ အင်တာနက်ထဲမှာ ရေးကြတာတို့ရှိကြတာပဲ၊ ဒါတွေကိုလည်း မလုပ်ဖို့ မကိုင်ဖို့နဲ့ ဒေါသ အလျှောက် မပြောမိဖို့ မဆိုမိဖို့ လည်း ကျနော်တို့ ဘာသာရေး အဖွဲ့အစည်းတွေကလည်း အဲဒီလူငယ်တွေကိုလည်း အမြဲပြောလေ့ပြောထ ရှိပါတယ်။”

ဒါပေမဲ့ မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင် ပဋိပက္ခတွေဖြစ်ပျက် ခဲ့ချိန်တိုင်း သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က အချိန်နဲ့ တပြေးညီ ဆောင်ရွက်မှုတွေ အားနည်းခဲ့တဲ့ အတွက်ဒီလို တင်းမာမှုတွေဖြစ် လာချိန်မှာ လုံခြုံရေး တာဝန်ရှိသူတွေဘက်က ပြည်သူတွေရဲ့ အသက်အိုးအိမ် အန္တရာယ်မဖြစ်စေရေး လုံခြုံရေးယူပြီး စနစ်တကျအလေးအနက်ထား စီစဉ်ဆောင်ရွက်ပေးသင့်တယ်လို့လည်း မေတ္တာရပ်ခံပါတယ်။

“ကျနော့်အနေနဲ့ လုံခြုံရေး တာဝန်ယူတဲ့လူတွေကို အကြံပြုချင်တာ ကတော့ ဖြစ်ဖြစ်ချင်း ကို အမြန်ဆုံးလုပ်ပေးဖို့ပေါ့။ ကျနော်တို့ မိတ္တလာမှာ ဖြစ်ခဲ့တဲ့ ကလေးတွေ အသက်ဆုံးရံှူးခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက လုံခြုံရေးတွေ အချိန်မှီ မရောက်လာလို့ ကျနော်တို့ စာသင်ကျောင်းက ကလေးတွေ အသက် ဆုံးရှံးခဲ့ရပါတယ်။ ဒါမျိုးကို နောက်ထပ်မဖြစ်ဖို့အတွက်ကို ဘယ်နေရာမှာ၊ ဘယ်ဒေသမဆို တခုခု ဖြစ်တော့မယ်ဆိုရင် လုံခြုံရေးက အရင်ဆုံး ချထားပြီးတော့မှ ဖြေရှင်းတာ ပိုကောင်းမယ်လို့ အကြံပြုချင်ပါတယ်။”

ဒီအကြောင်းနဲ့ပတ်သက်လို့ သာကေတမြို့နယ် အုပ်ချုပ်ရေးမှူး တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

အခုလို ရွေးကောက်ပွဲကြီး ကျင်းပဖို့ ရက်ပိုင်းလောက်ပဲ နီးကပ်လာချိန်မှာ အတိုက်အခံ နိုင်ငံရေးပါတီ အပေါ် ဘာသာရေး အသွင်ဆောင် စည်းရုံးလှုံ့ဆော် တိုက်ခိုက်မှုတွေ ရှိနေသလို၊ မြန်မာနိုင်ငံတွင်းမှာလည်း မကြာသေးခင်နှစ်ပိုင်းတွေက လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင် အဓိကရုဏ်းတွေဖြစ်ခဲ့ပြီး လူသေဆုံးမှု အထိ ဖြစ်ခဲ့ရသလို နှစ်ဘက်လူ့အဖွဲ့အစည်းကြား ပျက်ဆီးဆုံးရှုံးမှုတွေလည်း ရင်ဆိုင်ခဲ့ရပါတယ်။

XS
SM
MD
LG