သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TikTok အသုံးပြုခွင့် အမေရိကန်မှာ စတင်တားမြစ်


TikTok အသုံးပြုခွင့် တားမြစ်  (AP Photo/Jeff Chiu)
TikTok အသုံးပြုခွင့် တားမြစ်  (AP Photo/Jeff Chiu)

အမေရိကန်မှာ လူပေါင်းသန်း ၁၇၀ လောက် သုံးနေကြတဲ့ TikTok ကို အသုံးပြုခွင့် တားမြစ်တဲ့ ဥပဒေ ဒီနေ့ကစ အသက်ဝင်သွားပါပြီ။ ဥပဒေ စတင်အသက်ဝင်မယ့်နေ့ မတိုင်ခင် စနေနေ့ နှောင်းပိုင်းမှာကတည်းက Apple နဲ့ Google App stores တွေမှာလည်း မရှိတော့ပါဘူး။

ရွေးကောက်ခံသမ္မတ Donald Trump ကတော့ မနက်ဖြန် တနင်္လာနေ့မှာ သမ္မတအဖြစ် စတင်တာဝန်ယူတဲ့အခါ TikTok ကို တားမြစ်တဲ့ ဥပဒေကို ရက်ပေါင်း ၉၀ ဆိုင်းငံ့ထားဖို့ သေချာသလောက် ရှိတယ်လို့ မနေ့ကပဲ ပြောခဲ့တာပါ။ တရုတ်နိုင်ငံက ByteDance ကုမ္ပဏီပိုင် TikTok ကတော့ အမေရိကန်မှာ အသုံးပြုခွင့် တားမြစ်တဲ့ ဥပဒေ စတင်ကျင့်သုံးတော့မှာ ဖြစ်ပေမဲ့ ရွေးကောက်ခံ သမ္မတထရမ့်က ပြန်အသုံးပြုခွင့်ရမယ့် နည်းလမ်းရှာဖို့ ရည်ရွယ်ထားတာကြောင့် နားစွင့်ထားကြဖို့ တိုက်တွန်းထားပါတယ်။

ByteDance ကုမ္ပဏီကပဲ ပိုင်ဆိုင်တဲ့ ဗွီဒီယိုတည်းဖြတ်တဲ့ Capcut နဲ့ လူမှုဆက်ဆံရေး Lemon8 Apps တွေဟာလည်း မနေ့နှောင်းပိုင်းမှာကတည်းက အမေရိကန် App stores တွေကနေ ဖြုတ်ချလိုက်ပါပြီ။ TikTok အသုံးပြုခွင့် တားမြစ်ဖို့ မနှစ်တုန်းက အတည်ပြုခဲ့တဲ့ ဥပဒေကို ပြီးခဲ့တဲ့ သောကြာနေ့မှာပဲ အမေရိကန် တရားရုံးချုပ်ကလည်း တခဲနက် အတည်ပြုခဲ့တာပါ။

အမေရိကန် အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်လာမယ့် စိုးရိမ်မှုတွေကို ဖြေရှင်းဖို့ တရုတ်နိုင်ငံက မိခင်ကုမ္ပဏီနဲ့ အဆက်ဖြတ်ဖို့ ဒါမှမဟုတ်ရင်တော့ အမေရိကန်က လုပ်ငန်းတွေကိုရပ်ဖို့ ဒီကနေ့ တနင်္ဂနွေနေ့ နောက်ဆုံးရက် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဝါရှင်တန်အခြေစိုက် တရုတ်သံရုံးကတော့ အမေရိကန်က နိုင်ငံတော်အာဏာကိုသုံးပြီး TikTok ကို ဖိနှိပ်တဲ့လုပ်ရပ်အဖြစ် တုံ့ပြန်ထားပါတယ်။

Forum

XS
SM
MD
LG