သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သားအသုံးပြုမှုစာရင်းထဲ မြန်မာကိုမထည့်တဲ့အတွက် Tillerson ဝေဖန်ခံရ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson

၂၀၀၈ ခု၊ ကလေးစစ်သားများကာကွယ်ရေးအသုံးပြုမှု ဥပဒေအရ ကမ္ဘာတဝှမ်း ကလေး စစ်သား အသုံးပြုတဲ့နိုင်ငံတွေစာရင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ် ထုတ်ပြန်ရပါတယ်။ ၂၀၁၇ ခုနှစ်အတွက် ထုတ်ပြန်တဲ့စာရင်းမှာ မြန်မာ၊ အာဖဂန်နစ္စတန်နဲ့ အီရတ်တို့ကို ထည့်သွင်းခြင်းမပြုဖို့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ဆုံးဖြတ်ခဲ့တဲ့ အတွက် နိုင်ငံခြားရေးဌာနအတွင်းမှာ မကျေနပ်တဲ့တိုင်တန်းချက်တွေ ထွက်လာခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

CSPA လို့အတိုကောက်ခေါ်တဲ့ ကလေးစစ်သားများအသုံးပြုမှုဟန့်တားရေးဥပဒေကို ၂၀၀၈ ခုက ပြဌာန်းခဲ့ပြီး ၂၀၀၉ ခု၊ ဇွန်လမှာ စတင် အာဏာသက်ရောက်လာခဲ့တာပါ။ ဒီဥပဒေ အရ အမေရိကန် နိုင်ငံခြားရေးဌာနက နှစ်စဉ်ထုတ်ပြန်တဲ့ TIP ခေါ် လူကုန်ကူးမှု အစီရင် ခံစာမှာ အစိုးရစစ်တပ်၊ ဒါမှမဟုတ် အစိုးရထောက်ခံတဲ့ လက်နက်ကိုင်အင်အားစုတွေက ကလေးစစ်သားတွေစည်းရုံးမှု၊ အသုံးပြုမှုတို့ကို ပြုလုပ်နေတဲ့ နိုင်ငံတွေရဲ့စာရင်းကို ထုတ်ပြန်ရမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနက ဇွန်လက ထုတ်ပြန်ခဲ့တဲ့ ၂၀၁၇ လူကုန်ကူးမှုအစီရင်ခံစာမှာ ကမ္ဘာတဝှန်းကလေးစစ်သားများအသုံးပြုတဲ့နိုင်ငံတွေစာရင်းကို ဖော်ပြရာမှာ မြန်မာ၊ အီရတ်နဲ့ အာဖဂန်နစ္စတန်တို့ကို စာရင်းထဲမှာထည့်သွင်းထားခြင်း မပြု ပါဘူး။ ကမ္ဘာတဝှန်းရှိသံရုံးတွေနဲ့ ထိပ်တန်း အမေရိကန်အစိုးရအရာရှိတွေ ပြုစုပေးပို့တဲ့ အချက်အလက်တွေအရ ဒီသုံးနိုင်ငံမှာ ကလေးစစ်သားတွေအသုံးပြုမှုရှိပြီး စာရင်းမှာ ထည့် သွင်းဖို့ အကြံပြုထားပေမယ့် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က အချက်အလက်တွေ ကို လေ့လာပြီး မထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဇွန်လမှာ လူကုန်ကူးမှု အစီရင်ခံစာ ထုတ်ပြန်ပြီး ကလေးစစ်သားအသုံးပြုမှု နိုင်ငံတွေစာရင်းထဲမှာ အဆိုပြုတဲ့ ၁၁ နိုင်ငံအနက် မြန်မာ၊ အီရတ်နဲ့ အာဖဂန်နစ္စတန်တို့ကို ထည့်သွင်းထားခြင်းမရှိတဲ့အတွက် နိုင်ငံခြားရေးဌာနရဲ့ သဘောထားကွဲပြားမှုကို တင်ပြနိုင်တဲ့နည်းကိုသုံးပြီး အခုလို နိုင်ငံခြားရေးဌာနအရာရှိ တဒါဇင်လောက်က မကျေနပ်ချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Heather Nauert က နိုဝင်ဘာ ၂၁ ရက်၊ အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ဖြေကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံအပြင် အီရတ်နဲ့အာဖဂန်နစ္စတန်တို့ကို လေ့လာရာမှာ နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ ဒီနိုင်ငံတွေကို စာရင်းမှာမထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့တာက သူလက်ခံရရှိတဲ့ သတင်း အချက်အလက်တွေဟာ ခိုင်လုံတယ်လို့ ယူဆလို့ဖြစ်ပါတယ်။ အချက်အလက်အားလုံးကို သူပြန်လေ့လာ သုံးသပ်ပြီး ဥပဒေနဲ့အညီ ဒီနိုင်ငံတွေကို မထည့်သွင်းသင့်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို သူချမှတ်ခဲ့တာဖြစ်ပါတယ်”- လို့ ပြောခွင့်ရပုဂ္ဂိုလ် Ms. Nauert က ဖြေကြားသွားတာပါ။

အခုလို မြန်မာအပါအဝင် သုံးနိုင်ငံကို ထည့်သွင်းထားခြင်းမရှိတာကလည်း ရရှိတဲ့ အချက်အလက်တွေပေါ်မှာ မူတည်တယ်လို့ Ms. Nauert က ပြောပါတယ်။

“နိုင်ငံတွေကို စာရင်းပြုဖို့ သတ်မှတ်ရာမှာ သတင်းအချက်အလက်တွေ အများကြီး လက်ခံ ရရှိပါတယ်။ NGOs တွေထံက၊ တခါတရံလည်း သံရုံးတွေထံက၊ တခါတရံလည်း ထောက်လှမ်းရေးသတင်းရပ်ကွက်တွေထံက အမျိုးမျိုးပါပဲ။ အချက်အလက်တွေ အများကြီး လက်ခံရရှိပြီး နိုင်ငံခြားရေးဌာနက လေ့လာစိစစ်တာပါ။ မှန်ကန်တယ်၊ ခိုင်လုံတယ် ဆိုတာ ကို သေချာအောင်လုပ်ပါတယ်” - လို့ Ms. Nauert က ဖြေကြားခဲ့တာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က မကြာသေးမီက အာဆီယံညီလာခံကြီး အပြီး မြန်မာနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ ထိုစဉ် မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ရာမှာ ဒီကလေးစစ်သားအကြောင်းနဲ့ ပတ်သက်လို့ ဆွေးနွေးကောင်း ဆွေးနွေးဖွယ်ရှိတယ်လို့ Ms. Nauert က ဖြေကြားခဲ့ ပါတယ်။

“မြန်မာနိုင်ငံမှာရောက်ရှိစဉ် အရေးကြီးတဲ့ကိစ္စရပ်တွေကို အများကြီးဆွေးနွေးခဲ့ပါတယ်။ လက်ငင်း အရေးကြီးတဲ့ ကိစ္စရပ်တွေဖြစ်တဲ့ ရိုဟင်ဂျာ ၆ သိန်းကျော်တို့ နိုင်ငံကနေ အတင်း အဓမ္မထွက်ပြေးရတဲ့ဖြစ်ရပ်၊ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတဲ့ဖြစ်ရပ်၊ ကလေးတွေ အသတ်ခံရတဲ့ဖြစ်ရပ်-စသဖြင့်တို့ပါ။ ဒီအကြောင်းတွေကိုလည်း သိကြပြီးဖြစ်ပါတယ်။ ဒီကလေးစစ်သားကိစ္စနဲ့ပတ်သက်လို့တော့ ထည့်သွင်းဆွေးနွေးနိုင်ဖွယ်ရှိပါတယ်။ သံတမန်ရေးဆွေးနွေးမှုတွေဖြစ်လို့ အသေးစိတ်ကို ကျမ အားလုံးမသိပါဘူး။ ဒါပေမယ့် ဒီလိုမျိုးကိစ္စရပ်တွေကို ကမ္ဘာတဝှန်းနိုင်ငံတွေနဲ့ ကျမတို့ဆွေးနွေးရာမှာ ပုံမှန်အားဖြင့် ထည့်သွင်းဆွေးနွေးလေ့ရှိပါတယ်။”- လို့ Ms. Nauert က ဖြေကြားသွားပါတယ်။

ဒါ့အပြင် နိုင်ငံတနိုင်ငံချင်းစီမှာ ကလေးစစ်သားအသုံးပြုမှုနည်းတယ်၊ အတည်မပြုနိုင်ဘူး၊ ကလေးစစ်သားအသုံးပြုမှုပပျောက်ရေး ကြိုးပမ်းမှုမှာ တိုးတက်မှုရရှိတာကိုလည်း ထည့်သွင်းစဉ်းစားတဲ့အကြောင်းနဲ့ ကလေးစစ်သားအသုံးပြုမှုကို အမေရိကန်ပြည်ထောင်စု အနေနဲ့ မုန်းတီးရှုတ်ချတဲ့အကြောင်းလည်း Ms. Nauert က ပြောသွားပါတယ်။

၂၀၀၈ ကလေးစစ်သားများအသုံးပြုမှုဟန့်တားရေးဥပဒေအရ အသက် ၁၈ နှစ်အောက် အရွယ်မရောက်သေးသူတွေကို ကလေးစစ်သားအဖြစ် စည်းရုံးခြင်း၊ တပ်ထဲသွင်းခြင်း၊ အဓမ္မခိုင်းစေခြင်းမရှိဘူး-ဆိုတာကို ပြသနိုင်မှ စာရင်းထဲက ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ကလေးစစ်သားများအသုံးပြုမှုကို မြန်မာ့တပ်မတော်အပြင် တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့တွေက အသုံးပြုနေကြဆဲရှိတယ်ဆိုတာကို ကုလသမဂ္ဂ အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြခဲ့ကြတာတွေ ရှိပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံကို ဒီစာရင်းထဲမှာ ထည့်သွင်းထားခြင်းမပြုဖို့ ဝန်ကြီး Tillerson ရဲ့ ဆုံးဖြတ်ချက်ဟာ ၂၀၀၈ ဥပဒေကို ချိုးဖောက်ရာရောက်နိုင်တယ်လို့ မကျေနပ်သူတွေက ထောက်ပြခဲ့ကြပါတယ်။

၂၀၁၆ ခုနှစ်၊ သမ္မတ ဘာရက်အိုမားဘားလက်ထက်ကတော့ ဒီစာရင်းထဲမှာ မြန်မာ ပါဝင် ခဲ့ပေမယ့် သမ္မတရဲ့လုပ်ပိုင်ခွင့်အာဏာအရ ကင်းလွတ်ခွင့်ကိုပေးခဲ့တာဖြစ်ပါတယ်။ ဒီနှစ် ကလေးစစ်သားများအသုံးပြုတဲ့ နိုင်ငံတွေစာရင်းမှာတော့ ကွန်ဂို၊ နိုင်ဂျီးရီးယား၊ ဆိုမာ လီယာ၊ တောင်ဆူဒန်၊ မာလီ၊ ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင်တို့ ပါဝင်ကြပါတယ်။

Tillerson over Child Soldier
please wait

No media source currently available

0:00 0:05:36 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG