သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွေးနွေးပွဲဖြစ်ဖို့ မြောက်ကိုရီးယားအပေါ် တည်နေ - ကန်နိုင်ငံခြားရေးဝန်ကြီး


အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး Rex Tillerson

မြောက်ကိုရီးယား အနေနဲ့ အဓိပ္ပါယ်ရှိတဲ့ စေ့စပ်ဆွေးနွေးမှုလုပ်ဖို့ အဆင်သင့် ဖြစ်တယ်ဆိုတာကို ပြသမှသာ သူ့ရဲ့ နျူးကလီးယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည် အစီအစဉ်တွေ အရေး စေ့စပ်ဆွေးနွေးမှု ဖြစ်နိုင်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး Rex Tillerson က ဒီကနေ့ တနလာင်္နေ့မှာ ပြောဆိုလိုက်ပါတယ်။ ကွဲကွဲပြားပြား ဖြစ်ဖို့တော့ အချိန်စောလွန်းသေးတယ်လို့လည်း နိုင်ငံခြားရေး ၀န်ကြီး Tillerson က အီဂျစ်နိုင်ငံ ခရီးစဉ် အတွင်း ပြောဆိုခဲ့တာပါ။

အရင် ပြောဆိုထားတဲ့ အတိုင်းပါဘဲ မြောက်ကိုရီးယားဘက်က ရိုးရိုးသားသား၊ အဓိပ္ပါယ်ရှိတဲ့ နည်းလမ်းနဲ့ ညှိနှိုင်းဖို့ အဆင်သင့်ဖြစ်ပြီလို့ မြောက်ကိုရီးယားဘက်က ဆုံးဖြတ်မယ့် အပေါ်မှာဘဲ မူတည်ပါတယ်။ မြောက်ကိုရီးယား အနေနဲ့ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းမှာ ဘာရှိရမလဲ ဆိုတာကို သိထားပြီး ဖြစ်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက ပြောဆိုသွားတာပါ။ အီဂျစ် နိုင်ငံခြားရေး ၀န်ကြီး Sameh Shoukry နဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ၀န်ကြီး Tillerson က အခုလို ပြောဆိုသွားတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ တွေ့ဆုံ ဆွေးနွေးပွဲမှာတော့ အစ္စရေးလ်- ပါလက်စတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ဆီးရီးယားနဲ့ လစ်ဗျား အရေးတို့လို ဒေသတွင်း လုံခြုံရေး ကိစ္စတွေ ပါဝင်ပါတယ်။ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ အီဂျစ်နိုင်ငံ အပေါ် အမေရိကန်က အခိုင်အမာ ဆက်လက် ထောက်ပံ့ပေးနေတယ်ဆိုတာကို အီဂျစ် ပြည်သူတွေ ယုံကြည်မှု ရှိကြဖို့လည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက ပြောဆိုခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသ ၅ နိုင်ငံ ခရီးစဉ် အတွင်း အီဂျစ်နိုင်ငံကို ပထမဆုံး ၀င်ရောက်တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးရဲ့ ခရီးစဉ် အတွင်းမှာ အီဂျစ် သမ္မတ Abdel Fattah el-Sissi နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒီနောက်မှာတော့ ဂျော်ဒန်၊ တူရကီ၊ လက်ဘနွန်နဲ့ ကူဝိတ်နိုင်ငံ တို့ကို ခရီးဆက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG