သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘယ်အချိန် ဖွဲ့စည်းပုံ ပြင်သင့်သလဲ


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အတူ ၈၈ ပွင့်လင်းအဖွဲ့အစည်းတို့ ပူးပေါင်းလှုပ်ရှားနေကြစဉ် (၂၀၁၄ ခုနှစ်)
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အတူ ၈၈ ပွင့်လင်းအဖွဲ့အစည်းတို့ ပူးပေါင်းလှုပ်ရှားနေကြစဉ် (၂၀၁၄ ခုနှစ်)

ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရှမ်းပြည် ညီညွတ်ရေးကော်မတီ အစည်းအဝေး တစ်ရပ် ကျင်းပပါတယ်။ အဲဒီ အစည်းအဝေးကို ရှမ်းနိုင်ငံရေးပါတီတွေ၊ ရှမ်းလက်နက်ကိုင် အင်အားစုတွေ၊ ပြည်တွင်း ပြည်ပ ရှမ်းအဖွဲ့အစည်းတွေ တက်ရောက်ကြပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ရဲ့ ဥက္ကဌ လည်းဖြစ်၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်ကြီးလည်း ဖြစ်တဲ့ ဦးခွန်ထွန်းဦးက အဖွင့်အမှာစကား ပြောပါတယ်။ အဲဒီ မိန့်ခွန်းမှာ ဦးခွန်ထွန်းဦးက လက်ရှိ ကာလ အစိုးရ နှစ်ဖွဲ့လိုလို ဖြစ်နေတာ၊ ပြည်ထောင်စု လွှတ်တော်ရဲ့ သဘောထားနဲ့ ဆန့်ကျင်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ချို့ကို အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် ရှမ်းပြည်နယ် လွှတ်တော်က ဆုံးဖြတ်လိုက်တာ စတဲ့ အခြေအနေ အချက်အလက် တစ်ချို့ကို ထောက်ပြပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ လိုအပ်နေပြီလို့ ပြောဆိုခဲ့ပါတယ်။ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို မပြင်နိုင်သေးလို့ တိုင်းပြည်ဟာ အရင်ခေတ်တုန်းကလို ဒုံရင်းဒုံရင်း အခြေအနေကို ဆိုက်နေရတယ်လို့လဲ ဝေဖန်သွားပါသေးတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်သင့်သလား ဆိုတာ မေးခွန်း မဟုတ်ပေမယ့် ဘယ်အချိန်မှာ ပြင်ကြမလဲ ဆိုတာကတော့ အငြင်းပွားစရာပါ။ ခုတစ်ပတ် အဲဒီပြသနာအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း လက်ရှိ အခြေအနေမှာ အရင် စစ်အာဏာရှင်တွေ စိတ်ကြိုက်ရေးဆွဲသွားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ ဒါမှမဟုတ် အသစ် ပြန်ပြီး ရေးဆွဲဖို့ ဆိုတာကို ဘယ်သူမှ အငြင်းမပွားကြပါဘူး။ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆိုရင် ဖွဲ့စည်းပုံ စပြီး ပေါ်ပေါက်လာကတည်းက ဖွဲ့စည်းပုံပြင်ဖို့ သဘောထား ရှိခဲ့သလို၊ နောက်ပိုင်း ဖွဲ့စည်းပုံ ပြင်ရေး လှုပ်ရှားမှုကိုလည်း လုပ်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဝင်ဖို့ မဲဆွယ် စည်းရုံးတဲ့အခါမှာလည်း အင်န်အယ်လ်ဒီသာ အာဏာရလာရင် ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးစားသွားမယ်လို့ ပြည်သူတွေကို ကတိပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ သက်တန်း (၅)နှစ်တာကာလ ကို ပြန်ကြည့်ရင်လည်း ဖွဲ့စည်းပုံ ပြင်ရေးကို ငြင်းပယ်ခြင်း မပြုခဲ့ပါဘူး။ အလားတူ တပ်မတော်ခေါင်းဆောင်တွေဘက်ကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လက်ခံတယ် ဆိုပြီး ပြောဆိုထားခဲ့ပါတယ်။ ဒါပေမယ့် ဘာအချက်တွေကို ပြင်ရမလဲ၊ ဘယ်နည်းဘယ်ပုံ ပြင်ရမလဲ၊ ဘယ်အချိန်မှာ ပြင်သင့်သလဲ ဆိုတာကိုတော့ သဘောထား မတူညီကြပါဘူး။

ဖွဲ့စည်းပုံ ပြင်ရေးနဲ့ ပတ်သက်ရင် အရင် သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ တပ်မတော် တို့ သဘောထားခြင်း တူညီတာ တွေ့ရပါတယ်။ အဲဒါကတော့ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်မယ်၊ အပစ်ရပ်ထားတဲ့ အခြေအနေအောက်မှာ နိုင်ငံရေးကိစ္စတွေကို စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးကြမယ်၊ အဲဒီ ဆွေးနွေးလို့ ရလာတဲ့ ရလာဒ်တွေကို လွှတ်တော်ကနေ အတည်ပြုပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ အဲဒီအချိန် လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ အမတ်တွေကတော့ ဖွဲ့စည်းပုံထဲက အချက်အလက် တစ်ချို့ကို စောစောစီးစီး ပြင်ချင်ကြပါတယ်။ ဒီလိုနဲ့ လွှတ်တော်သက်တန်း ၅ နှစ်တာကာလ အတွင်း ဖွဲ့စည်းပုံ ပြင်ရေးကို ကြိုးစားကြပေမယ့် နောက်ဆုံး တပ်မတော်ဘက်က သဘောမတူတာကြောင့် မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပထမ အကြိမ် လွှတ်တော်ထဲ ရောက်သွားတဲ့ အင်န်အယ်လ်ဒီ ကလည်း ဖွဲ့စည်းပုံကို စောစောစီးစီး ပြင်ချင်တဲ့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြသပါတယ်။ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီက ပြင်ချင်တဲ့ အချက်တွေနဲ့ အဲဒီအချိန် သူရဦးရွှေမန်း ခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုး အုပ်စုဘက်က ပြင်ချင်တဲ့အချက်တွေ မတူကြပေမယ့် သူရဦးရွှေမန်းရဲ့ ဖွဲ့စည်းပုံပြင်ရေးလှုပ်ရှားမှုထဲ အင်န်အယ်လ်ဒီ က ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဒါလည်း အောင်မြင်မှု လုံး၀ မရခဲ့ပါဘူး။

အင်န်အယ်လ်ဒီ ပါတီ ၂၀၁၅ ရွေးကောက်ပွဲကို အနိုင်ရ၊ လွှတ်တော်ကို လွှမ်းမိုးပြီး အစိုးရဖြစ်လာတဲ့အခါ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ ပြောသံဆိုသံ သိပ်မကြားရတော့ပါဘူး။ ပြီးခဲ့တဲ့ မြန်မာ့နှစ်သစ်ကူးကာလ သမ္မတ ဦးထင်ကျော်ရဲ့ မိန့်ခွန်းထဲမှာ ဖွဲ့စည်းပုံ ကိစ္စ ထည့်သွင်းပြောဆိုတာကလွဲပြီး အခြားဘာ လှုပ်ရှားမှုမှ မတွေ့ကြရတော့ပါဘူး။ တစ်ချို့ နိုင်ငံရေး အကဲခတ်တွေကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သည်ပင်လျင်တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး NCA စာချုပ် လမ်းကြောင်း၊ ၂၁ ရာစု ပင်လုံညီလာခံ လမ်းကြောင်းအတိုင်း သွားပြီး အဲဒီက ရလာဒ်တွေ ထွက်လာတဲ့ အချိန်ကျမှ ဖွဲ့စည်းပုံပြင်ရေး အကောင်အထည် ဖော်တော့မယ်လို့ မှန်းဆ မှုတွေလည်း ရှိနေကြပါတယ်။ ဒီလို အခြေအနေမျိုးမှာ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးရဲ့ အခုလို ဝေဖန်ချက် ထွက်ပေါ်လာတာပါ။

ပွင့်ပွင့်လင်းလင်းပြောရရင် အရင် စစ်အာဏာရှင်တွေ ရေးဆွဲပေးသွားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ တိုင်းရင်းသား အချင်းချင်း သွေးကွဲစေတဲ့အချက်၊ ဒီမိုကရေစီနိုင်ငံ တည်ထောင်လို့ မရအောင် အကန့်အသတ် ဖြစ်စေတဲ့အချက်၊ တပ်မတော်ကို နိုင်ငံရေးထဲ ခြေလှမ်းတွေကျွံဝင်အောင် ဖျားယောင်း သွေးဆောင်ထားတဲ့အချက် စတာတွေ အများကြီး ပါဝင်နေပါတယ်။ အခြားတစ်ဖက်ကို ပြန်ကြည့်ရင် ဒီကနေ့အချိန်ဟာ အမျိုးသား ရင်ကြားစေ့ရေးကို ပြန်လည် တည်ဆောက်နေတဲ့အချိန်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပြန်ပြီး တည်ဆောက်နေရချိန်၊ ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းအားထုတ်နေရချိန်၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် အားကြိုးမာန်တက် ဆောင်ရွက်နေရချိန်လည်း ဖြစ်ပါတယ်။ အဲလို အကောင်အထည် ဖော်နေတဲ့ လုပ်ငန်းတွေ အောင်မြင်မှုရဖို့ ကိစ္စမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အချက်အလက်တွေက အဟန့်အတား ဖြစ်နေတယ် ဆိုတာကလည်း ငြင်းလို့ မရတဲ့ အချက်ပဲ ဖြစ်ပါတယ်။

တစ်နည်းပြောရရင် လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ NCA စာချုပ် လက်မှတ်ထိုး၊ ၂၁ ရာစု ပင်လုံညီလာခံတွေ တစ်ခုပြီး တစ်ခု ကျင်းပ၊ အဲဒီက အဖြေရလာမှ ရလာတဲ့ အချက်တွေကို ဖွဲ့စည်းပုံ ပြင်ရေး ဆိုတာ ဘယ်အချိန် ဘယ်ကာလမှ ဖြစ်နိုင်မယ် ဆိုတာ ဘယ်သူကမှ အတတ်မပြောနိုင်ပါဘူး။ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ကြည့်ရင် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ မရေရာ မသေခြာမှု ပိုများလာတာကိုတောင် တွေ့နိုင်ပါသေးတယ်။ တကယ့်လက်တွေ့ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းတိုင်ပင်နေတဲ့ ကိစ္စတွေ ပြေလည်မှု မရတာမှာလည်း အဲဒီ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကြောင့် ဖြစ်ရတဲ့အချက် အများကြီး ပါဝင်နေတာကိုလည်း သတိပြုမိနိုင်ပါတယ်။ အလားတူ အခြားသော တိုင်းပြည် တည်ငြိမ်ရေး၊ ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေး ကိစ္စတွေမှာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အဟန့်အတားဖြစ်စေတာ နေရာအတော်များများမှာ မြင်တွေ့နိုင်ပါတယ်။

ဒီအတွက် သေခြာတာ တစ်ခုကတော့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ပြသနာ အတော်များများ ပြေလည်ဖို့၊ တိုင်းပြည် စီးပွားဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မြန်မြန်ပြင်နိုင်လေ ကောင်းလေပါပဲ။ ဒီအတွက်လည်း သိပ်ပြီး ခက်ခဲတာတော့ မဟုတ်ပါဘူး။ လက်ရှိဖွဲ့စည်းပုံကို အင်န်အယ်လ်ဒီ နဲ့ တပ်မတော်ကသာ သဘောတူရင် ဘယ်အချက်ကို မဆို ပြင်နိုင်ကြပါတယ်။ အနိမ့်ဆုံးအဆင့် လက်ရှိ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ အောင်မြင်မှုရစေဖို့၊ ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရေးမှာ တပ်မတော်ကို နိုင်ငံရေးထဲ ခြေလှမ်းတွေကျွံဝင်အောင် ဖျားယောင်း သွေးဆောင်ထားတဲ့အချက် အပါအဝင် ဥပဒေပုဒ်မ ၃-၄ ခုလောက်ကို ပြင်ဆင်နိုင်ပြီ ဆိုရင် တိုင်းပြည်အနာဂတ် ပိုကောင်းလာမှာ သေခြာပါတယ်။ ဒီအတွက် နိုင်ငံနဲ့ တိုင်းရင်းသား ပြည်သူတွေအပေါ် စေတနာကောင်း ထားပြီး အင်န်အယ်လ်ဒီ နဲ့ တပ်မတော် ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးတွဲကော်မတီလိုမျိုး စနစ်တကျ ဖွဲ့စည်းပြီး လက်ရှိအချိန်ကစ အကောင်အထည်ဖော် ဆောင်ရွက်သွားသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဘယ်အချိန် ဖွဲ့စည်းပုံ ပြင်သင့်သလဲ
please wait

No media source currently available

0:00 0:06:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG