သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Time မဂ္ဂဇင်း နိုင်ငံတကာအနာဂတ်လူငယ်ခေါင်းဆောင်၁ဝ ဦးထဲ မဝေဝေနု ပါဝင်


 မဝေဝေနု (Credit- Times Magazine)
မဝေဝေနု (Credit- Times Magazine)

၂၀၁၇ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ထုတ် အထင်ကရ Time Magazine မှာ နောင်တခေတ်မှာ ခေါင်းဆောင်ဖြစ်လာမယ့် လူငယ်၁၀ ဦးတို့ရဲ့ အမည်တွေကို ဖော်ပြထားရာမှာ မြန်မာနိုင်ငံက မဝေဝေနုလည်း ပါဝင်ပါတယ်။ မဝေဝေနုဟာ ရခိုင်ပြည်နယ်ဇာတိ ရိုဟင်ဂျာအမျိုးသမီးတဦး ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ထောင်မှလွတ်မြောက်ခဲ့ပြီးနောက်ပိုင်း Women Peace Network Arakan အဖွဲ့ တည်ထောင်သူ ဖြစ်သလို Justice for Women အဖွဲ့ကို ပူးတွဲ မတည်ခဲ့သူလည်းဖြစ်ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက အမျိုးသမီးငယ်တွေအတွက် ပညာသင်ကြားခွင့်နဲ့ ဥပဒေ ရေးရာတွေမှာ အခမဲ့အကျိုးဆောင်ပေးခြင်းနဲ့ အမျိုးသမီးငယ်တွေရဲ့ ဘဝမြင့်မားအောင် ကြိုးပမ်းဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။ မဝေဝေနုဟာ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ် ဦးကျော်မင်းရဲ့ သမီးဖြစ်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူလည်း ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုက နာမည်ကျော် Times Magazine ဖော်ပြထားတာကို မခွာညိုက ပြောပြပေးပါမယ်။

မြန်မာပြည်တွင်းက တခြား ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနည်းတူ စစ်အစိုးရ အုပ်ချုပ်တဲ့ခေတ်မှာ ဝေဝေနုနဲ့ သူ့မိသားစုဟာ ယုံကြည်ချက်ကြောင့် ကျခံရတဲ့ အကျဉ်းသားတွေဖြစ်ခဲ့ရပါတယ်။ မဝေဝေနု အသက် ၁၈ နှစ်အရွယ်မှာ ၁၉၉၀ ရွေးကောက်ခံ ကိုယ်စား လှယ်ဖြစ်တဲ့ ဖခင်ဦးကျော်မင်းနဲ့တကွ မိသားစုဝင်အားလုံးကို ဖမ်းဆီးခံခဲ့ရချိန်မှာ သူလည်း ပါဝင်ခဲ့ကြောင်း Time Magazine ရဲ့ ဝဘ်ဆိုက်စာမျက်နှာမှာ အခုလို ဖော်ပြထားပါတယ်။

“ကျမ အသက် ၁၈ နှစ်မှာ ကျမအဖေ၊ တခြား မိသားစုဝင်သုံးဦးနဲ့အတူ အဖမ်းခံခဲ့ရပါတယ်။ တရားသူကြီးက ထောင်ဒဏ် ၁၇ နှစ် ချမှတ် လိုက်ကြောင်း စီရင်ချက်ချသံ ကြားလိုက်ရတဲ့အချိန်မှာ ကျမ တုန်လှုပ်သွားပါတယ်။ တရားမျှတမှုမရှိဘူးလို့လည်း တွေးမိပါတယ်။ ဘာလို့လဲ ဆိုတော့ ကျမတို့ဟာ မျှတတဲ့ ကြားနာစစ်ဆေးမှုကို မရခဲ့ကြပါဘူး၊ ကျမတို့အတွက် ဥပဒေအကျိုးဆောင်လည်း ငှားရမ်းခွင့် မရခဲ့ကြပါဘူး။ ထောင်ထဲရောက်တော့ ကျမလိုပဲ တခြား အမျိုးသမီးငယ်တွေဟာ ရာဇဝတ်မှုကျူးလွန်ထားတာမရှိဘဲ ထောင်ဒဏ်အပြစ်ပေးခံထားရပြီး တကယ်တန်းမှာ သူတို့ဟာ နိုင်ငံရေးနဲ့ စီးပွားရေးစနစ်ဆိုးအရ သားကောင်ဖြစ်နေကြသူတွေဆိုတာကို တွေ့လိုက်ရတဲ့အတွက် အရမ်းကို တုန်လှုပ်ခဲ့ရပါတယ်။ သူတို့ဟာ ဆင်းရဲတဲ့အတွက်ကြောင့် ဒီနေရာကို ရောက်လာကြရသူတွေဖြစ်တယ်လို့ သိလိုက်ရတော့ ကျမက ကံကောင်းတယ်လို့ တွေးလိုက်မိပါတယ်။ အဲဒီအချိန်ကတည်းကစပြီး တိုင်းပြည်ကို နိုင်ငံရေးအပြောင်းအလဲဖြစ်အောင် ကြိုးပမ်းရာမှာ စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။” လို့ Time Magazine ကို မဝေဝေနုက ပြောသွားခဲ့ပါတယ်။

အသက် ၃၀ သာရှိသေးတဲ့ မဝေဝေနုဟာ လူ့အခွင့်အရေးအကြောင်း၊ တန်းတူညီမျှ အကျိုးခံစားခွင့်အကြောင်းတွေကို သူ့ရဲ့ဇာတိ ရခိုင်ပြည် နယ်ထဲက လူတွေကို သင်ကြားပေးရင်း သူ့ရဲ့ အချိန်အတော်များများကို ကုန်လွန်စေပါတယ်။

သူကိုယ်တိုင်လည်း ရိုဟင်ဂျာအမျိုးသမီးတဦး ဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာမှာ နိုးကြားမှုရရှိစေအောင် ဆောင်ရွက်ပေးခဲ့သူတဦးလည်းဖြစ်ပါတယ်။

ထောင်ဒဏ် ၇ နှစ်ကျခံခဲ့ရပြီး ၂၀၁၂ ခုနှစ် သူမ ထောင်က ပြန်လွတ်လာချိန်မှာ သူသင်ယူဆဲ ဥပဒေပညာကို ပြီးဆုံးအောင်ဆက်လက် သင် ယူခဲ့ပြီး ပြည်တွင်းစစ်နဲ့ ယုံကြည်ချက်ကြောင့် ခွဲခြားဆက်ဆံခံရမှုတွေနဲ့ နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းနေတဲ့ တိုင်းပြည်ကို ဒီမိုကရေစီရေး တိုးမြင့်အောင်ဆောင်ရွက်ဖို့ စတင်အားထုတ်ခဲ့ပါတယ်။

ထောင်ထဲမှာ အပြစ်မရှိဘဲ ထောင်ကျနေကြသူတွေကို တွေ့တော့ တိုင်ပြည်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးပုံစံကို တကယ်အပြောင်းအလဲဖြစ်စေမယ့် အလုပ်တခုခုကို လုပ်မှဖြစ်မယ်ဆိုတာကို ကျမ နားလည်လာခဲ့တဲ့အကြောင်း Time Magazine ကို ပြောပါတယ်။

၂၀၁၂ ခုနှစ်မှာ ထောင်မှလွတ်မြောက်ခဲ့ပြီးနောက်ပိုင်း Women Peace Network Arakan အဖွဲ့ တည်ထောင်သူ ဖြစ်သလို အမျိုးသမီးများ အတွက် တရားမျှတရေး “Justice for Women” အဖွဲ့ကို ပူးတွဲမတည်ခဲ့သူလည်းဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းမှာ သူဟာ အမျိုးသမီးငယ်တွေအတွက် ဥပဒေရေးရာကိစ္စတွေမှာ အခမဲ့ အကျိုးဆောင်ပေးတာနဲ့ ပညာသင်ခွင့်-စတဲ့ ကိစ္စတွေကို ဆောင်ရွက်ပေးပြီး မိန်းကလေးတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးဖို့ ဆောင်ရွက်ပေးတဲ့အကြောင်း သူက ပြောပါတယ်။

“ကျမအနေနဲ့ အမျိုးသမီးတွေရဲ့ power အင်အားကို ယုံကြည်တယ်။ အမျိုးသမီးတွေကို ယုံကြည်တယ်ဆိုတဲ့အခါကျတော့ ကျမတို့ လုပ်နေတာက အခုနပြောသလို အမျိုးသမီးတွေကို အသိပညာပေးမှုတွေ။ နောက်တခုက အမျိုးသမီးတွေကို အသိပညာပေးတဲ့အခါမှာဆိုရင် Justice for Women အနေနဲ့ဆိုရင် ဥပဒေပိုင်းဆိုင်ရာ အသိပညာပေးမှု။ ဥပမာ-လိင်ပိုင်ဆိုင်ရာ စော်ကားခံရတယ်ဆိုလို့ရှိရင် ဘယ်လိုမျိုး ဖြေရှင်းမလဲပေါ့။ ဘယ်လိုဆိုရင် လိင်ပိုင်ဆိုင်ရာ စော်ကားခံနေရတာလဲ။ နှုတ်ပိုင်းဆိုင်ရာ၊ နောက်ပြီးတော့ ကိုယ်ထိလက်ရောက် စော်ကားခံရတာ၊ နှုတ်နဲ့ စော်ကားခံရတာ စသဖြင့် အဲဒီလိုဟာမျိုးတွေကိုလည်း အသိပေးတယ်။ နောက်ပြီးတော့ အဲဒီလို ဖြစ်လာရင် ဘယ်လိုမျိုး ဖြေရှင်းမလဲပေါ့။ အမျိုးသမီးဖြစ်နေလို့ တရားမျှတမှုရရှိတဲ့နေရာမှာ အားနည်းနေတဲ့ဟာတွေကို ဥပဒေပိုင်းဆိုင်ရာ ပညာပေးမှု၊ ဘယ်လို၊ ဘယ်လို channel တွေက သွားလိုရလဲပေါ့။ ကျမတို့ အခု Justice for Women ဆိုလို့ရှိရင် ရှေ့နေအမတွေနဲ့ထောင်ထားတာပေါ့နော်၊ ရှေ့နေအမတွေက အရမ်းတော်တယ်၊ Free legal consultation လိုဟာမျိုးတွေ ပေးပါတယ်။ နောက်ပိုင်းကျရင် ကျမတို့ legal aid - တရားရေးဆိုင်ရာ ဝန်ဆောင်မှု အခမဲ့ပေးတာတွေပါ လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။”

မဝေဝေနုဟာ သမ္မတဟောင်း ဘုရှ်တည်ထောင်ထားတဲ့ George Bush Center က ပြုလုပ်တဲ့ လွတ်လပ်မှုနဲ့ခေါင်းဆောင်မှု ၂၀၁၅ သင်တန်းရဲ့ ကျောင်းဆင်းတဦးလည်း ဖြစ်တဲ့အပြင် Foreign Policy မဂဇ္ဇင်းရဲ့ ၂၀၁၅ ခုနှစ် ထိပ်တန်း နိုင်ငံတကာတွေးခေါ်ပညာရှင် စာရင်းထဲမှာလည်း ပါဝင်သူ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဘီဘီစီရဲ့ ထိပ်တန်းအမျိုးသမီးများ ၁၀၀ စာရင်းမှာလည်း မဝေဝေနုဟာ စာရင်းဝင်ဖြစ်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်က မဝေဝေနုဟာ အမေရိကန်သမ္မတဟောင်း George W. Bush ရဲ့ Bush Institute က ပြုလုပ်တဲ့ လူငယ်ဖိုရမ် တနှစ်ပြည့် အခမ်းအနားကို လာရင်း အိမ်ဖြူတော်မှာလည်း သမ္မတအိုဘားမားနဲ့အတူ တွေ့ဆုံခွင့်ရခဲ့ပါတယ်။

သူက သင်ကြားပေးနေတဲ့ ပြည်သူ့အခွင့်အရေးအတွက် ပြည်သူတွေရဲ့ ပါဝင်ဆောင်ရွက်မှုဆိုတာ ဘာလဲ ဆိုတဲ့ကိစ္စရပ်မျိုးကို - ဖွံ့ဖြိုးပြီး နိုင်ငံတချို့ကတော့ သိပ်ပြီး အခြေခံကျလွန်း၊ ခေတ်နောက်ကျလွန်းတယ်လို့ ယူဆကောင်းယူဆနိုင်ပါတယ်။ ဒါပေမယ့် မဝေဝေနုကတော့ ဒါဟာ အနာဂတ်အတွက် အရေးပါတဲ့ရင်းနှီးမြှုပ်နှံမှုအဖြစ် ရှုမြင်ပါတယ်။ လူငယ်တွေကို အဓိကအာရုံစိုက်တာဟာ မရှိမဖြစ် အရေးကြီးတဲ့ ကိစ္စရပ်ပါ - လုပ်သင့်လုပ်ထိုက်ပါတယ် - လို့လည်း သူက ပြောပါတယ်။

မဝေဝေနုအပါအဝင် ဖော်ပြထားတဲ့ လူငယ်ဆယ်ဦးဟာ ကန့်သတ်မှုတွေ၊ အတားအဆီးတွေကိုကျော်လွန်ပြီး လမ်းသစ်ကို ဖောက်ထွက်နိုင် သူတွေ ဖြစ်ကြောင်းနဲ့ သူတို့ရဲ့ကိုယ်ပိုင်အစွမ်းအစတွေကြောင့် မျှော်လင့်မထားတဲ့နေရာတွေကို ရောက်လာကြသူတွေဖြစ်ကြသလို ကမ္ဘာ ကြီးကိုလည်း ကောင်းမွန်တဲ့ဘက်ကနေ တိုးတက်ပြောင်းလဲစေတဲ့အကြောင်း Time Magazine မှာ ရေးသားဖော်ပြထားပါတယ်။

Time Magazine ရဲ့ “အနာဂတ်လူငယ်ခေါင်းဆောင်ဆယ်ဦး” စာရင်းထဲမှာ မြန်မာပြည်က မဝေဝေနုအပြင် ကျန် ကိုးဦးကတော့တောင်အာဖရိကနိုင်ငံက Trevor Noah ၊ El Salvador က Nayib Bukele ၊ အမေရိကန်ပြည်ထောင်စုက Tyler Oakley ၊ Nathan Chen နဲ့ Emily Weiss ၊ Belgium က Hanne Gaby Odiele ၊ Austria က Sebastian Kurz ၊ အင်္ဂလန်က Phoebe Waller-Bridge ၊ နိုင်ဂျီးရီးယား နိုင်ငံက Oscar Ekponimo တို့ ဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG