သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရအဖွဲ့ အပြောင်းအလဲ သတင်းထုတ်ပြန်ဖွယ်ရှိ


ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးကို မတ်လ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်က တွေ့ရစဉ်။
ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးကို မတ်လ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်က တွေ့ရစဉ်။

မြန်မာ ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်စာတင်သွင်းတဲ့ကိစ္စ အပါအဝင် အစိုးရဝန်ကြီးအဖွဲ့ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးမှာ ဒီနေ့ တနင်္လာနေ့မှာ အစည်းအဝေးတရပ် ကျင်းပပြီး သတင်းထုတ်ပြန်ပေးဖွယ် ရှိတယ်လို့ နိုင်ငံတော်သမ္မတရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ဗွီအိုအေကို ပြောပါတယ်။ ဦးတင်အောင်မြင့်ဦးဟာ ပြုပြင် ပြောင်းလဲရေး မလိုလားသူ၊ သဘောထားတင်းမာသူ၊ စီးပွားရေးလုပ်ငန်းတွေမှာ လက်သင့်ရာဦးစားပေးသူ အဖြစ် နံမည်ကြီးပြီး၊ သူ့ရဲ့ နှုတ်ထွက်မှုဟာ မြန်မာအစိုးရအတွက် ထူးကဲတဲ့ဖြစ်စဉ်တရပ် ဖြစ်တယ်ဆိုတဲ့ ရန်ကုန်သံတမန် သတင်းရပ်ကွက်ကို ကိုးကားပြီး မေလ ၆ ရက်နေ့ထုတ် Financial Times သတင်းစာမှာလည်း ဖော်ပြထားပါတယ်။ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးကနေ နှုတ်ထွက်ဖို့ စာတင်ထားတဲ့ သတင်းကို ဗွီအိုအေ မြန်မာပိုင်းက မနေ့က ထုတ်လွင့်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဗွီအိုအေက စုံစမ်း သိရှိရသမျှတွေကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မကြာခင်ရက်ပိုင်းကမှ စင်ကာပူနိုင်ငံမှာ ဆေးကုသမှုခံယူပြီး မြန်မာပြည်ကို ပြန်ရောက်လာတဲ့ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးဟာ လက်ရှိရာထူးကနေ နှုတ်ထွက်ဖို့ စာကို မေလ ၃ ရက်နေ့မှာ သမ္မတဆီ စာတင်ခဲ့တာ ဖြစ်တယ်လို့ အစိုးရနဲ့ နီးစပ်သူတွေက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဒီသတင်းကိုလည်း ဗွီအိုအေ မြန်မာပိုင်းက စနေနေ့ညပိုင်း အစီအစဉ်မှာ ထုတ်လွင့်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီကနေ့ ထပ်မံ စုံစမ်းသိရသလောက်ကတော့ နှုတ်ထွက်စာထဲမှာ ကျန်းမာရေးကြောင့် မပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ကျန်းမာရေးလည်း သိပ်မကောင်းသလို့ လည်ချောင်းမှာ ကင်ဆာလို၊ အဖုအကြိတ်မျိူး စစ်ဆေး တွေ့ရှိခဲ့တာကြောင့် ရာထူးကနေ အနားယူဖို့ နှုတ်ထွက်စာ တင်ထားတာ ဖြစ်တယ်လို့ အမည် မဖော်လိုသူ အစိုးရအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။ သူရဲ့ နှုတ်ထွက်စာကို လက်ခံမယ် လက်မခံဘူး ဆိုတာကတော့ သမ္မတ ဦးသိန်းစိန်အပေါ်မှာ မူတည်တယ် လို့လည်း ပြောပါတယ်။ ဦးတင်အောင်မြင့်ဦးဟာ အခု မှော်ဘီက ဘုန်းကြီးကျောင်းတကျောင်းမှာ ရဟန်းခံထားတယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

တခါ ဒီသတင်းနဲ့ ပတ်သက်လို့ သမ္မတ အကြံပေး တဦးဖြစ်တဲ့ ဦးကိုကိုလှိုင်ကိုလည်း ကျမ ဆက်သွယ် မေးကြည့်တော့ လက်ရှိ ဒီကနေ့ထိတော့ ဦးတင်အောင်မြင့်ဦး ရာထူးကနေ နုတ်ထွက်မယ် ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ဘာမှမသိရသေးဘူူးလို့ ဖြေပါတယ်။

"ကျနော်တို့တော့ ဘာမှ မသိသေးပါဘူးခင်ဗျ။ ကျနော်တို့လည်း နေပြည်တော်က မေလ ၁ ရက်နေ့က ပြန်လာတာပေါ့လေ။ အဲဒီအချိန်ထိတော့ ဘာမှ မကြားခဲ့ပါဘူး။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်းပဲ ဘာမှတော့ ပြောသံ ဆိုသံ မကြားမိပါဘူး။ ဒီလိုပဲ ဝက်ဘ်ဆိုက်တွေမှာရော၊ တခြား နေရာတွေမှာရော သတင်းတွေကတော့ ပြန့်နေတာပါပဲ။ ဒါမျိုး သတင်းတွေလည်း ပေါ်ပေါ်လာတတ်တာ ရှိတယ်။ ဟို . . . အတည်ပြုလို့လည်း မရဘူးပေါ့နော်။ ဒါပေမဲ့လည်း ကျနော်တို့ ဘာမှတော့ ရေရေရာရာ မသိပါဘူး။"

တကယ်တော့ မြန်မာနိုင်ငံမှာ ဒီလို သတင်းမျိူးတွေကို အတည်ပြုချက်ရဖို့ အတော် ခက်ခဲပါတယ်။ နိုင်ငံတော်သမ္မတရုံးတွေ၊ အစိုးရအဖွဲ့ရုံးက တာဝန်ရှိသူတွေဆီ ဆက်သွယ်ပေမဲ့လည်း အတည်ပြုချက် မရသလို ဘာမှ မသိရသေးဘူးလို့သာ ဖြေကြပါတယ်၊။ ဒီလို သတင်းမျိူးတွေကိုလည်း အုပ်ချုပ်သူ အစိုးရဘက်က ကြိုတင်အသိပေး ထုတ်ပြန်တဲ့ အစဉ်အလာလည်း
မရှိခဲ့ပါဘူး။

ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ အခု အစိုးရအဖွဲ့ထဲမှာ သဘောထား တင်းမာသူ တဦး ဖြစ်တယ်လို့ အများသုံးသပ်ထားတာမို့ ဒီသတင်းကို အတော်များများက စိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်။ ဦးတင်အောင်မြင့်ဦးနဲ့ တပ်မမှူး၊ တိုင်းမှူးဘဝမှာ ဆုံခဲ့ဖူးသူ တဦးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာနေတဲ့ စစ်သံမှူးဟောင်း ဦးအောင်လင်းထွဋ်ကတော့ သူသိတဲ့ ဦးတင်အောင်မြင့်ဦးရဲ့ စိတ်နေ သဘောထားတွေကို အခုလို ပြောပြပါတယ်။

"သီဟသူရ ဦးတင်အောင်မြင့်ဦး အနေနဲ့ ဒီအစိုးရထဲမှာတော့ နံပါတ်တစ် သဘောထား တင်းမာဆုံးလို့ ပြောရပါမယ်။ သူဟာစစ်တပ်ထဲမှာ နေစဉ်တုန်းကလည်း အင်မတန်မှ သဘောထား တင်းမာတဲ့သူ။ ကျနော်တို့ စစ်တပ်ထဲမှာတော့ အပြောအဆိုလည်း ကြမ်းတယ်။ အခုလည်း ကင်ဆာဖြစ်တယ်လို့ ကြားတာပဲ။ အခု ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ဝင်ဖို့ မဝင်ဖို့ ကိစ္စတွေ၊ နောက် ၂၀၀၉ ခုနှစ်က ဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ မလွှတ်ဖို့ကိစ္စ၊ နောက် မစ္စတာယက်တောနဲ့ ပြန်ဖမ်းတဲ့ ကိစ္စတွေ ရှိတယ်ဗျာ၊ နောက် ၂၀၁၀ ရွေးကောက်ပွဲအပြီး တပတ်အကြာမှ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတာ ဒါတွေဟာ သူတို့ပယောဂတွေ မကင်းပါဘူး ခင်ဗျ။

၂၀၁၁ ခုနှစ်လောက်က ကျနော် သိရသလောက်ပေါ့လေ အခု လက်ရှိသမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင် တော်တော်လေး စိတ်ခံစားပြီးတော့မှ အစည်းအဝေး ခန်းကနေပြီးတော့မှ ဆွဲခေါ် ထုတ်သွားခဲ့ရတဲ့ အနေအထားမျိူးတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းမျိူးတွေ ကြားခဲ့ရပါတယ်။ အဲဒီချိန်ခါတုန်းကတော့ ဦးတင်အောင်မြင့်ဦးအနေနဲ့ ကျန်းမာရေး ကောင်းပြီးတော့မှ aggressive ဖြစ်တဲ့အချိန်ပေါ့လေ။ အထူးသဖြင့်တော့ မြစ်ဆုံ Dam (ဆည်) ကိစ္စတွေ ဖြစ်တဲ့အခါမှာ ဖြစ်ပါတယ်။"

ဒါကတော့ အမေရိကားမှာ နေတဲ့ စစ်သံမှူးဟောင်း ဦးအောင်လင်းထွဋ် ပြောပြခဲ့တာပါ။ ဦးတင်အောင်မြင့်ဦးဟာ DSA စစ်တက္ကသိုလ် အပတ်စဉ် (၁၂) ကျောင်းဆင်း တဦးဖြစ်ပြီး အရင်စစ်အစိုးရ လက်ထက်မှာတော့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ်နဲ့ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ အခု အရပ်သားအစိုးရ တရပ် ဖွဲ့စည်းခဲ့တဲ့ အထဲမှာတော့ စစ်တပ်ရဲ့ ထောက်ခံမှု အပြည့်နဲ့ ဒုတိသမ္မတ ဖြစ်လာတာလို့လည်း ပြောဆိုကြတာတွေ ရှိပါတယ်။

XS
SM
MD
LG