သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Titanic နှစ် (၁၀၀) ပြည့် အခမ်းအနားများ ကျင်းပ


လွန်ခဲ့တဲ့ ၂၀ ရာစုက ဒီနေ့ ဒီရက်ဖြစ်တဲ့ ၁၉၁၂ ခုနှစ် ဧပြီ ၁၅ ရက်နေ့မှာ ဗြိတိန်နိုင်ငံ ဆောက်သယ်မ်တန် (Southampton) ဆိပ်ကမ်းမြို့ကနေ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ကို ခုတ်မောင်းလာတဲ့ အဲဒီအချိန်က ကမ္ဘာ့အကြီးဆုံး ဇိမ်ခံ ပင်လယ်ကူး သင်္ဘောကြီး တိုင်တဲနစ် (TITANIC)၊ အတ္တလန္တိတ် သမုဒ္ဒရာထဲ ရေခဲတောင်နဲ့တိုက်မိပြီး နစ်မြှုပ်ခဲ့တာ နှစ်ပေါင်း (၁၀၀) ပြည့်သွားခဲ့ပါပြီ။ ခရီးသည် ၁,၅၀၀ ကျော် သေဆုံး သွားခဲ့ရတဲ့ အတ္တလန္တိတ် သမုဒ္ဒရာထဲ က နယူးဖောင်လန်ကျွန်း (New Fouland Island) ကနေ မိုင် ၄၀၀ အကွာ တိုင်တဲနစ် သင်္ဘောကြီး နစ်မြှုပ်ခဲ့ရာနေရာကို ဒီကနေ့ ဧပြီ ၁၅ ရက်နေ့မှာ ကျန်ရစ်သူမိသားစုတွေရဲ့ လက်ရှိမျိုးဆက်တွေက ဘားလ်မော်ရယ်လ် (Balmoral) သင်္ဘောကြီးနဲ့ သွားရောက်ပြီး ရေထဲကို လွမ်းသူ့ပန်းခွေတွေ ပန်းစည်း တွေကြဲချတာနဲ့ ကွယ်လွန်ခဲ့သူတွေရဲ့ နံမည်တွေကို တစ်ဦးချင်းအလိုက် ရွတ်ဆိုပေးပြီး တစ်မိနစ် ငြိမ်သက်စွာ အာရုံပြုကြတာတွေ အပါအဝင် အောက်မေ့ သတိရခြင်း အခမ်းအနားကို ဒီသင်္ဘောကြီးပေါ်မှာ ကျင်းပခဲ့ကြပါတယ်။

ဒီကနေ့မှာပဲ နယူးယောက်မြို့ကနေ ဥရောပကို ခုတ်မောင်းလာတဲ့ ဂျာနီ (Journay) အမည်ရှိတဲ့ ပင်လယ်ကူး သင်္ဘောကြီးဟာလည်း တိုင်တဲနစ်သင်္ဘောကြီး နစ်မြှုပ်ခဲ့ရာနေရာကို လာရောက်ပြီး ကွယ်လွန်ခဲ့သူတွေ အတွက် အောက်မေ့သတိရခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။ တိုင်တဲနစ် သင်္ဘောကြီးကို စတင် တည်ဆောက်ခဲ့ရာ အိုင်ယာလန် ဘဲလ်ဖတ်စ် (Belfast) မြို့က ဟာလဲန်အင်ဝုလ်ဖ် (Harland and Wolf) သင်္ဘောကျင်းကြီးမှာ ပြတိုက်အဖြစ် ဒီသင်္ဘာကြီး တည်ဆောက်ခဲ့ပုံကို ပြသခဲ့တာမှာ လူပေါင်း ၄၅,၀၀၀ လာရောက် ကြည့်ရှုခဲ့ကြပါတယ်။ ဘဲလ်ဖတ်စ်မြို့လယ်ခေါင်မှာ ဒီနေ့ နှစ် ၁၀၀ ပြည့်အမှီ တည်ဆောက်ခဲ့တဲ့ တိုင်တဲနစ် သင်္ဘောကြီး အမှတ်တရဥယျာဉ်ကြီးကို စပြီး ဖွင့်လှစ်ခဲ့ပါတယ်။ တိုင်တဲနစ် သင်္ဘောကြီးနစ်မြှုပ်ခဲ့စဉ်က ကွယ်လွန်ခဲ့သူ ၁,၅၀၀ ကျော်ရဲ့ နံမည်တွေနဲ့ ရေးထိုးထားတဲ့ ကြေးပြားကမ္ဗည်း ကိုလည်း ဘဲလ်ဖတ်စ်မြို့ လယ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

ကမ္ဘာ့မြို့ကြီးတွေ ဖြစ်ကြတဲ့ အမေရိကန်ပြည်ထောင်စုက ဟူစတန် (Houston)၊ ဆန်ဒီယေးဂိုး (Sandeigo)နဲ့ စင်္ကာပူ တို့မှာလည်း တိုင်တဲနစ်သင်္ဘောကြီး နစ်မြှုပ်ခဲ့တဲ့ နှစ် (၁၀၀) ပြည့် အောက်မေ့သတိရခြင်း အထိမ်းအမှတ်တွေ ကျင်းပခဲ့ကြပါတယ်။ အော်စကာရုပ်ရှင်အကယ်ဒမီ် ဆုတွေများစွာရရှိခဲ့ပြီး မင်းသား လီယိုနာဒို ဒီကာပရီယို (Leonardo di Caprio) နဲ့ မင်းသမီး ကိတ်ဝင်းဆလက် (Kate Winslet) ပါဝင်ကြတဲ့ ဒါရိုက်တာ ဂျိမ်းစ် ကယ်မ်ရွန် (James Cameron) TITANIC ရုပ်ရှင်ရဲ့ သုံးဘက်မြင် 3-D ရုပ်ရှင်ကိုလည်း ကမ္ဘာတဝန်းမှာ ပြသနေပါတယ်။

XS
SM
MD
LG