သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နမ့်ဆန်မြို့ စစ်ပြေးဒုက္ခသည်တွေထဲ ၁၈ နှစ်အောက် ကလေးငယ်တွေများ


ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်များ။ (ယခင်မှတ်တမ်း ဓာတ်ပုံ-ကိုမျိုး/နယ်စည်းမခြား)
ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်များ။ (ယခင်မှတ်တမ်း ဓာတ်ပုံ-ကိုမျိုး/နယ်စည်းမခြား)

[[Unicode]]

ပြီးခဲ့တဲ့ရက်ပိုင်းထဲမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ နယ်မှာ စစ်ပြေးဒုက္ခသည် ၁,၇၀၀ ကျော်ရှိနေပြီး အဲဒီအထဲက ထက်ဝက်လောက်က ၁၈ နှစ်အောက် ကလေးသူငယ်တွေဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်က မေးမြန်းထားတဲ့ သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

အခု ဒီဇင်ဘာ ၇ ရက်ကနေ ၁၃ ရက်အထိ တအောင်းလက်နက်ကိုင် TNLA နဲ့ မြန်မာစစ်တပ် ရဲ့ တပတ်ကြာခဲ့တဲ့တိုက်ပွဲကြောင့် ကျေးရွာငါးခုက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ အဲဒီအထဲက ၁,၃၈၆ ယောက်က နမ့်ဆန်မြို့နယ်၊ ဇယန်းကြီးကျောင်းမှာ ခိုလှုံနေရပြီး မန်လုံဘုန်းကြီးကျောင်းနဲ့ မန်ဖတ်ရွာနှစ်ခုပေါင်းမှာတော့ လူဦးရေ ၄၅၀ နီးပါး ခိုလှုံနေရပါတယ်။ စစ်ရှောင်ထက်ဝက်လောက်က သက်ငယ်ပိုင်းနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ဇယန်းကြီးကျောင်းက ဆရာတော် ဦးပညောဘာသ က ပြောပြပါတယ်။

" ဆောင်းတွင်း ဆိုတဲ့အခါကျတော့ တချို့က ဘာမှယူမလာအားဘူးဆိုတော့ ကလေးတွေလည်း များတယ်။ လူကြီး သက်ကြီးရွယ်အိုတွေလည်းများတဲ့အခါကျတော့ အဝတ်အထည်တွေ သူတို့လိုအပ်တယ်။ ကလေး ၁၈ နှစ်အောက် ၆၇၀ ရှိတယ်။ လူဦးရေတအားများတဲ့အခါကျတော့ ရေအခက်အခဲ ရှိလာတာပေါ့။ တကိုယ်ရေ သန့်ရှင်းရေးတွေ၊ ကျောင်းမှာရှိတဲ့ရေက စားဖို့၊ ချက်ပြုတ်ဖို့၊ သုံးဖို့ရေ၊ အိမ်သာရေ၊ မျက်နှာသစ်ဖို့ ဒီလောက်ပဲ ထားပေးထားတယ်။ ကျန်တဲ့ချိုးရေတို့ ဘာတို့ကျတော့ သူတို့နီးစပ်ရာတွေ အမျိုးတွေ အိမ်တွေမှာသွားပြီးတော့ သွားချိုးခိုင်းတယ်။ တချို့လည်း ချောင်းမှာသွားချိုးကြတယ်။"

စားရေး၊ သောက်ရေးကတော့ အဝေးကလာလှူထားတဲ့ ပစ္စည်းတွေနဲ့ တပတ်လောက် လုံလောက်နိုင်တယ်လို့ ဆရာတော်က ပြောပါတယ်။ လောလောဆယ် အစားအသောက် ကူညီပေးသူတွေ ရှိနေပေမဲ့ ကလေးငယ်တွေအတွက် နို့မှုန့်၊ အာဟာရမှုန့်နဲ့ အဝတ်အစားအတွက်တော့ လိုအပ်နေကြောင်း တအောင်းအမျိုးသမီးအဖွဲ့ TWO ရဲ့ တာဝန်ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

" စားဝတ်နေရေးက ရက်အနည်းငယ်လောက်ဆိုရင်တော့ အဆင်ပြေတယ်ဆိုပေမဲ့ ရေရှည်အတွက်ကတော့ အခက်အခဲရှိနိုင်တယ်။ အခုလောလောဆယ်က ပြန်သွားဖို့ကလည်း မသေချာသေးတော့ တိုက်ပွဲပြင်းထန်တဲ့ဧရိယာဖြစ်တဲ့အတွက်ကြောင့် နယ်မြေရှင်းလင်းမှုပုံစံ၊ ပြီးရင်မိုင်းတွေကျန်ရှိမှာလည်း စိုးရိမ်ရတဲ့အတွက်ကြောင့်မို့ ရေရှည်အတွက်ကတော့ အခက်အခဲ စိန်ခေါ်မှုတော့ရှိမယ်။"

မြန်မာစစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းထဲမှာ ရဟတ်ယာဉ်ငါးစီး အသုံးပြုခဲ့ပြီး တပ်သားပို့ဆောင် တာ၊ ဝေဟင်ကနေ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် အရပ်သားတဦး သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ တအောင်း အရပ်ဘက်အဖွဲ့တချို့က ထုတ်ပြန်ထားပါတယ်။ နေအိမ် ၅၀ နီးပါးထိခိုက်ခဲ့ပြီး တချို့အိမ်တွေကတော့ အားလုံးနီးပါး မီးလောင်၊ ပြာကျသွားခဲ့တာ ဖြစ်ပါတယ်။ ကျေးရွာတွေထဲမှာလည်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေနဲ့ မြေမြှုပ်မိုင်းတွေကြောင့် စစ်ရှောင်တွေအားလုံး နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးကြောင်း ဆရာတော် ဦးပညောဘာသက အခုလိုပြောပါတယ်။

" မြေမြှုပ်မိုင်းကိစ္စတွေရယ်၊ ပြီးတော့ မကွဲတဲ့ လက်နက်ဗုံးတွေရော ရှိနေမှာစိုးလို့၊ အဲဒါတွေ မရှင်းလင်းသေးတော့ စစ်ရှောင်တွေကို ပြန်မလွှတ်ရဲသေးဘူး။ အဲဒါတွေအကုန် ရှင်းပြီးခါမှ မြေပြင်သတင်း သေချာပြီဆိုမှ ဦးပဉ္ဇင်းတို့ ဒီကနေလွှတ်ပေးမှာပါ။ လောလောဆယ် အန္တရာယ်က ရှိသေးတော့။"

ဟူမန်း၊ ကုန်းသာ၊ မန်လုံး၊ တာလတ် ဒီကျေးရွာတွေကို မြန်မာစစ်တပ်ဘက်က အင်အား ၁၃၀ ကျော်နဲ့ ရုတ်ခြည်းဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ နှစ်ဘက်တပ်ထဲမှာ သေဆုံးမှုတွေလည်း ရှိတယ်လို့ ပြောပါတယ်။ ဒီနေ့ ဒီဇင်ဘာ ၁၅ ရက်မှာလည်း မြန်မာစစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲခဲ့တယ်လို့ ဒေသခံတချို့ကပြောပေမဲ့ ဒါကိုတော့ ဗွီအိုအေက သီးခြားအတည်ပြုလို့ မရသေးပါဘူး။

နမ့်ဆန်မြို့ စစ်ပြေးဒုက္ခသည်တွေထဲ ၁၈ နှစ်အောက် ကလေးငယ်တွေများ.mp3
please wait

No media source currently available

0:00 0:03:29 0:00
တိုက်ရိုက် လင့်ခ်

=================

[[Unicode]]










XS
SM
MD
LG