သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွတ်ခိုင် တပ်ရင်းဌာနချုပ်ကို TNLA ပစ်ခတ်


TNLA တပ် စစ်စခန်း။
TNLA တပ် စစ်စခန်း။

မြန်မာ့တပ်မတော်ရဲ့ ဗျူဟာအခြေစိုက် ရှမ်းပြည်နယ်ကွတ်ခိုင်မြို့က ခလရ (၂၄၁)တပ်ရင်းဌာနချုပ်ကို TNLA တအောင်းပလောင် လွတ်မြောက်ရေးတပ်ဖွဲ့ကနေ မနေ့ညနေပိုင်းမှာ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့လို့ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့ပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ရှိတဲ့ မြန်မာစစ်တပ်ရဲ့တပ်ရင်းဌာနချုပ်စခန်း ကို TNLA တအောင်းပလောင် လွတ်မြောက်ရေးတပ်ဖွဲ့ကနေ မနေ့ညနေပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အဖွဲ့ရဲ့ သတင်း နဲ့ပြန်ကြားရေးမှူးဗိုလ်ကြီး တာ့အိုက်ကျော်ကအခုလိုပြောပါတယ်။

"မနေ့က ၅ နာရီ မတ်တင်းကနေ ၅ နာရီ ၁၅ အထိ နာရီဝက်ပေါ့နော် အဲဒီမှာ သူတို့ ကွတ်ခိုင် အခြေစိုက်ပေါ့နော် ခလရ ၂၄၁ ဗျူဟာလည်း အခြေစိုက်ထားတဲ့ တပ်ဖွဲ့ပေါ့နော် အဲဒီမှာ ကျနော်တို့ အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ အစိုးရတပ်ဘက်ကလည်း ပြန်ပစ်တော့ နာရီဝက်လောက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်သွားတာ။"

TNLAဘက်က ပစ်ခတ် တိုက်ခိုက်မှုတွေပြုလုပ်အပြီး ခလရ ၂၄၁တပ်ရင်း ဘက်ကလည်း ပြန်လည်တုန့်ပြန်ပစ်ခတ်ခဲ့တယ်လို့ ကွတ်ခိုင်မြို့ မီးသတ်တပ်ဖွဲ့ ဝန်ထမ်းတဦးက အခုလိုပြောပါတယ်။

"မိုင်းပေါက်ကွဲတဲ့ အသံဘဲ ကြားရပါတယ်။ အဲဒါလည်း တခါဘဲ ပြန်ငြိမ်သွားတယ်။ ဘယ်သူပစ်မှန်းကို မသိဘူး။ စစ်တပ်က စပစ်တာလို့ဘဲ ကြားတာဘဲ။ ညနေပိုင်း ၅ နာရီလောက်က ဖြစ်တာဘဲ။"

TNLA တပ်ဖွဲ့ကနေ ပန်းဆေးတောင်ကုန်းနဲ့ ထင်းရူးတောကုန်းမြင့်ပေါ် မှာနေရာယူပြီး ခလရ ၂၄၁တပ်ရင်း ဌာန ချုပ်ကိုလက်နက်ကြီးတွေနဲ့ နာရီဝက်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ဒီပစ်ခတ်တိုက်ခိုက်မှုမှာ ထိခိုက်မှု ကိုတော့ အတည်မပြုနိုင်သေးဘူးလို့လဲ ဗိုလ်ကြီး တာ့အိုက်ကျော်ကပြောပါတယ်။

အခုလို တိုက်ခိုက်မှုတွေကြောင့် ထိခိုက်မှုအခြေအနေတွေကို ကွတ်ခိုင်ရဲတပ်ဖွဲ့မှူးရုံးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ ၎င်းတို့အနေနဲ့ မသိရှိသေးကြောင်းပြောဆိုခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ဘက်မှာဆိုရင် TNLA တအောင်းပလောင် လွတ်မြောက်ရေးတပ်ဖွဲ့နဲ့မြန်မာစစ်တပ်တို့ဟာ ရက်ဆက် ဆိုသလိုတိုက်ပွဲဖြစ်ပွါးနေပါတယ်။

ဒါ့အပြင် TNLA တအောင်းပလောင် လွတ်မြောက်ရေးတပ်ဖွဲ့ဟာ ကိုးကန့်တပ်ဖွဲ့နဲ့လဲ စစ်ရေးမဟာမိတ်အဖွဲ့ဖြစ်နေ သလို ကိုးကန့်ဒေသ တိုက်ပွဲတွေမှာ စစ်ရေးအကူအညီတွေပေးဆောင်နေပါတယ်။
လက်ရှိမြန်မာ့ စစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ စစ်ရေးပြင်းထန်စွာဖြစ်ပွါးနေ တဲ့ လောက်ကိုင် ကုန်းကြမ်းဒေသက ပွိုင့် ၂၀၂၂ တောင်ကုန်း ကို မြန်မာစစ်တပ်သိမ်းပိုက်နိုင်ခဲ့နိုင်ခဲ့ပြီးလို့ စစ်တပ်ပိုင်မြဝတီ သတင်းမှာဖေါ်ပြခဲ့ပါတယ်။

ဒါပေမဲ့ TNLA တအောင်းပလောင်တပ်ဖွဲ့အပါအဝင် ကိုးကန့်တပ်ဖွဲ့တို့ ပွိုင့် ၂၀၂၂ တောင်ကုန်းကိုထိန်းချုပ်ထားဆဲလို့ ဗိုလ်ကြီး တာ့အိုက်ကျော်ကပြောပါတယ်။

"ကျနော်တို့ အဖွဲ့တွေ အဲဒီတောင်ကုန်းမှာဘဲ ရှိနေသေးပါတယ်။ အဲဒီကုန်း သိမ်းလိုက်တယ်လို့ သတင်းတွေထဲမှာ ရေးတာတော့ ကျနော်တွေ့ပါတယ်။ ကျနော်တို့ အဖွဲ့တဖွဲ့ ရှိသေးတယ် အဲဒီတောင်ကုန်းက မသိမ်းရသေးဘူး။ ကျနော်တို့ အဖွဲ့က အဲဒီတောင်ကုန်းမှာ ရှိသေးတယ်။"

ပြီးခဲ့တဲ့မေလ (၁၀) ရက်နေ့ ညဘက်မှာလည်း TNLA တအောင်းတပ်မတော် အမှတ် (၆) အခြေချဗျူဟာနယ်မြေ သိန္နီမြို့နယ်ထဲက နားတီးရွာနဲ့ မြောက်ဇီကျေးရွာကြားမှာ ထိုးစစ်ဆင်လာတဲ့ မြန်မာ့တပ်မတော်နဲ့ တအောင်း တပ်မတော် တပ်ရင်း (၆၆၁) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါသေးတယ်။

အဲဒီတိုက်ပွဲမှာ တအောင်းတပ်ဘက်က တပ်မတော်ရဲ့ စစ်မော်တော်ယာဉ် (၄) စီးကို ဖျက်စီးနိုင်ခဲ့ပြီး မြန်မာ့တပ်မတော် ဘက်က ထိခိုက်ကျဆုံးမှုများပြားတယ်လို့ ဗိုလ်ကြီးတာ့အိုက်ကျော်က ပြောပါတယ်။

ပြည်တွင်းစစ်ရပ်စဲရေးနဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးနိုင်ဖို့ TNLAဘက်ကနေ မြန်မာအစိုးထံတောင်းဆိုနေပေမဲ့လဲ ရှမ်းပြည်နယ်ဘက်မှာ စစ်အင်အားတိုးချဲ့လာသလို ထိုးစစ်ဆင်မှုတွေပိုမိုများပြားလာလို့ တအာင်းပလောင်ဒေသ ဘက်မှာ တိုက်ပွဲတွေပိုမိုများပြားနေတယ်လို့လဲ ဗိုလ်ကြီး တာ့အိုက်ကျော်က ပြောပါတယ်။

လက်ရှိအခြေအနေအရ တပြည်လုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မီတီအဖွဲ့နဲ့ တိုင်းရင်းသားအဖွဲ့ (NCCT) တို့အကြား အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး အပစ်အခတ် ရပ်စဲရေးဆိုင်ရာမူကြမ်းကို လက်မှတ်ရေးထိုးနိုင်ခဲ့ပေမဲ့၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရ စစ်တပ်တို့အကြား စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

TNLA တအောင်းပလောင်လွတ်မြောက်ရေးတပ်မတော်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း နန့်ဆမ် မိုင်းတုန် ကွတ်ခိုင်အစရှိတဲ့ ဒေသတွေမှာ အခြေပြု လှုပ်ရှားနေပါတယ်။

XS
SM
MD
LG