သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလောင်နဲ့ မြန်မာအစိုးရတပ် တိုက်ပွဲများ ဆက်ရှိနေ


Palaung TNLA
Palaung TNLA

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်က ပြည်ထောင်စုလမ်းမပေါ်မှာ အခွန်ကောက်ခံနေတဲ့ TNLA တအာင်း-ပလောင်တပ်မတော်နဲ့ နယ်မြေခံ မြန်မာစစ်တပ်တို့အကြားမှာ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲက နမ့်ဖတ်ကာကျေးရွာနဲ့ ပန်ကျရော့ ကျေးရွာအကြား TNLA တအာင်း-ပလောင်တပ်မတော်နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ TNLA ပြန်ကြားရေးအရာရှိ ဗိုလ်ကြီးတာအိုက်ကျော်က အခုလို ပြောပါတယ်။

“မနေ့က ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအနီး မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမ အဲဒီမှာ တိုက်ပွဲတကြိမ်ဖြစ်တယ်ခင်ဗျ။ မနက် ၇ နာရီကျော်ကျော်လောက်ကနေစပြီး နမ့်ဖတ်ကာအခြေစိုက် ခလရ ၁၂၃ က ကျနော်တို့တပ်တွေ ရှိနိုင်တဲ့နေရာတိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ပစ်ခတ်ပြီးတော့ ကျနော်တို့အဖွဲ့ကလည်း ပြန်လည် ပစ်ခတ်မှုတွေ ရှိတယ်။ အဲဒီမှာ ညနေ ၃ နာရီကျတော့ ကျနော်တို့အဖွဲ့ရှိတဲ့ဘက်ကို သူတို့က တက်လာတယ်။ တက်လာတော့ တအာင်းအဖွဲ့နဲ့တွေ့ပြီး တိုက်ပွဲဖြစ်တာပဲ။”

မေလ ၁၈ ရက်နေ့မနက်ပိုင်းမှာ တအာင်း-ပလောင်တပ်မတော်အဖွဲ့ကနေ မူဆယ်-မန္တလေး လမ်းမပေါ်မှာ မော်တော်ကားတွေ အခွန်ကောက်နေစဉ်အတွင်း မြန်မာ့တပ်မတော် နမ့်ဖတ်ကာအခြေစိုက် ခလရ (၁၂၃) တို့နဲ့ ထိပ်တိုက် တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့တာပါ။

မနေ့ကမနက်ပိုင်းမှာ တအာင်းပလောင်တပ်ဖွဲ့ ရှိနိုင်မယ်လို့ထင်ရတဲ့ တောင်ကုန်းတွေမှာ မြန်မာစစ်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ညနေပိုင်း ၃ နာရီမှာတော့ တအာင်း-ပလောင် ယာယီတပ်စခန်းချထားတဲ့နေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း ဗိုလ်ကြီး တာအိုက်ကျော်က ပြောပါတယ်။

အခုဖြစ်တဲ့တိုက်ပွဲမှာ ဒေသခံပြည်သူတွေနဲ့ တအာင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိသလို မြန်မာစစ်တပ်ဘက်က ထိခိုက်မှုကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဗိုလ်ကြီးတာအိုက်ကျော်က ပြောပါတယ်။ ကွတ်ခိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးအနေနဲ့ကတော့ ဒီဖြစ်စဉ်အပေါ် စုံစမ်းနေဆဲလို့ အခုလို ပြောပါတယ်။

“ဖြစ်တာတော့ဖြစ်ကြတယ်။ ကြားတော့ကြားတယ်၊ ဘယ်အဖွဲ့မှန်းလည်းမသိဘူး။”

မနေ့ကဆိုရင် ပြည်ထောင်စုကားလမ်းပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ မော်တော်ကားတွေအပေါ် တအာင်း-ပလောင်တပ်မတော်အဖွဲ့ကနေ အခွန်ကောက်ခံနေတယ်လို့ မူဆယ်ဒေသခံတဦးက အခုလို ပြောပါတယ်။

“တရက်တရက်ဆိုရင် အစီးပေါင်း ၅၀၀၀ ကျော် ဖြတ်သန်းသွားလာတယ်တဲ့။ အဲဒီတရုတ်နယ်စပ်ကနေ မန္တလေးပေါ့ အဓိကကတော့။ တခြားဟာကျတော့လည်း ရန်ကုန်အထိ ဆင်းတဲ့ဟာတွေပေါ့။ သူတို့က တားတယ်။ ပြီးတော့ သူတို့ကောက်ဖူးတဲ့ ဖြတ်ပိုင်းမပြနိုင်တဲ့ သူတွေအားလုံးကို အကုန်ကောက်တယ်။ ဒီအစိုးရဘက်ကကျတော့ အခွန်လို့ပြောတယ်။ ဒါပေမဲ့ ဒီတိုင်းရင်းသားတွေဘက်ကကျတော့ အစိုးရဘက်က စွပ်စွဲတာကျတော့ ဆက်ကြေးပေါ့။ ဒါပေမဲ့ သူတို့ကျတော့လည်း အသင်းအဖွဲ့အတွက် ရန်ပုံငွေပေါ့။ အဲဒါ ညည်းညူကြတယ်ခင်ဗျ ခရီးသွားတွေက။”

လားရှိုး-မူဆယ်လမ်းပိုင်း၊ နမ့်ဖတ်ကာ ပန်ဂျရော့ပ် ကုန်းဆင်းမှာ ကားအသေး၊ အကြီး ပေါ်မူတည်ပြီး ကျပ် ၂ သောင်းကနေ ၅ သိန်းအထိ ငွေကြေးကောက်ခံနေတယ်လို့လည်း အဆိုပါ မူဆယ်ဒေသခံက ပြောပါတယ်။ တအာင်း-ပလောင်တပ်မတော်အဖွဲ့အနေနဲ့ကတော့ ၂၀၁၄-၂၀၁၅ နှစ်အတွင်း ထိုးစစ်တွေ များပြားလာသလို အဖွဲ့ရဲ့ ရန်ပုံငွေအတွက် ကောက်ခံရတာလို့ TNLA ပြန်ကြားရေးအရာရှိ ဗိုလ်ကြီး တာအိုက်ကျော်က အခုလို ပြောပါတယ်။

တအာင်း-ပလောင်တပ်ဖွဲ့ဟာ ၂၀၁၅ ခုနှစ်ဆန်းပိုင်းကနေ ယနေ့အထိ မြန်မာစစ်တပ်နဲ့ တိုက်ပွဲအကြိမ်ပေါင်း မြောက်များစွာ ဖြစ်ပွားနေပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့မှာလည်း ကွတ်ခိုင်မြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) ၂၄၂ တောင်ကုန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့မေလ ၁၀ ရက်နေ့ ညဘက်မှာလည်း သိန္ဓီမြို့နယ်ထဲက နားတီးရွာနဲ့ မြောက်ဇီကျေးရွာကြားမှာ ထိုးစစ်ဆင်လာတဲ့ မြန်မာ့တပ်မတော်နဲ့ တအာင်းတပ်ဖွဲ့တပ်ရင်း ၆၆၁ တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တအာင်းတပ်ဘက်က တပ်မတော်ရဲ့ စစ်မော်တော်ယာဉ် ၄ စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး မြန်မာ့တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှု များပြားတယ်လို့ ဗိုလ်ကြီးတာအိုက်ကျော်က ပြောပါတယ်။

ပြည်တွင်းစစ်ရပ်စဲရေးနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနိုင်ဖို့ TNLA ဘက်ကနေ မြန်မာအစိုးရထံ တောင်းဆိုနေပေမဲ့လည်း အစိုးရဘက်ကနေ အကြောင်းပြန်တာ မရှိသေးဘူးလို့လည်း အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီအနေနဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့ပေမဲ့ တအာင်း-ပလောင်အဖွဲ့နဲ့တော့ အပစ်ရပ်တွေ့ဆုံဆွေးနွေးခြင်း မပြုလုပ်ခဲ့သေးပါဘူး။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နဲ့ တိုင်းရင်းသားအဖွဲ့ (NCCT) တို့အကြား အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းကို လက်မှတ်ရေးထိုးနိုင်ခဲ့ပေမဲ့၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရစစ်တပ်တို့အကြား စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ပြေးဒုက္ခသည်တွေလည်း တိုးပွားနေလျက်ရှိနေပါတယ်။

XS
SM
MD
LG