သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကော်မရှင်ရဲ့ ရှမ်းမြောက်ခရီးစဉ် ဖျက်သိမ်း


တအာင်းပလောင်TNLAတပ်ဖွဲ့ဝင်များ (PSLF -TNLA News & Information Department)
တအာင်းပလောင်TNLAတပ်ဖွဲ့ဝင်များ (PSLF -TNLA News & Information Department)

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း လက်ရှိစစ်ရေးတင်းမာနေဆဲ အခြေအနေတွေကြောင့် အမျိုးသားလူ့အခွင့်ကော်မရှင် အဖွဲ့ကနေ ရှမ်းပြည်နယ်ခရီးစဉ်တချို့ကိုဖျက်သိမ်းခဲ့ရတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ နမ္မတူနဲ့မန်တုံဒေသဘက်မှာ မြန်မာ့တပ်မတော်နဲ့တအာင်းပလောင်TNLAတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးနေမှုကြောင့် ဒေသတွင်းလုံခြုံမှုအားနဲနေသလို မြို့အတွင်း ဖမ်းဆီးစစ်ဆေးမှုတွေလဲရှိနေဆဲအခြေအနေမှာရှိနေပါတယ်။

ဗွီအိုအေထိုင်းအခြေစိုက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်းမှာ တင်းမာနေဆဲစစ်ရေးအခြေအနေတွေကြောင့် မြန်မာ့လူ့အခွင့်အရေးကော်မရှင်ရဲ့ ရှမ်း ပြည်နယ်မြောက်ပိုင်းခရီးစဉ်တချို့ကိုဖျက်သိမ်းခဲ့ရတာပါ။

လူ့အခွင့်အရေးကော်မရှင်အနေနဲ့ လားရှိုးနဲ့သီပေါအကျဉ်းထောင်အခြေအနေကိုလေ့လာခဲ့အပြီး နမ္မတူစစ်ရှောင်စခမ်းသွား ရောက်လေ့လာဖို့အစီအစဉ်ကိုဖျက်သိမ်းခဲ့တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်ကVOAကိုအခုလိုပြောပါတယ်။

နမ္မတူကတော့ ဒီတိုက်ပွဲရှောင်ထားတဲ့ ဒုက္ခသည်ကျေးရွာတွေရှိတယ်လို့ကျွန်တော်တို့သွားဖို့စီစဉ်တာပါ။ သို့သော်လားရှိုး ရောက်တဲ့အခါကျတော့ နမ္မတူနားမှာတိုက်ပွဲတွေဖြစ်နေတဲ့အတွက်ကြောင့် လုံခြုံရေးအရမသွားသင့်ဘူးလို့ ကျွန်တော်တို့ သိရပါတယ်ခင်ဗျာ့။ အဲတာနဲ့ကျွန်တော်တို့မသွားဖြစ်တာပါ။

မြန်မာ့လူ့အခွင့်အရေးကော်မရှင်အဖွဲ့ရဲ့ ဒီလ(၇)ရက်နေ့ကနေ(၁၁)ရက်နေ့ ခရီးစဉ်မှာ လားရှိုးမြို့က မိဘမဲ့ဂေဟာ၊ ဘိုးဘွား ရိပ်သာ၊ အကျဉ်းထောင် ၊အချုပ်ခန်းတွေနဲ့ သီပေါမြို့က အကျဉ်းထောင်၊ အချုပ်ခန်းတွေလေ့လာစစ်ဆေးခဲ့တာပါ။

ကော်မရှင်အဖွဲ့အနေနဲ့အကျဉ်းထောင်အတွင်းအခြေအနေကိုစစ်ဆေးမေးမြန်းခဲ့သလို သီပေါအကျဉ်းထောင်မှာ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ၁၇ (၁)နဲ့ တရားစွဲဆိုပြီး ဖမ်းဆီးခံထားရတဲ့ DVBနဲ့ဧရာဝတီသတင်းဌာနကသတင်းသမား(၃) ဦးနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ဦးယုလွင်အောင်ကအခုလိုပြောပါတယ်။

ကျွန်တောို့ကတော့ အကျဉ်းသားတွေဟာ လူ့အခွင့်အရေးချိုးဖေါက်မှုခံရမှုရှိမရှိ ဆိုတာကို ပုံမှန်အားဖြင့် ကျွန်တော်တို့ မေးမြန်းပါတယ်။ မေးမြန်းပြီးတော့မှာ သူတို့ရဲ့ပုဂ္ဂိုလ်ရေးအခက်ခဲတွေရှိရင်ကျွန်တော်တို့ကို အကျဉ်းထောင်ဝန်ထမ်းတွေမရှိတဲ့ နေရာမှာ သီးသန့်ကျွန်တော်တို့အခန်းတခန်းနေရာမှာ သူတို့ပြောစကား ကျွန်တော်တို့နားထောင်ပါတယ်။ နားထောင်ပြီးတော့ ဖြေရှင်းပေးတဲ့စံနစ်ကိုကျွန်တော်တို့ကျင့်သုံးပါတယ်။ မနေ့ကတော့ သီပေါအကျဉ်းထောင်ကိုကြည့်တဲ့အခါမှာ ထောင်အနေနဲ့ ထူးခြားလူ့အခွင့်အရေးချိုးဖေါက်မှုတွေမတွေ့ရပါဘူး။ ဒီအကျဉ်းထောင်ထဲရောက်နေတဲ့ DVBသတင်းထောက်နှစ်ယောက်နဲ့ ဧရာဝတီသတင်းထောက်တယောက် နောက်သူတို့နဲ့အတူတူဖမ်းထားတဲ့ အရပ်သားသုံးယောက်စုစုပေါင်း(၆)ယောက်ပေါ့နော်။ ကျွန်တော်သီးသန့်ခေါ်ပြီးတော့တွေ့ဆုံ သူတို့ရဲ့အသံလေးတွေကိုကျွန်တော်တို့နားထောင်ပေးပါတယ်ခင်ဗျာ။

လူ့အခွင့်အရေးကော်မရှင်အနေနဲ့နမ္မတူမြို့နယ်ကစစ်ဘေးရှောင်စခမ်းကိုသွားရောက်လေ့လာဖို့အတွက်က ဒေသတွင်းစစ်ရေး တင်းမာမှုရှိနေလို့လုံခြုံရေးကင်းမဲ့နေတဲ့အနေအထားကြောင့်လို့သူကဆိုပါတယ်။

သြဂုတ်လ(၄)ရက်နေ့ကနေ(၈)ရက်နေ့အထိ နမ့်ဆန် နမ္မတူ မန်တုံဒေသဘက်မှာ မြန်မာ့တပ်မတော်နဲ့ TNLAတအာင်း ပလောင် တပ်ဖွဲ့တို့အကြား စစ်ရေးပဋိပက္ခဖြစ်ပွါးနေဆဲအခြေအနေကိုတော့TNLAပြန်ကြားရေးတာဝန်ခံဗိုလ်မှူးတာ့အိုက်ကျော်က အခုလို ပြောပါတယ်။

ဒီ(၈)ရက်နေ့ကျတော့(၃)နေရာဖြစ်တယ်။ ဒီနမ့်ဆန်မြို့နယ်ထဲက ခေးခင်းရွာနဲ့မန်ဝဲရွာနေရာထဲမှာနှစ်ကြိမ်ဖြစ်တာပေါ့နော်။ မြန်မာ့တပ်မတော်က မန်ဝဲရွာကိုဦးတည်ပြီးမှ လက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်။ ရွာသားတွေကမနေရဲတော့ နမ္မတူမြို့ပေါ် ပုဗ္ဗါရုံကျောင်းမှာအကုန်လုံးထွက်ပြေးပြီးမှခိုလှုံကြတယ်။(၆)ရက်နေ့ကျတော့မန်တုံဘက်မှာဖြစ်တာပေါ့နော်။

ပြီးခဲ့တဲ့သြဂုတ်(၄)ရက်နေ့တုန်းက TNLAအဖွဲ့ကနေ မန်တုံမြို့နဲ့(၃)မိုင်အကွာနေရာမှာ မြန်မာ့စစ်ယာဉ်တန်းကို ပစ်ခတ်တိုက် ခိုက်ခဲ့တဲ့အတွက်စစ်ယာဉ်(၃)စီးပျက်စီးသွားခဲ့တာပါ။

ဒီလိုပစ်ခတ်တိုက်ခိုက်မှုအပြီး မန်တုံမြို့အဝင်အထွက်ကို ကန့်သတ်ပိတ်ပင်ထားသလို မြို့တွင်းမှာလဲ တောတွင်းလက်နက် ကိုင်အဖွဲ့နဲ့ပက်သက်မှုရှိမရှိကိုတအိမ်တက်ဆင်းစစ်ဆေးနေပါတယ်။

ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဟယိုင်စင်ကတော့ အခုလိုစစ်ဆေးနေမှုဖြစ်စဉ်ဟာ မန်တုံမြို့နယ်စစ်ယာဉ်တန်း တိုက် ခိုက်ခံရမှုနဲ့ဆက်စပ်နေတယ်လို့ဆိုပါတယ်။

မန်တုံမြို့က အထက်တန်းသူနာပြုတဦးဖြစ်တဲ့ ဒေါ်နန်းဟိန်းခမ်းရဲ့ခင်ပွန်းဖြစ်သူ ကချင်အမျိုးသားဇော်ဆိုင်းအောင်ဟာ မနေ့က တပ်မတော်ကနေဖမ်းဆီးခြင်းခံတဲ့သူတဦးလဲဖြစ်ပါတယ်။

ဖမ်းဆီးခံရမှုဖြစ်စဉ်တွေကိုတော့အထက်တန်းသူနာပြုဒေါ်နန်းဟိန်းခမ်းကနေအခုလိုပြောပါတယ်။
မနေ့ကဘဲ ၅နာရီနဲ့၆နာရီကြားမှာဖြစ်တာ။ သူတို့ကြိုးတုတ်ပြီးမှရိုက်တယ်လို့ သတင်းကြားလို့ပတ်ဝန်းကျင်ကဖုန်းဆက်လာတယ်။ အဲတာကျွန်မသွားကြည့်တော့သူတို့လုံးဝပေးမတွေ့ဘူး။ အဝေးကနေဘဲပြန်လိုက်တော့ပြန်လိုက်တော့ပြောတယ်။ သူတို့လဲ စစ်သားတွေနဲ့ အများနဲ့ဆိုတော့ ကျွန်မကဝန်ထမ်းပါ။ ကျွန်မအမျိုးသားကိုကြိုးတုတ်ပြီးရိုက်နေတာကြားလို့ပေါ့ ကျွန်မ အဲတာလာကြည့်တာ။ သူတို့လုံးဝကြည့်ခွင့်မပေးဘူး။ ကျွန်မအမျိုးသားကတော့ ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လုံး၀ ပါဝင်ပက်သက်မှုမရှိဘူး။ နောက်ထပ်ရွာထဲကလူတယောက် လက်ဖက်ခြံထဲမှာ မှိုရှာရင်းနဲ့ပေါ့နော် အဲဒီတယောက်ကိုလဲ ဖမ်းပြီးရိုက်တယ်လို့ကျွန်မကြားတယ်။ ကျောင်းထဲကလူကြီးဂေါပကအဖွဲ့ဝင်တယောက်ကိုလဲ သု့အသက် (၇၀)လောက်ရှိတယ်။ ဒီမနက်မိုးမလင်းနှစ်နာရီမှာ သူတို့လာဖမ်းသွားတယ်။ ခလရ(၁၃၀)မှာထိန်းသိမ်းထားတယ်လို့တော့သိတယ်။
အခုလိုစီစစ်ဖမ်းဆီးတာဟာ တောတွင်းလက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့သံသယနဲ့ ဖမ်းဆီးစစ်ဆေးနေတာဖြစ် တယ်လို့ မြို့ခံပြည်ထောင်စုကြံ့ခိုင်ရေးပါတီဝင်တဦးကဆိုပါတယ်။

ပလောင်ဒေသမှာအိမ်တိုင်းအိမ်တိုင်း ယောကျ်ားနှစ်ယောက်ရှိရင် တယောက်က လက်နက်ကိုင်အဖွဲ့ထဲကို တာဝန်ထမ်းဆောင်ကြ တယ်ဆိုတဲ့သတင်းနဲ့ တပ်မတော်ဘက်က အဲဒီသတင်းတွေရထားတာပေါ့။ သူတို့ကမြို့ထဲမှာနေတဲ့သူတွေကိုမသင်္ကာမှုနဲ့ပေါ့အဲ တာစစ်ဆေးနေတာ။

မနေ့ကလဲ ကွတ်ခိုင်မြို့နယ် သိန္နီ နမ္မတီရွာဟောင်းမှာ မြန်မာ့တပ်မတော်နဲ့ KIOကချင်လွတ်လပ်ရေးအဖွဲ့နဲ့တိုက်ပွဲဖြစ်ပွါးခဲ့ပါ တယ်။

လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာမြန်မာ့တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား စစ်ရေးတင်းမာနေဆဲ ဖြစ်သလို နှစ်ဖက်တိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရိုက်နှက်ဖမ်းဆီးခံရမှုတွေ နေရပ်ကနေ တိမ်းရှောင်နေ ရမှုစတဲ့လူ့အခွင့်အရေးချိုးဖေါက်မှုဖြစ်စဉ်တွေလဲရှိနေပါတယ်။

မြန်မာနိုင်ငံအတွင်းလူ့အခွင့်အရေးချိုးဖေါက်ခံနေရမှုဖြစ်စဉ်နဲ့ပက်သက်ပြီးတိုင်ကြားနိုင်ဖို့ မြန်မာအစိုးရအနေနဲ့ အမျိုးသားလူ့ အခွင့်အရေးကော်မရှင်တရပ်ကိုဖွဲ့စည်းထားပေမဲ့ လက်ရှိစစ်ရေးပဋိပက္ခကာလအတွင်း လူ့အခွင့်အရေးချိုးဖေါက်ခံ ရမှုတွေရှိနေ ဆဲလို့ လူ့အခွင့်အရေးတာဝန်ရှိသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG