သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TNLA အပစ်ရပ်ကြေညာချက် တအန်း အရပ်ဘက်အဖွဲ့တွေ ကန့်ကွက်


APTOPIX Myanmar Ethnic Armies
APTOPIX Myanmar Ethnic Armies

{{Zawgyi/Unicode}}

တအန်း(ပလောင်) လက်နက်ကိုင်အဖွဲ့ရဲ့ အပစ်ရပ်ကြေညာချက်ကို တအန်းအရပ်ဘက် အဖွဲ့အစည်းတွေက ကန့်ကွက်လိုက်ပြီး စစ်အာဏာသိမ်းမှုကို လူထုနဲ့အတူ ရပ်တည်ဖို့ တောင်းဆိုလိုက်တဲ့နောက်မှာ ဒီကနေ့ မနက်မှာတော့ ရာနဲ့ချီတဲ့ တအန်း(ပလောင်) လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ လားရှိုးမြို့အနီး ချဉ်းကပ်လာခဲ့ပါတယ်။

ဘယ်လို ရည်ရွယ်ချက်နဲ့ ချဉ်းကပ်လာတယ်ဆိုတာ မသိရပေမဲ့ တပ်မတော်ဘက်က လုံခြုံရေးအတွက် ပြင်ဆင်တာတွေ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းက လက်ရှိ အခြေအနေတွေကို VOA မြန်မာပိုင်းရဲ့ သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

TNLA ခေါ် တအန်း(ပလောင်)တပ်ဖွဲ့ ဟာ အခြားညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ MNDAA ကိုးကန့်၊ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့နဲ့အတူ တစ်လတာ အပစ်အခတ်ရပ်စဲကြောင်းကို မတ်လ ၁ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တအန်းအရပ်ဘက်အဖွဲ့အစည်း ၁၂ဖွဲ့က ကန့်ကွက်ခဲ့ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ တောင်းဆိုကြောင်း အဖွဲ့ ၁၂ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ က VOA ကို အခုလိုပြောပါတယ်။

“ ဒီမတ်လ ၁ရက်နေ့တုံးက ဒီ တအန်းလက်နက်ကိုင်အဖွဲ့ဘက်က ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်အပေါ်မှာ ဒါကို မဖြစ်သင့်ဘူးဆိုတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ပြည်မမှာရော၊ ဒီတိုင်းရင်းသားဒေသမှာရော ပြည်သူလူထုတွေက ဆန္ဒထုတ်ဖော်ပြတဲ့အချိန်မှာဆိုတော့၊ လက်ရှိအာဏာသိမ်းမှုအပေါ်မှာ ကျမတို့က လိုလားတာက ဒီဟာကို ပြတ်ပြတ်သားသား ကန့်ကွက်ဖို့ လိုတယ်ပေါ့နော်။ ပြီးလို့ရှိရင် ပြည်သူလူထုတွေနဲ့ တစ်သားတည်း ရပ်တည်ပေးဖို့ ကျမတို့က လိုလားတယ်ပေါ့နော်။”

တအန်းအရပ်ဘက်အဖွဲ့အစည်း ၁၂ဖွဲ့က သူတို့ရဲ့ သဘောထားကို ဒီလ ၄ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

တအန်းအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ တအန်းလူထုနဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက စစ်အာဏာရှင်ကို ငြိမ်းချမ်းစွာဆန္ဒပြရာမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သတ်ဖြတ်၊ ရိုက်နှက်၊ ဖမ်းဆီးခြင်းကို ခံနေရပြီး၊ ဒီအချိန်မှာ အာဏာသိမ်းစစ်တပ်နဲ့ တဖက်သတ်အပစ်ရပ်ကြောင်း ထုတ်ပြန်တာဟာ လူထုဆန္ဒနဲ့ ဆန့်ကျင်နေတဲ့အတွက် ကန့်ကွက်ကြောင်း ဖော်ပြထားပါတယ်။

ဒီလို ကန့်ကွက်ခဲ့တဲ့နောက် ဒီကနေ့ မနက် အစောပိုင်းမှာတော့ ရာနဲ့ ချီတဲ့ TNLA ခေါ် တအန်းလက်နက်ကိုင်အဖွဲ့တွေဟာ လားရှိုးမြို့အနီးထိ ချဉ်းကပ်လာခဲ့ကြောင်း လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။

“ ကျနော်တို့ အဲဒီဘက်ခြမ်းကို သွားတော့ ဒေသခံတွေပြောပြချက်အရ မနက်ပိုင်း ၄နာရီ ကျော်ကျော်လောက်က စပြီး ၇နာရီ ဝန်းကျင်လောက်အထိပေါ့ ဒီမှာ မြို့ပြင် ၅မိုင်လောက်ပဲ ဝေးတဲ့ မြို့ပြင် လွယ်လန့်ရွာနဲ့ ဒီ မယ်ဟန်ကျေးရွာပေါ့။ ဒီလမ်းမကြီးပေါ်မှာ သူတို့ ရောက်နေတယ်။ အဲလိုမျိုးပဲ ကြားထားတယ်။ အင်အားကတော့ ၃၀၀ကျော်ကျော်လောက်ရှိမယ်လို့ ပြောတာပဲ။ တချို့ကလည်း လမ်းမပေါ် အကုန်လုံး မထွက်တော့ အတိအကျတော့ မသိရဘူး။”

TNLA တပ်ဖွဲ့တွေဟာ ဘာကြောင့် လားရှိုးမြို့အနီး ချဉ်းကပ်လာသလဲ ဆိုတာမသိရကြောင်းနဲ့ တပ်မတော်ဘက်က လုံခြုံရေးအရ ပြင်ဆင်မှုတွေ ရှိခဲ့ကြောင်း အခုလို ဆက်ပြောပါတယ်။

“ စစ်တပ်က တော်တော်များတယ်။ မြို့ပြင်ဘက်ကို လုံခြုံရေးသွားယူကြတယ်ပေါ့နော်။ အဲဒီသတင်းကြားပြီးတော့ တင့်ကားတွေနဲ့ သူတို့ မြို့ပြင်ဘက် ထွက်သွားတယ်။ ထွက်သွားပြီးတော့ ကျနော်တို့ ပြန်ရောက်တဲ့အချိန်မှာ တချို့က တိုက်ပွဲဖြစ်တယ်ပြောလာတယ်။ ဒါပေမဲ့ ပြန်ဆက်သွယ်ကြည့်တော့ အဲဒီတင့်ကားတွေနဲ့ လက်နက်ကြီး ၂ချက် ပစ်လိုက်တယ်ပေါ့နော်။ ထူးထူးခြားခြား တိုက်ပွဲဖြစ်တာမျိုးတော့ မရှိဘူး။ TNLA လည်း အဲဒီနားမှာ မရှိတော့ဘူး။”

ဒီသတင်းနဲ့ပတ်သက်ပြီး TNLA ဘက်ကို ဆက်သွယ်ရာမှာတော့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

လားရှိုးမြို့ လူထုဆန္ဒပြပွဲမှာတော့ ခါတိုင်းရက်တွေက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်း ဖြိုခွဲတာတွေရှိပေမဲ့ ဒီနေ့မှာတော့ ရဲတပ်ဖွဲ့ကသာ တားဆီးခဲ့ပြီး ဆန္ဒပြပွဲတွေဟာ နေ့လည်ပိုင်းမှာ အထိအခိုက်မရှိဘဲ ပြီးဆုံးခဲ့တယ်လို့လည်း လားရှိုး မြို့ခံတွေက ပြောပါတယ်။

လားရှိုးမြို့အနီးမှာ တိုင်းရင်းသားလက်နက်ကိုင်တွေက ဒီလို လှုပ်ရှားမှုတွေရှိနေချိန်မှာပဲ တရုတ်နယ်စပ် မုံးကိုးဘက်မှာတော့ ကြာသပတေးနေ့က တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA ကချင်တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ အခု မနေ့ကလည်း တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းတက်ပါတယ်။ မနေ့က တက်တာကတော့ ကျနော်တို့ KIA တပ်ရင်း ၃၆နေရာဘက်မှာပေါ့နော်။ မုံးကိုးဘက်မှာ ဖြစ်ပါတယ်။ မိနစ် ၃၀အထက်ကြာတယ်လို့ ပြောကြပါတယ်။ မနေ့က ဖြစ်တာကတော့ တပ်မတော်ဘက်ကနေ စစ်ဆင်ရေးပေါ့၊ ထိုးစစ်ဆင်တဲ့အနေအထားနဲ့ ဖြစ်တဲ့ တိုက်ပွဲဖြစ်ပါတယ်။”

လက်ရှိ ရှမ်းမြောက်ဒေသဘက် က တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့တော့ တပ်မတော်ဘက်က သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။

ဒီလ ၃ရက်နေ့ကတော့ နမ္မတူမြို့နယ်အတွင်းမှာ TNLA တအန်း(ပလောင်)နဲ့ RCSS ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားတာကြောင့် မန့်စံရွာအနီးက နောင်အော်ကျေးရွာက အမျိုးသမီးတစ်ဦးလက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။

လောလောဆည်မှာ နမ္မတူမြို့ဘုန်းကြီးကျောင်း ၂ကျောင်းနဲ့ မန်စံ၊ မိုင်းမုကျေးရွာက ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင် ၃၀၀ကျော်လောက် ခိုလှုံနေရသလို ကျောက်မဲမြို့နယ် တော့ဆန်ဘက်မှာတော့ ဒုက္ခသည် ၁၅၀၀ လောက်ဟာ ရိက္ခာအခက်အခဲရှိနေကြပါတယ်။

.............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}



















XS
SM
MD
LG