သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ပြီးနောက် TNLA တပ်တွေ တိုက်ခိုက်ခံရ


TNLA တပ်ဖွဲ့ဝင် (Photo: PSLF/TNLA Info)
TNLA တပ်ဖွဲ့ဝင် (Photo: PSLF/TNLA Info)

ညီနောင်မဟာမိတ် သုံးဖွဲ့နဲ့ စစ်ကောင်စီအကြား ယာယီအပစ်ရပ်ဖို့ ဇန်နဝါရီ ၁၁ ရက်နေ့ညက သဘောတူခဲ့ကြပေမဲ့ ကျောက်မဲမြို့နယ်ထဲက TNLA တအာင်း တပ်မဟာ (၂) တည်ရှိရာကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့အကြား ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ TNLA ပြောပါတယ်။

‌ကျောက်မဲမြို့မှာရှိတဲ့ စစ်ကောင်စီ ၅၀၁-၅၀၂ ခစန်းက တပ်ဖွဲ့ဝင်တွေ အလုံးအရင်းနဲ့ TNLA တပ်စခန်းရှိရာ ငြိမ်းချမ်းရေးကုန်းကို လာရောက် ထိုးစစ်ဆင်တာကြောင့် ၂ နာရီကြာလောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PSLF/TNLA ပြောခွင့်ရ အမျိုးသမီးက ဗွီအိုအေကို ပြောပါတယ်။

ဒါဟာ ယာယီအပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို စစ်ကောင်စီတပ်က ပေါ်ပေါ်တင်တင် ချိုးဖောက်ပြီး အပစ်အခတ် ရပ်စဲရေးစာချုပ်ကို စစ်ကောင်စီဘက်က ဒုတိယအကြိမ် ချိုးဖောက်ခြင်းဖြစ်တယ်လို့လည်း TNLA က ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း ဖော်ပြထားပါတယ်။

အလားတူဘဲ ရှမ်းမြောက်ဒေသက သီပေါ၊ လားရှိုးနဲ့ မန္တလေးတိုင်းအတွင်းက မိုးကုတ်မြို့တို့ကို စစ်ကောင်စီဘက်က သောကြာနေ့ကရော ဒီနေ့ စနေနေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း TNLA ကသတင်း ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၂ ရက်၊ မနေ့ နေ့လည်ပိုင်းကတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရှမ်းမြောက် မိုးမိတ်မြို့နယ်၊ အုန်းကြော ရွာသစ်နဲ့ ရွာဟောင်းမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လင်မယား ၂ ယောက် သေဆုံးပြီး နောက်ထပ် အမျိုးသမီး ၃ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ ရွှေဖီမြေသတင်းဌာနက ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားဖော်ပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုနဲ့ စစ်ကောင်စီနဲ့ ညီနောင်သုံးဖွဲ့အကြား ယာယီအပစ်ရပ်ဖို့ ဇန်နဝါရီ ၁၁ ရက်နေ့ညက သဘောတူညီမှု ရရှိခဲ့တာမှာ နှစ်ဘက်တပ်တွေ အဲဒီနေ့ ည ၉ နာရီကစပြီး ချက်ခြင်း အပစ်ရပ်ဖို့၊ နှစ်ဘက် တပ်ဖွဲ့ဝင်အချင်းချင်းကြား ပစ်ခတ်တိုက်ခိုက်မှုနဲ့ ထိတွေ့မှုတွေမရှိစေရေး၊ တကယ်လို့ အငြင်းပွားစရာကိစ္စ ပေါ်ခဲ့ရင်လည်း တွေ့ဆုံဆွေးနွေးတဲ့လမ်းစဉ်နဲ့ ဖြေရှင်းရေးစတဲ့ အခြေခံ ၃ ချက်ကို သဘောတူထားခဲ့တဲ့ကြား အခုလို စစ်ကောင်စီတပ်တွေဘက်က ထိုးစစ်ဆင် တိုက်ခိုက်တယ်ဆိုတဲ့သတင်း ထွက်ပေါ်လာတာပါ။

XS
SM
MD
LG