သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တအန်း(ပလောင်) အမျိုးသားပါတီ ဥက္ကဋ္ဌမိသားစု မိုင်းကိုင်လမ်းခရီးမှာ ပျောက်ဆုံး


TNP ခေါ် တအန်း (ပလောင်) အမျိုးသားပါတီရဲ့ မိုင်းကိုင်မြို့နယ်ဥက္ကဋ္ဌ မိုင်းနုမ်ဟန် (ဓာတ်ပုံ TNP-Mong Kung)
TNP ခေါ် တအန်း (ပလောင်) အမျိုးသားပါတီရဲ့ မိုင်းကိုင်မြို့နယ်ဥက္ကဋ္ဌ မိုင်းနုမ်ဟန် (ဓာတ်ပုံ TNP-Mong Kung)

[[Zawgyi/Unicode]]

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်အတွင်းမှာ TNP ခေါ် တအန်း (ပလောင်) အမျိုးသားပါတီဥက္ကဋ္ဌဟာ မိသားစုနဲ့အတူခရီးသွားနေစဉ် လမ်းမှာပျောက်ဆုံးနေပါတယ်။ ရှမ်းပြည်တောင်ပိုင်း လက်နက်ကိုင် RCSS အဖွဲ့ဘက်ကဖမ်းဆီးထားတာဖြစ်တယ်လို့ TNP ပါတီဘက်က စွပ်စွဲထားပြီ RCSS ကတော့ ငြင်းဆိုထားပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

TNP ခေါ် တအန်း (ပလောင်) အမျိုးသားပါတီရဲ့ မိုင်းကိုင်မြို့နယ်ဥက္ကဋ္ဌ မိုင်းနုမ်ဟန်နဲ့ မိသားစုဟာ သူ့ဇာတိကျေးရွာကနေ မိုင်းကိုင်မြို့အလာ ဇန်နဝါရီလ ၁၀ ရက် က ပျောက်ဆုံးသွားပါတယ်။ လက်နက်ကိုင်ရှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီ RCSS/ SSA ရှမ်းတောင်ပိုင်းတပ်ရဲ့ တုံလောကျေးရွာစစ်ဆေးရေးဂိတ်ကို ဖြတ်ပြီးနောက်ပိုင်းအထိ တယ်လီဖုန်း အဆက်အသွယ်ရခဲ့ပေမယ့် ပန်လော့ရွာရောက်ပြီးနောက် အဆက်အသွယ်ပြတ်သွားတာတယ်လို့ TNP ပါတီက ပြောပါတယ်။ သူ့ မိခင် ဈာပနကအပြန် သူနဲ့အတူ ဇနီးသည်နဲ့ ၇ လအရွယ်သားငယ်တို့ ပျောက်ဆုံးသွားပုံကို မိုင်းကိုင် TNP ပါတီ အလုပ်အမှုဆောင် မိုင်းအောင်ခမ်းက VOA ကို အခုလို ပြောပါတယ်။

“၈ ရက်နေ့လောက်မှာ သူက ဒီ သူ့အမေက ကားတိုက်ခံရလို့ ပြန်သွားတာ။ ၁၀ ရက်နေ့မှာ ပြန်လာတယ်။ သူက သူ့ရွာကနေ ထွက်လာပြီပေါ့နော်။ ဖုန်းဆက်သေးတယ်။ နောက် သူက RCSS ရဲ့ ဂိတ်တခုကိုတော့ ဖြတ်ပြီးပြီ။ နောက် ရွာအထွက် ပေ့ါနော်။ ရွာအထွက်မှာပဲ ဖမ်းထားလိုက်တာ။ အခုအချိန်ထိ ဘာအစအနမှ မရတော့ဘူးဖြစ်နေတယ်။ သူရယ်၊ အမျိုးသမီးရယ်။ သူ့ရဲ့ သားလေးရယ်ပေါ့နော်။ မိသားစုတစုလုံး ဒီတိုင်း ဖမ်းထားတာပေါ့နော်။”

အဲဒီနယ်မြေတွေဟာ RCSS တပ်တွေက ထိန်းချုပ်ထားတာ ဖြစ်တဲ့အတွက် မိုင်းကိုင် TNP ဥက္ကဋ္ဌ မိသားစုကို RCSS က ဖမ်းဆီးတာလို့လည်း မိုင်းအောင်ခမ်းက အခုလို ပြောပါတယ်။

“ဘယ်လိုအထောက်အထားနဲ့ ပြောလို့ရလဲဆို အဲဒီအနီးအနားတဝိုက် လမ်းမကြီးမှာ ဂိတ်ထောင်ထားတာဆိုလို့ သူတို့တဖွဲ့ပဲရှိတာ။ နောက်ပြီးတော့ သူက မိခင်လာကြည့်တဲ့အချိန်မှာလည်း အကြာကြီး အစစ်ဆေးခံရတယ်။ ပြန်လာတဲ့အချိန်လည်း ဂိတ်တခုကို ဖြတ်ကျော်တဲ့အချိန်မှာ အဲဒီမှာလည်း စစ်ဆေးခံရတယ်။ နောက်ပြီးတော့ နောက်တဂိတ်တင်၊ အဲဒီနားလေးတင် ရောက်တာနဲ့ ကျနော်တို့က ဘာအစအနကို မရတော့ဘူး။ အဲဒါကြောင့် ကျနော်တို့ ဒီ RCSS တွေက ဖမ်းထားတယ်ဆိုတာ ကျနော်တို့ မှတ်ချက်ပေးလို့ ရတာပေါ့နော်။”

ဘာကြောင့် ဖမ်းတယ်ဆိုတာကိုတော့ သူက မပြောနိုင်ပါဘူး။ ၂၀၁၅ ရွေးကောက် ပွဲကာလတုန်းကလည်း မိုင်းကိုင် TNP ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့သူ့ကိုRCSS က ဖမ်းဆီးပြီး မိုင်းကိုင်မြို့နယ်အတွင်းမှာ နိုင်ငံရေးလှုပ်ရှားမှုမလုပ်ဖို့ တားမြစ် တာတွေ ရှိခဲ့ဖူးတယ်လို့ မိုင်းအောင်ခမ်းက ပြောပါတယ်။

မိုင်းကိုင် TNP ဥက္ကဋ္ဌ မိသားစုကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေဖမ်းဆီးထားတယ်ဆိုတဲ့ TNP ဘက်ကစွပ်စွဲချက်နဲ့ပတ်သက်လို့ RCSS/ SSA တောင်ပိုင်းအဖွဲ့ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးခမ်းစံက အခုလို ပြောပါတယ်။

“မြေပြင်သတင်းကျတော့ အသေးစိတ်တော့ မသိရဘူးခင်ဗျ။ ဒါပေမဲ့ ကျနော်တို့ ဂိတ်တွေ ဘာတွေ စောင့်တာတော့ မရှိဘူးခင်ဗျ။ တုံလော ကျေးရွာအုပ်စုကျတော့ နမ့်လန်နဲ့ ပန်ကေတု ကားလမ်း ကြားမှာရှိတယ်။ အဲဒီဘက်မှာဆို SSPP နေရာယူထားတယ်ခင်ဗျ။ ကျနော်တို့ RCSS ကျတော့ အနောက်ဘက်ခြမ်းမှာ ရှိလိမ့်မယ်။ နောက် စစ်ရေး ရင်ဆိုင်နေတဲ့နေရာတွေ ဖြစ်တယ်ခင်ဗျ။ ကျနော်တို့ ပြောက်ကျားလှုပ်ရှားမှုတွေရှိတယ်။ တပ်စွဲထားတာတော့ မရှိဘူးခင်ဗျ။ အများအားဖြင့် ရှိတာက SSPP တို့ အပေါင်းပါတွေပဲဗျ။ သူတို့ကျတော့ ဂိတ်တွေဘာတွေ တားပြီးတော့မှ နမ့်လန်ဘက်က ဆင်းလာတဲ့ကားတွေကို စစ်ဆေးတာတွေ ရှိတယ်ခင်ဗျ။”

ရှမ်းပြည်နယ်အတွင်းမှာ RCSS ရှမ်းတောင်ပိုင်းအဖွဲ့ဟာ ရှမ်းမြောက်ပိုင်းအဖွဲ့လို့သိကြတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မဟာမိတ်အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ဒီရက်ပိုင်းအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် မိုင်းကိုင်မြို့ပေါ်ကို စစ်ပြေးဒုက္ခသည် ၂၀၀၀ လောက် ရောက်ရှိနေပြီး စားနပ်ရိက္ခာ၊ အနွေးထည်၊ ခြုံစောင် စတာတွေ မလုံလောက်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။

===========

[[Unicode]]













===========

XS
SM
MD
LG