သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ebola ထိန်းချုုပ်ဖို့ အခြေခံ ကျန်းမာရေးစနစ်ကောင်း ရှိဖို့လို


ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်က ကျန်းမာရေးစောင့်ကြည့်မှု စနစ်။ (သြဂုတ် ၂၀၊ ၂၀၁၄)။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်က ကျန်းမာရေးစောင့်ကြည့်မှု စနစ်။ (သြဂုတ် ၂၀၊ ၂၀၁၄)။

မြန်မာနိုင်ငံလို ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်းတဲ့ နိုင်ငံမျိုးတွေမှာ အီဘိုလာရောဂါပိုး ထိန်းချုပ်ရေး လုပ်ငန်းတွေအတွက် ကျန်းမာရေးဌာနတင်မဟုတ်ပဲ အခြား အစိုးရအဖွဲ့အစည်းတွေရော အများပြည်သူကပါ ပူးပေါင်းဆောင်ရွက် သွားရမှာဖြစ်တယ်လို့ ကူးစက်ရောဂါထိန်းချုပ်ရေး ကျွမ်းကျင်သူတွေ က ပြောနေပါတယ်။ ဒါ့အပြင် အီဘိုလာရောဂါပိုး ထိန်းချုပ်ရေးအတွက် သတ်မှတ်ထားတဲ့ ကျန်းမာရေး လမ်းညွှန်ချက်အတိုင်း အားလုံး လိုက်နာဆောင်ရွက် သွားကြမယ်ဆိုရင် ကူးစက်ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်လိမ့်မယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

အီဘိုလာရောဂါပိုး ကူးစက်ပြန်နှံမှုနဲ့ အသေအပျောက်အများဆုံးနိုင်ငံတွေဖြစ်တဲ့ အနောက်အာဖရိကတိုက်နိုင်ငံ သုံးနိုင်ငံစလုံးမှာ အခြေခံအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်း တာကို တွေ့ရတယ် လို့ ရောဂါထိန်းချုပ်ရေး အဖွဲ့တွေက ထောက်ပြခဲ့ကြတာပါ။ ဒါကြောင့်လည်း အီဘိုလာရောဂါပိုးအပါအဝင် ကူးစက်ရောဂါပြန်နှံမှုတွေကို ထိန်းချုပ်နိုင်ဖို့ဆိုရင် အခြေခံ ကျန်းမာရေးစနစ်ကို အားကောင်းလာအောင်လုပ်ဖို့နဲ့၊ လူထုကျန်းမာရေး ဆိုင်ရာ အသိပေးလုပ်ငန်းတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားဖို့ လိုမယ်လို့ ရောဂါထိန်းချုပ်ရေး ကျွမ်းကျင်သူတွေ က ထောက်ပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အခု အီဘိုလာရောဂါပိုး ကူးစက်ပြန်နှံမှုဖြစ်နေတဲ့ ဇစ်မြစ်နိုင်ငံတွေနဲ့ အလှမ်းဝေးနေတယ် ဆိုပေမယ့်၊ လေယဉ်ခရီးသွားလာမှုတွေက တကမ္ဘာလုံးကို ကျုံ့သွားစေတာမို့ မြန်မာအနေနဲ့လည်း အီဘိုလာရောဂါ ထိန်းချုပ်ရေး အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့လိုမယ်လို့ အမေရိကန်ပြည်ထောင်စု Atlanta မြို့ CDC ရောဂါ ထိန်းချုပ်ရေးဌာန က မြန်မာ ဆရာဝန် ဒေါက်တာ မင်းမင်းစိုးက ပြောပါတယ်။

" ကျန်းမာရေး Infrastructure နည်းတဲ့ တိုင်းပြည်တွေမှာဆိုရင်တော့ ကျန်းမာရေး ဝန်ကြီးဌာန တခုတည်း ကတော့ ဒိုင်ခံ လုပ်နိုင်မှာမဟုတ်ဘူး။ အားလုံး ဝိုင်းလုပ်ကြရမှာ။ အစိုးရပိုင်းရော၊ အုပ်ချုပ်ရေးပိုင်းရော တဖက်မှာလည်း ပြည်သူကို ထိရောက်တဲ့ ပညာပေးတွေ လုပ်ရမှာဖြစ်သလို မီဒီယာတွေကို သေချာ ရှင်းပြသင့် တယ်။ ဘာတွေဖြစ်နေသလဲ။ ဘာတွေ ပြင်ဆင်မှု လုပ်ထားလဲ။ အခုဆိုရင် သံသယရှိတဲ့ လူနာရှိရင်လည်း ဘယ်လို သူတို့ ကုသမှုပေးနေလဲ။ အဲ့လိုမျိုးပေါ့။ နောက်ကျန်းမာရေး ဝန်ကြီးဌာနက ဖြစ်တဲ့အတွက် ဒီဝန်ကြီးဌာန ကလည်း တခြားဝန်ကြီးဌာနဖြစ်တဲ့ ဥပမာ လေဆိပ်တွေမှာ နောက် နယ်စပ်ဒေသတွေ မှာ ဆိုရင် ရှိတဲ့ ဝန်ကြီးဌာန ဌာနပေါင်းစုံ ဝိုင်းပြီးတော့ ကြိုတင် ကာကွယ် ပညာပေးမှုတွေ အားလုံး လုပ်ကြရမယ်။ နောက် အဲလိုင်းတွေကို တတ်နိုင်သမျှ ဂိုက်ဒ် လိုင်းတွေ ထုတ်ပေးထားသင့်တယ်။"

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ တရားဝင်စာရင်းအရဆိုရင် အီဘိုလာရောဂါပိုးကြောင့် သေဆုံးသူ ၁၃၅၀ ရှိသွားပါပြီ။ အများစုကတော့ အနောက် အာဖရိကတိုက်နိုင်ငံသုံးနိုင်ငံဖြစ်တဲ့ ဂီနီ လိုက်ဘေးရီယားနဲ့ ဆီရီယာ လီယွန်းနိုင်ငံတွေကပါ။ အဲဒီမှာ ရောဂါထိန်းချုပ်ရေးကြိုးပမ်းနေကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေပါ ရောဂါကူးစက်ခံရပြီး သေဆုံးမှုတွေရှိခဲ့ပါတယ်။ ဒါကြောင့်လည်းပဲ အီဘိုလာရောဂါပိုးကို ကြောက်စရာကောင်းတဲ့၊ ထိန်းချုပ်လို့ မရတော့တဲ့ ရောဂါဖြစ်တယ်ဆိုပြီး အထင်မှတ် မှားမှုတွေလည်း ရှိကြပါတယ်။ တကယ်တော့ ဒီရောဂါပိုးဟာ အလွယ်တကူသတ်နိုင်ပြီး၊ ရောဂါထိန်းချုပ်ရေးမှာ ကျန်းမာရေး လမ်းညွှန်ချက်တွေကို အသေအချာလိုက်နာကြဖို့ အရေးကြီး တယ်လို့ ဒေါက်တာမင်းမင်းစိုးက ပြောပါတယ်။

"ဗိုင်းရပ်စ်က ကြောက်စရာတော့ကောင်းတယ်။ ဒါပေမဲ့ အလွယ်တကူလည်း သတ်နိုင်တယ်။ ဆေးရုံတွေမှာ ဆေးခန်းတွေမှာ တွေ့တဲ့အတိုင်း သန့်ရှင်းရေး လုပ်တဲ့ ဖီနောက အစ ဒီလိုဟာတွေ အလွယ်တကူ သတ်နိုင်တယ် ဆိုတော့ ရောဂါဖြစ်ရင် ဖြစ်တဲ့နေရာမှာ သေသေချာချာသာ ဖိဖိစီးစီး လုပ်နိုင်မယ် ဆိုရင် ဒီလောက်ကြီး အလွယ်တကူ ပြန့်နိုင်စရာမလိုဘူး။ အခု အနောက် အာဖရိကမှာ ဖြစ်သွားတဲ့ကိစ္စကလည်း သေသေချာချာ ကျနော်တို့ Infection Control Protocol တွေက ရှိပြီးသား။ အဲ့တာတွေကို သေချာ လိုက်နာရင် မဖြစ်ဘူး။ အခုက သေချာ မလိုက်နာနိုင်ခဲ့တဲ့ အခြေအနေ ဖြစ်သွားတဲ့ အတွက် ရောဂါပိုးက လိုအပ်တာထက်ကို ထင်တာထက် မြန်မြန် ဆန်ဆန်ပြန့်သွားတာပေါ့လေ။"

အီဘိုလာရောဂါပိုးဟာ သွေး၊ ချွေး၊ သလိပ် စတဲ့ လူ့ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကတဆင့် ကူးစက်နိုင်ပါတယ်။ တုတ်ကွေးရောဂါလို လေက တဆင့် ကူးစက်နိုင်တဲ့ရောဂါတော့မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့လည်း ရောဂါပိုးရှိတယ်လို့ သံသယရှိခံရသူနဲ့ ခန္ဓာကိုယ် အသားချင်း တိုက်ရိုက်ထိတွေ့တာမျိုးရှောင်ဖို့ကိုပဲ အဓိက ပညာပေး တိုက်တွန်းမှုတွေလုပ်နေကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဆိုရင်တော့ CDC ရောဂါ ထိန်းချုပ်ရေးဌာန အနေနဲ့ ပြည်တွင်း သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ကျန်းမာရေး လမ်းညွှန်ချက် ထုတ်ပြန်ထားရုံမက၊ ရောဂါပိုး ကူးစက်မှုဇစ်မြစ်ဖြစ်နေတဲ့ အာဖရိကနိုင်ငံ အစိုးရတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတယ် လို့ ဒေါက်တာမင်းမင်းစိုး က ပြောပါတယ်။

" အာဖရိက အစိုးရ ဝန်ကြီးဌာနတွေနဲ့လည်း ကျနော်တို့ နေ့စဉ်ဆက်သွယ်တယ်။ သံသယရှိတဲ့သူတွေ လေယာဉ်ပေါ် မတက်ခင်လည်း ကျနော်တို့ကို Inform လုပ်ခိုင်းတယ်။ လေယာဉ်ပေါ်မှာ အကယ်လို့ မသင်္ကာစရာ တခုခုဖြစ်ရင်လည်း အဲလိုင်းတွေက သူတို့ ဘာလုပ်ရမယ်ဆိုတာ နားလည်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ ဂိုက်ဒ်လိုင်းတွေ သေချာထုတ်ထားလို့ သူတို့ ဘာလုပ်ရမလဲ ဆိုတာ သိတယ်။ အဲ့တာ ကျနော်တို့ ဒီနိုင်ငံမှာ ရောက်လာရင်လည်း ဒီကလေဆိပ်တွေ အကုန်လုံးမှာ CDC က တာဝန်ကျ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေ ထားတဲ့အတွက် သူတို့က အလွယ်တကူ လက်ခံပြီးတော့ စီစစ်ပေးတယ်ပေါ့နော်။"

အမေရိကန်ပြည်ထောင်စုမှာတော့ လိုက်ဘေးရီယားနိုင်ငံမှာ အီဘိုလာဝေဒနာသည်တွေ ကို သွားရောက်ကူညီပေးခဲ့သူ အမေရိကန် ဆရာဝန်တဦးနဲ့ အမေရိကန်လူမျိုး သာသနာပြုတဦးတို့ အီဘိုလာရောဂါပိုး ကူးစက်ခံခဲ့ရပါတယ်။ သူတို့နှစ်ဦးကိုတော့ အမေရိကန်ပြည်ထောင်စု ကို ပြန်လည်ခေါ်ဆောင်လာပြီး ကုသပေးခဲ့ရာမှာ ပြန်လည်ကောင်းမွန်သွားပြီလို့ ကျန်းမာရေးတာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။

အီဘိုလာ ဗိုင်းရပ်ပိုးဟာ လက်ရှိအားဖြင့် ကြိုတင် ကာကွယ်ဆေးရော၊ ရောဂါပျောက်ကင်းအောင် ကုသနိုင်မယ့် ဆေးရော တရားဝင် အားဖြင့် မပေါ်သေးပါဘူး။ ဒါပေမယ့်လည်း အီဘိုလာရောဂါပိုး ကူးစက်ခံရသူ အမေရိကန်နှစ်ဦးကိုတော့ Zmapp ခေါ်တဲ့ စမ်းသပ်ဆေးနဲ့ ကုသပေးခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG