သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဗဟိုဌာန အစိုးရလက်အောက်ခံအဖြစ် ဖွဲ့စည်းမည်


သမ္မတ အိမ်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က NRPC ဖွဲ့စည်းရေးနဲ့ ပတ်သတ်လို့ ဆွေးနွေးခဲ့ (Myanmar State Counsellor Office)
သမ္မတ အိမ်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က NRPC ဖွဲ့စည်းရေးနဲ့ ပတ်သတ်လို့ ဆွေးနွေးခဲ့ (Myanmar State Counsellor Office)

နိုင်ငံရဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေသာမက အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းတွေပါ လုပ်ကိုင်နိုင်ဖို့အတွက် NRPC လို့ခေါ်တဲ့ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန ကို နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနအောက်မှာ အစိုးရအဖွဲ့အစည်း တစ်ရပ်အဖြစ် ထားရှိတော့ မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ နှစ်ဆယ့် တစ်ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် အကြိုပြင်ဆင်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကော လက်မှတ်မထိုးတားသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ပါ ဆွေးနွေးပွဲတွေ တစ်ပြိုက်နက်ပြုလုပ်သွားမှာဖြစ်တယ် လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကိုသာ တစိုက် မတ်မတ်လုပ်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန MPC အစား လက်ရှိအစိုးရသစ်လက်ထက်မှာ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC လို့ ပြောင်းလဲဖွဲ့စည်းပြီး နိုင်ငံတော် အတိုင်ပင်ခံ ရုံး ဝန်ကြီးဌာနအောက်မှာ အစိုးရအဖွဲ့အစည်းတစ်ရပ်အဖြစ် ထားရှိတော့မှာဖြစ်ပါတယ်။ ဒီကနေ့ သမ္မတ အိမ်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က NRPC ဖွဲ့စည်းရေးနဲ့ ပတ်သတ်လို့ ဆွေးနွေးခဲ့ပြီး အစိုးရသစ်လက်ထက်မှာ ဆက်လုပ်သွားမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်လို့ အဓီကထား ပြောကြားခဲ့တယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

“NRPC ဖွဲ့စည်းတဲ့အခါမှာ အစိုးရအဖွဲ့အစည်းတရပ်အနေနဲ့ ဖွဲ့စည်းမှာဖြစ်ပါတယ်။ နောက်တခုက ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပနိုင်ဖို့ ကော်မတီ ၁ ခုဖွဲ့တယ်ပေါ့ အဲဒီ ကော်မတီအောက်မှာမှ Sub ကော်မတီ ၂ ရပ် ထပ်ဖွဲ့မယ်။ အဲဒီမှာ ဘာလဲဆိုတော့ Sub ကော်မတီ တဖွဲ့က NCA ထိုးထားပြီးသား ၈ ဖွဲ့ ၊ နောက် Sub ကော်မတီ တခုကတော့ NCA မထိုးထားသေးတဲ့ အဖွဲ့တွေ။”

ပြောင်းလဲ ဖွဲ့စည်းမယ့် NRPC အဖွဲ့ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေသာမက အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်သွားမှာဖြစ်တာကြောင့် အစိုးရအဖွဲ့အစည်း တစ်ရပ်အဖြစ် ဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

“အစိုးရရဲ့ မူဝါဒတွေ အကောင်အထည်ဖော်တဲ့ဟာမှာပေါ့နော် ပြီးခဲ့တဲ့ MPC ကတော့ အစိုးရလည်းပါတယ်၊ Semi-government လိုလိုဘာလိုလိုဖြစ်တဲ့အတွက် ကျန်တဲ့ဟာတွေကို စဉ်းစားစရာ အနေအထားတွေရှိတယ်။ နောက် သူ့ mandate ကိုဘယ်လောက်အထိ ပေးမလဲပေါ့။ အစိုးရမဟုတ်ဘူးဆိုရင် သူက NGO သဘောမျိုးဆိုရင် ကျနေ်ာတို့အရေးကြီးတဲ့ ရင်ကြားစေ့ရေးနဲ့ peace process တွေမှာ အကောင်အထည်ဘယ်လိုမျိုးသူ့အခန်းကဏ္ဍ ပါဝင်နိုင်မလဲပေါ့နော်။ နောက်တခုက ကျနော်တို့ နိုင်ငံမှာရှိတဲ့ အခြေခံဥပဒေ၊ တည်ဆဲဥပဒေနဲ့အညီဖြစ်ဖို့လည်းလိုတယ်။ ဒါတွေနဲ့ ခြုံငုံပြီးတော့ အစိုးရအဖွဲ့အစည်းတရပ်အနေနဲ့ထားဖို့ ညွှန်ကြားတာဖြစ်ပါတယ်။”

NRPC အဖွဲ့ ပြန်လည် ပြင်ဆင်ဖွဲ့စည်းမှု လုပ်ငန်းစဉ်တွေကို နိုင်ငံတော် အတိုင်ပင်ခံ ရုံး ပြည်ထောင်စု ဝန်ကြီးအဖြစ် ပြည်ထောင်စု လွှတ်တော်မှာ အမည်စာရင်း တင်သွင်းခြင်း ခံထားရတဲ့ ဦးကျော်တင့်ဆွေက ဦးဆောင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နှစ်ဆယ့် တစ်ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ဖို့အတွက် အကြိုပြင်ဆင်ရေး ကော်မတီတစ်ရပ်ကို လာမယ့် ရက်ပိုင်းအတွင်းမှာ ဖွဲ့စည်းပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို စေ့စပ်ညှိုနှိုင်းရေး တာဝန်ခံ ဒေါက်တာတင်မျိုးဝင်းက ဦးဆောင် လုပ်ကိုင်သွားမှာဖြစ်ပါတယ်။ အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်လို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနက ကိုယ်စားလှယ် ဦးလှမောင်ရွှေ ပြောတာက

“ကျနော့် ပုဂ္ဂလိက တဦးတည်းအမြင်နဲ့ဆိုရင်တော့ လက်ရှိအစိုးရအသစ်မှာလည်း ငြိမ်းချမ်းရေးကို အောင်မြင်အောင်ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်း အများကြီး ရှိနေပါတယ်။ နောက်တခုက အရင်အစိုးရ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ လုပ်ခဲ့တဲ့ အခြေခံကောင်းတွေအများကြီး ရှိတဲ့အတွက် ဒီအပေါ်မှာ ကျနော်တို့ ညှိနှိုင်းဆောင်ရွက်ပြီးတော့ သွားနိုင်တဲ့ အနေအထားလေးတွေ အများကြီးရှိတဲ့အတွက် အောင်မြင်အောင်လည်း ဆောင်ရွက်နိုင်ပါလိမ့်မယ်။”

အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ဖွဲ့စည်းမှုနဲ့ နှစ်ဆယ့်တစ်ရာပင်လုံးညီလာခံ ကျင်းပနိုင်ဖို့ အကြိုပြင်ဆင်မှုတွေနဲ့ ပတ်သတ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အစည်းအဝေးတစ်ရပ်ကို လာမယ့် သီတင်းပတ်အတွင်းမှာ နေပြည်တော်မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစည်ကြည်နဲ့လည်း တွေ့ဆုံသွားမှာဖြစ်သလိုUPDJC ပြင်ဆင်ဖွဲ့စည်းမှုများကိုလည်း အမြန်ဆုံး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒီကနေ့ အစည်းအဝေးမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

ဒီကနေ့ သမ္မတအိမ်တော်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေး ကိုတော့ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး စေ့စပ်ညိုနှိုင်းရေး တာဝန်ခံ ဒေါက်တာ တင်မျိုးဝင်းတို့ အပါအဝင် အစိုးရ ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ နယ်စပ်ရေးရာ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နဲ့ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဦးကျော်တင့်ဆွေတို့အပြင် တပ်မတော်သား ကိုယ်စားလှယ် ၃ ဦးတို့ တက်ရောက်ခဲ့ကြတာပါ။ ဒါ့အပြင် MPC က ကိုယ်စားလှယ် ၄ ဦး အပါအဝင် ရန်ကုန်တိုင်း အစိုးရ အဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့နိုင်ငံတော် အတိုင်ပင်ခံ ရုံးက ဦးမိုးဇော်ဦးတို့လည်းတက်ရောက်ခဲ့ကြပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာ ပြောင်းလဲဖွဲ့စည်း
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG