သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲရပ်ရေးအဆို လွှတ်တော်အတည်ပြု


ပြည်သူ့လွှတ်တော်
ပြည်သူ့လွှတ်တော်

ရှမ်းပြည်မြောက်ပိုင်း မှာဖြစ်ပွားနေတဲ့ တိုက်ပွဲများရပ်ဆိုင်းဖို့အတွက် အရေးကြီး အဆိုကို ဒီကနေ့လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ ဒီလိုအတည်ပြုလိုက်ပေမယ့် တိုက်ပွဲတွေ ဘယ်လိုတွေရပ်တန့်မလဲ ဆိုတာကိုတော့ တိကျစွာမပြောပါဘူး။ လွှတ်တော်ဘက်က ဒီလိုအတည်ပြုပေမယ့် ဒီနေ့နောက်ဆုံး အခြေအနေအရ ရှမ်းပြည်ဘက်မှာ တိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေဆဲပါ။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းက မေခက ပေးပို့ထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မှာဖြစ်ပွားနေတဲ့ တိုက်ပွဲများရပ်ဆိုင်းဖို့အတွက် အရေးကြီး အဆိုကို ဒီကနေ့လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ ဒီလိုဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ် သက်ပြီး သက်ဆိုင်ရာ အစိုးရဌာနတွေက လုပ်ဆောင်နေတဲ့ အပိုင်းတွေကို ဒီကနေ့လွှတ်တော်မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီက ဦးအောင်မင်းက တိုက်ပွဲတွေရပ်တန့်နိုင်ဖို့ ကြိုးစားလုပ်ဆောင်မယ်ဆိုပေမယ့် ဘယ်လိုတိတိကျကျ လုပ်ဆောင်မလဲဆိုတာတော့ မပြောဆိုခဲ့ပါဘူး။

“ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS သည် NCA စာချုပ် လက်မှတ်ရေးထိုးထား၍ အရပ်သားများနှင့်ဆက်ဆံရာတွင် စာချုပ်ပါ စည်းကမ်းချက်များအား လိုက်နာရန် JMC မှ တဆင့် တိုက်တွန်းဆောင်ရွက် လျက်ရှိပါတယ်။ တအောင်းအမျိုးသားလွတ်လပ်ရေးတပ်မတော် TNLA သည် ပြည်နည်အဆင့် စာချုပ်နှင့် NCA စာချုပ်များကို လက်မှတ်ရေးထိုး ထားခြင်းမရှိ၍ အရပ်သားများနှင့် ဆက်ဆံရေး ကိစ္စများ တိုက်ပွဲမဖြစ်ပွားစေရေး ကိစ္စများတွင် ကြီးကြပ်ဆောင်ရွက်ရန် အခက်အခဲတွေ့ရှိ ပါတယ်။ နှစ်ဦး နှစ်ဖက် တွေ့ဆုံဆွေးနွေးနိုင်ရေး နိုင်ငံတော်အစိုးရမှ ဆောင်ရွက်လျှက်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။"

ဦးအောင်မင်းက လွှတ်တော်မှာ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အခုလိုပြောဆိုလိုက်တာပါ။

ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးကလည်း ပြည်သူတွေ လုံခြုံရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတာကို အခုလိုပြောပါတယ်။

“ဒါ့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေနှင့်လည်း စစ်ဘေးရှောင် ဒုက္ခသည်စခန်းများ လုံခြုံရေးအတွက် စစ်ဘေးရှောင် ဒုက္ခသည် စခန်းများ လုံခြုံရေးကော်မတီကို ဖွဲ့စည်းထားရှိပြီး ရဲတပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ စုပေါင်းဖွဲ့စည်းကာ ဒုက္ခသည်စခန်းလုံခြုံရေး နယ်မြေစိုးမိုးရေးနဲ့ နယ်မြေလုံခြုံရေးလုပ်ငန်းများကိုလည်း အလေးအနက်ထား ဆောင်ရွက်ပေးလျက်ရှိကြောင်း တင်ပြအပ်ပါတယ်။ ဒေသအတွင်း တိုက်ပွဲများ ဖြစ်ပွားနေစဉ်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းတခုမှ ၂၀၁၆ ခုနှစ် ဖေဖဝါရီလ၊ ၆ ရက်နေ့မှာ မင်းကုန်းကျေးရွာအုပ်စုနေ ဒေသခံအများသား ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာမှာ မင်းကုန်းကျေးရွာနေ ဦးဌေးဦးမှာ ၉ ရက်နေ့မှာ လွတ်မြှောက်လာကြောင်းနှင့် ကျန် ၇ ဦးမှာ သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း သိရှိရပါတယ်။ ဒါကြောင့် ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်မှုများအတွက် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း တင်ပြအပ်ပါတယ်။”

ပြည်သူတွေကို ညှင်းပန်းနှိပ်စက်နေမှု သတ်ဖြတ်နေမှု တွေရှိလာတာကြောင့် ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ဖို့ ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်မြတ်နွယ်က အခုလိုပြောပါတယ်။

“တပ်မတော်အနေဖြင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်း အချင်းချင်း ဖြေရှင်းနေမှု အပေါ် ပြေလည်စေရေး စိတ်ရှည်စွာ အချိန်ယူစောင့်ပေးနေသော်လည်း မပြေလည်သည့်အပြင် ယခုရက်ပိုင်းအတွင်းမှာ အပြန်အလှန် ကျေးရွာနေလူထုနဲ့ ဘာသာရေးအဖွဲ့အစည်းများကိုပါ ဖမ်းဆီးသတ်ဖြတ်မှုများ ရှိလာသဖြင့် ဖေဖဝါရီလာ ၁၂ ရက်နေ့မှ စ၍ ယခုဖြစ်စဉ် ဖြစ်ပွားလျက်ရှိတဲ့ ကျောက်မဲမြို့နယ်အတွင်း RCSS သို့ သတိပေးကန့်ကွက်ပြီး နယ်မြေအတွင်းမှ ပြန်ထွက်စေခြင်း၊ TNLA အဖွဲ့အား ကြိုတင်သတိပေး၍ ကြိုတင်ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိနေပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။”

လက်ရှိမှာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့နယ်အတွင်းမှာ အစိုးရတပ်နဲ့ ပလောင်တပ်အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒီကနေ့ လေကြောင်း ကပါ တိုက်ခိုက်လာတယ်လို့ ပလောင်တပ် ဘက်က ပြောပါတယ်။ အစိုးရဖက်ကတော့ ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ဒီကနေ့ အကျယ် တဝင့်ဆွေးနွေးနေချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ ကွတ်ခိုင်မြို့နယ်တွေအတွင်းမှာ ဒီကနေ့ တနေ့လုံးနီးပါး တိုက်ပွဲတွေ ဖြစ်ပွားပြီး လေကြောင်းကပါ တိုက်ခိုက်တဲ့ အထိ ပြင်းထန်နေတာဖြစ်ပါတယ်။

ဒီလို လွှတ်တော်မှာ ဆွေးနွေးအတည်ပြုပေမယ့် ဒီလိုလုပ်ဆောင်မှုက တိုက်ပွဲတွေရပ်တန့်နိုင်ဖို့ထိကိုတော့ ထိရောက်နိုင်ဖို့က အားနည်းနေပါသေးတယ်။ ဒီအဆိုဘယ် လောက်ထိရောက်မလဲဆိုတာနဲ့ပတ်သက်ပြီး စစ်ရေးလေ့လာ သုံးသပ်သူ သတင်းစာဆရာ ဦးစည်သူအောင်မြင့် က အခုလိုသုံးသပ်ပါတယ်။

“TNLA နဲ့ RCSS နဲ့ပေါ့နော် အခုအဲဒီ ၂ ခုကိုအရင်ပြောရမှာပေါ့။ အခုအဲဒီ ၂ က အစိုးရစစ်တပ်နဲ့ တိုက်ကြတဲ့ တိုက်ပွဲမဟုတ်ဘူး။ အစိုးရစစ်တပ်နဲ့ တိုက်ကြတဲ့ တိုက်ပွဲမဟုတ်ဘူးဆိုတဲ့အခါကျတော့ လွှတ်တော်ကနေပြီးတော့မှာ တိုက်တွန်းတယ်ဆိုတာမှာ ဒါတွေလုပ်ပေးဖို့၊ ကိုင်ပေးဖို့ တိုက်တွန်း တယ်လို့ ပြောတာမှာ ဘယ်သူ့ကို တိုက်တွန်းလဲဆိုတာကတော့ အဲဒါ ပြဿနာပဲ။ ဟိုဟာက အုပ်ချုပ်ရေးပိုင်းနဲ့ လက်လှမ်းမီတဲ့နေရမှာ မရှိဘူးလေ။ TNLA ဆိုရင် လည်း သူပုန်အဖွဲ့ပဲ။ အခုဆိုရင် ဒီ NCA လက်မှတ်မထိုးထားဘူး။ ပြီးတော့မှ RCSS ဆိုရင်လည်း သူက လက်နက်ကိုင်တပ်ဖွဲ့တခုပဲ ။ ဒါကတော့ အစိုးရတပ်မတော် လည်း မဟုတ်ဘူး။ ဆိုတဲ့အခါကျတော့ ဘယ်ဟာကိုတိုက်တွန်းသလဲ၊ ဘယ်သူ့ကို လျော့ချမလဲဆိုတာက နည်းနည်းတော့ ဟိုဟာဖြစ်တာပေါ့။ဆိုတော့ အစိုးရကတော့ သူ ကူညီနိုင်တာရှိတာတွေ ကူညီမယ် ၊ သိပ်ပြီးတော့ လွှတ်တော် အနေအထားနဲ့ ကတော့ သိပ်ပြီးတော့ တက်နိုင်မယ်လို့တော့ မထင်ဘူး ဘာဖြစ်လို့လဲ ဆိုတော့ အစိုးရတောင်မှ သိပ်တက်နိုင်တာမဟုတ်ဘူးလေ။”

လက်ရှိချိန်မှာ ရှမ်းပြည်နယ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၂ ခုကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက ပိုပြီး တင်းမာလာနေသလို ဒီမှာ နယ်မြေ ရှင်းလင်းရေး အတွက်တပ်မတော်ကပါ ပါဝင်လာတာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်နေဦးမယ့် အပေါ် ဒေသခံတွေက စိုးရိမ်နေလျက်ရှိပါတယ်။ လတ်တလောမှာ တိုက်ပွဲတွေက အတော်လေးကို ပြင်းပြင်း ထန်ထန်ဖြစ်ပွားလာလို့ ထောင်ချီတဲ့ ရှမ်း၊ ပလောင်ဒေသခံပြည်သူတွေ စစ်ဘေးလွတ်ရာတွေဆီ ထွက်ပြေး နေရလျက်ရှိပါတယ်။

XS
SM
MD
LG