သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးလိပ်ကြော်ငြာ ထိန်းချုပ်လျှင် လူ့အသက် သန်းချီကယ်နိုင်မည်


ဆေးလိပ်မသောက်ဖို့ လှုံ့ဆော်မှုတွေနဲ့ ဆေးလိပ်သောက်သုံးတာကို ထိန်းချုပ်ဖို့ တခြားလုပ်ဆောင်မှုတွေကို ကမ္ဘာတဝှမ်းမှာ လုပ်ဆောင်ခဲ့မယ်ဆိုရင် လူ့အသက် သန်းပေါင်းများစွာကို ကယ်တင်နိုင်မယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။

ဆေးလိပ်မသောက်အောင် ထိန်းချုပ်တဲ့ နည်းလမ်းတွေထဲမှာ ဆေးလိပ်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ကြော်ငြာတွေ၊ ဆေးလိပ်ရောင်းကောင်းအောင် လျှော့ပေးတာတွေ၊ အခမ်းအနားတွေ ကျင်းပဖို့ ငွေထောက်ပံ့ပေးတာတွေနဲ့ ပတ်သက်ပြီး တားမြစ်လိုက်တာဟာ အထိရောက်ဆုံး နည်းလမ်းတခုလို့ ကုလသမဂ္ဂရဲ့ ဗုဒ္ဓဟူးနေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီလိုတားမြစ်မှုတွေ တင်းတင်းကျပ်ကျပ်ချထားတဲ့ နေရာ ဒါမှမဟုတ် တစိတ်တပိုင်း တင်းကျပ်ထားတဲ့ နေရာတွေမှာ နေထိုင်သူက သန်းပေါင်း သုံးထောင်လောက်ရှိပေမဲ့ ကမ္ဘာပေါ်က လူအများစုကတော့ ဒီလိုသတ်မှတ်မှုမျိုး လုံးဝ မရှိတဲ့နေရာမှာ နေထိုင် နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဆေးလိပ်သောက်သုံးမှု အန္တရာယ်ဟာ လူထုကျန်းမာရေးအတွက် ယနေ့ ကမ္ဘာကြီးမှာ ရင်ဆိုင်နေရတဲ့ အဆိုးရွားဆုံး အန္တရာယ်ကြီးတခုလို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ခေါ်ဆိုလိုက်ပါတယ်။ တနှစ်တနှစ် ဆေးလိပ်သောက်သုံးတာနဲ့ ဆက်နွယ်ပြီး သေဆုံးရသူပေါင်း ၆ သန်းလောက်ရှိနေပြီး တားဆီးမှုတွေကိုသာ သေသေချာချာ ဆက်မလုပ်ရင် တနှစ်ကိုသေဆုံးသူ ၈ သန်းလောက်အထိ တိုးလာနိုင်တယ်လို့ပါ သတိပေးလိုက်ပါတယ်။
XS
SM
MD
LG