သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတူကွဲပြားမှု အကြား နားလည်မှုနဲ့ မြန်မာ့ခေတ်သစ် ထူထောင်ဖို့ ကန်ဝန်ကြီး တိုက်တွန်း


ကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ဖန်တီးရာ ရုံးခန်းမှာ အမျိုးသားလက္ခဏာ၊ သည်းခံခြင်းနဲ့နည်းပညာအကြောင်း ဆွေးနွေး။(photo-U.S. Embassy Rangoon's facebook)
ကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ဖန်တီးရာ ရုံးခန်းမှာ အမျိုးသားလက္ခဏာ၊ သည်းခံခြင်းနဲ့နည်းပညာအကြောင်း ဆွေးနွေး။(photo-U.S. Embassy Rangoon's facebook)

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြသူတွေကြား လူမျိုးဘာသာ၊ အသားအရောင် မခွဲခြားဘဲ၊ အပြန်အလှန် နားလည် သည်းခံမှုနဲ့ နည်းပညာတိုးတက် ဆန်းသစ်မှုတွေနဲ့ အတူ ခေတ်သစ် ထူထောင်ကြဖို့တိုက်တွန်းလိုက်ပါတယ်။

National Identity ဆိုတဲ့ အမျိုးသားလက္ခဏာ သက်မှတ်ချက်ဟာ အမေရိကန်ပြည်ထောင်စုမှာတော့ လူမျိုးဘာသာကိုအခြေမခံဘဲ အတွေးအခေါ်၊ အယူအဆနဲ့ အကြံဉာဏ်၊ တန်းတူညီမျှမှုတွေပေါ်မှာအခြေခံပါတယ်လို့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ကပြောဆို လိုက်ပါတယ်။ ဒေါ်ခင်စိုးဝင်းက ပြောပြမှာပါ။

မြန်မာနိုင်ငံကို ၃ ရက်ကြာခရီး ရောက်ရှိနေတဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းတော့မယ့် မြန်မာနိုင်ငံမှာ ခေတ်သစ်ကို ထူထောင်ကြနိုင်ကြဖို့ တိုက်တွန်းရင်း မြန်မာတို့ရဲ့ အမျိုးသားလက္ခဏာ National Identity သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားသူတွေနဲ့ လူငယ်တွေရဲ့ သဘောထားကို မေးခွန်းထုတ်လိုပါတယ်လို့ အခုလို ပြောဆို လိုက်ပါတယ်။

“ဒီကနေ့ကျနော်တို့မေးချင်တဲ့မေးခွန်းတခုကတော့ မြန်မာနိုင်ငံရဲ့ National Identity သတ်မှတ်ချက် အပေါ်ဘယ်လို သဘောထားသလဲ သိလိုပါတယ်။ ဘယ်လို ဖြစ်ထွန်းမှုတွေရှိနေတယ်၊ အခုဆိုရင် ဒီမိုကရေစီ အစိုးရ အုပ်ချုပ်တော့မယ့် အချိန်လည်းဖြစ်ပါတယ်။ National Identity နဲ့ ပတ်သက်လို့ ဒီထက်မက ဘာတွေ ဆက်ပြီး တိုးတက်ဖြစ်ထွန်းမှုတွေရှိနိုင်သလဲဆိုတာကိုသိလိုပါတယ်။ လူမျိုးရေးနဲ့ ဘာသာရေးကိုအခြေမခံဘဲ National Identity သတ်မှတ်နိုင်ဖို့ အခွင့်အလန်းကောာ ရှိနိုင်ပါသလားဆိုတာကို မေးခွန်းထုတ်လိုပါတယ်။”

နှစ်ပေါင်း ၂၄၀ ကျော် ဒီမိုကရေစီ ကျင့်သုံးနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ ဘာသာ၊ လူမျိုး၊ ယဉ်ကျေးမှု မတူကွဲပြားသူတွေ စုစည်းနေထိုင်ရာ ဖြစ်ပေမယ့် National Identity အမျိုးသား လက္ခဏာသတ်မှတ်ချက်ကတော့ မခွဲခြားဘဲ အမေရိကန်နိုင်ငံသားတွေရယ်လို့ဘဲ အသိအမှတ်ပြုထားကြတာဖြစ်တယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ကပြောပါတယ်။

“ခွဲခြားဆက်ဆံမှု စစ်ပွဲတွေကို နှစ်ပေါင်း ၂၄၀ အတွင်း အောင်မြင်အောင် ကြိုးစား တိုက်ဖျက်နိုင်ခဲ့တာပါ။ ဘာဖြစ်လို့လည်းဆိုတော့ အမေရိကန်ပြည်ထောင်စုမှ National Identity အမျိုးသားသွင်ပြင်လက္ခဏာကို လူမျိုး၊ ဘာသာကို အခြေမခံဘဲ၊ အကြံဉာဏ် တွေနဲ့ အတွေးအခေါ်တွေကိုဘဲအခြေခံခဲ့လို့ပါဘဲ။ ဒီအကြံဉာဏ် အတွေးအခေါ်တွေထဲမှာ အယူအဆအရ ဘယ်ကဘဲလာလာ၊ ဘယ်သူဘဲဖြစ်ဖြစ်၊ မခွဲခြားဘဲ၊ တန်းတူ ဆက်ဆံကြဖို့ဘဲဖြစ်ပါတယ်။ တကယ်လို့များ ခေါင်းဆောင်ပိုင်းက လူမျိုးရေးအရ ကျနော်တို့ကို ခွဲခြားဖို့ကြိုးစားခဲ့မယ်ဆိုရင် ဒါဟာ အမေရိကန်အတွေးအခေါ်မဟုတ်ဘူးလို့ ရဲရဲဝံ့ဝံ့ ထောက်ပြမှာဖြစ်ပါတယ်။ တကယ့် အမေရိကန်တွေက မတူကွဲပြားမှုနဲ့ အပြန်အလှန် နားလည် သည်းခံမှုကို ယုံကြည်ကြပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ National Identity နဲ့ ပတ်သက်လာရင် မျိုးချစ်စိတ်နဲ့ သိပ်ကို အင်အားရှိတဲ့ ခုခံံမှုပါဘဲ။”

Tom Malinowski နဲ့ အမေရိကန်သံအမတ်ကြီး Derek Mitchell တို့ဟာ လူငယ်တွေ၊ အရပ်ဘက်အသိုင်းအဝိုင်း၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးခေါင်းဆောင်တွေ၊ နည်းပညာရှင်တွေ စုစုပေါင်း ၄၀ ခန့် နဲ့ အတူ ခေတ်သစ်မြန်မာနိုင်ငံအတွက် အမျိုးသားလက္ခဏာ၊ အပြန်အလှန်နားလည် သည်းခံခြင်းနဲ့ နည်းပညာအကြောင်းတို့ကို ရန်ကုန်မြို့က ဖန်တီးရာ ရုံးခန်းမှာ ဇန်နဝါရီ ၁၉ရက် ဒီနေ့ ညနေပိုင်းမှာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ကမ္ဘာတဝန်း အကြမ်းဖက်မှုတွေဖြစ်ပွားရတဲ့ အခြေခံအကြောင်းရင်းတွေဟာ ဘာသာလူမျိုး မတူကွဲပြားခြားနားမှုကို နိုင်ငံရေးအမြတ်ထုတ်လိုသူတွေက အခွင့်ကောင်းယူ အသုံးချခံခဲ့ရတာကြောင့်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ထောက်ပြလိုက်ပါတယ်။

“အသွင်မတူတဲ့ လူမျိုးနဲ့ ဘာသာရေး အုပ်စုတွေအကြား အကြမ်းဖက်တာ တွေကို တွေ့ရတာဟာ သူတို့တွေရဲ့ နာကျည်းမှုတွေကြောင့်မဟုတ်ဘဲ နိုင်ငံရေးအင်အားစုတွေ၊ ခေါင်းဆောင်တွေက သူတို့ ရည်မှန်းချက်ရောက်အောင် ဒီမတူကွဲပြားမှုတွေကို အခွင့်ကောင်းယူပြီး အသုံးချဖို့ကြိုးစားတဲ့ တာဝန်မဲ့လုပ်ရပ်တွေကြောင့် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာစုနှစ်တွေအတွင်း ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာပေါ်က ပဋိပက္ခတိုင်းလိုလိုဟာ လူမျိုးရေးနဲ့ ဘာသာရေး မတူကွဲပြားမှုကို အသုံးချခဲ့တာများပါတယ်။”

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ၊ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဟာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့ထိ မြန်မာနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး တနင်္လာနေ့တုန်းကတော့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Anthony Blinken နဲ့ အတူ နေပြည်တော်မှာ မြန်မာအစိုးရခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG