သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ညွန့်ပေါင်းဖွဲ့ ဖိအားပေးဖို့ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း


မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews (Photo: UNweb) 26th Oct, 2022
မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews (Photo: UNweb) 26th Oct, 2022

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ လူ့ဘောင်လောကမှာ အဆိုးဝါးဆုံးအခြေအနေကို ထင်ဟပ်နေတယ်လို့ မြန်မာဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောဆိုလိုက်ပါတယ်။

ဒီနှစ် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ လူ့အခွင့်အရေးဆိုင်ရာ တတိယကော်မတီမှာ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က ပြောဆိုလိုက်တာပါ။ တနိုင်ငံချင်းစီရဲ့ မြန်မာအပေါ်ဖိအားပေးတာတွေက ထိရောက်မှုမရှိဘဲ အခြေအနေအဆပေါင်းများစွာ ပိုဆိုးလာနေတဲ့အတွက် နိုင်ငံတကာညွန့်ပေါင်းဖွဲ့ပြီး ဖိအားပေးဖို့ လိုအပ်နေပြီလို့ VOA ကို ပြောပါတယ်။

လုံခြုံကောင်ရေးကောင်စီမှာ ယူကရိန်းအရေးမှာ ဗီတိုကြောင့်အလုပ်မဖြစ်တဲ့အတွက် ညွန့်ပေါင်းဖွဲ့ပြီး ကုလအထွေထွေညီလာခံကနေ ရက်ပိုင်းအတွင်းအရေးယူနိုင်ခဲ့တဲ့ သာဓကမျိုးနဲ့ မြန်မာပြည်သူတွေကိုကူညီသင့်ပါပြီလို့ Tom Andrews က VOA ရဲ့ ကုလသတင်းထောက် Margaret Besheer နဲ့ သီးသန့် တွေ့ဆုံမေးမြန်းမှုမှာ ရှင်းပြခဲ့ပါတယ်။ ကိုဝင်းမင်းက ကောက်နုတ်စုစည်း တင်ပြပေးထားပါတယ်။

နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်မှာ မနေ့ကလုပ်တဲ့ (၇၇) ကြိမ်မြောက် ကုလအထွေထွေညီလာခံ UNGA ရဲ့ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့တတိယကော်မတီအစည်းအဝေးမှာ မစ္စတာ အင်ဒရူးက မြန်မာ့လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းခဲ့ပြီး သတင်းစာရှင်းလင်းပွဲဆက်လုပ်ခဲ့ပါတယ်။ နောက်ပြီး ဗွီအိုအေစတူဒီယိုမှာ သီးသန့်အင်တာဗျူးပေးခဲ့ပါတယ်။ ဒီတခေါက်တင်ပြခဲ့တဲ့ မြန်မာ့လူ့အခွင့်အရေး နောက်ဆုံးအခြေအနေကို မေးရာမှာ အမေရိကန်လွှတ်တော်အမတ်ဟောင်းလည်းဖြစ်တဲ့ အင်ဒရူးစ်က အခုလို ပြောပါတယ်။

“ မြန်မာနိုင်ငံက လူ့သားချင်းစာနာမှုဆိုင်ရာနဲ့ လူ့အခွင့်အရေး အခြေအနေတွေက ဘယ်လိုပဲတိုင်းတိုင်း ဆတိုးချီပြီးတော့ကို ဆိုးဝါးပျက်သုဉ်းလာနေပါတယ်။ ထောင်ဂဏန်းတွေချီတဲ့ ပြည်သူတွေ သတ်ဖြတ်ခံနေရတယ်၊ ထောင်သောင်းချီ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်။ ဒီအထဲ ကလေးတွေလည်း အများကြီးကို ပါနေတယ်။ ဒီကလေးအရွယ်တွေအပါအဝင် လူတွေ ညှဉ်းပမ်းနှိပ်စက်ခံနေရတယ်။ ဒီစစ်အုပ်စုရဲ့ရက်စက်မှုတွေက အတောမသတ်နိုင်အောင်ကို ဖြစ်နေတာပါ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းကပဲ စစ်အုပ်စုအနေနဲ့ ဂီတဖျော်ဖြေပွဲတခုကို လေကြောင်းကနေပစ်ခတ်ဖို့ အမိန့်ပေးခဲ့တယ်။ သိထားရသမျှ အနည်းဆုံး ၆၀ သေကျေခဲ့ရတယ်။ နောက်ထပ်လည်း ထိခိုက်သေဆုံးစာရင်း ဆက်လာနေတယ်။

အခုလို မြန်မာမှာ အတိဒုက္ခဆိုက်ရောက်မှုကြီးတွေ၊ ရက်စက်မှုအပြည့်နဲ့ တုန်လှုပ်ခြောက်ခြားစရာတွေက ဆတိုးချီကို ပိုဆိုးဆိုးလာနေပါတယ်။

ကုလသမဂ္ဂကို ကျနော်ပန်ကြားချင်တာက ဒီကပ်ဆိုက်မှုကြီးအပေါ် နိုင်ငံတကာတုံ့ပြန်မှုပုံစံတွေ မပြောင်းတော့ဘူးဆိုရင် ရှေ့ဆက် အခြေအနေက ဆိုးသထက်ကို ဆိုးလာမှာပါ။”

အဲဒီတော့ နိုင်ငံတကာတုံ့ပြန်မှုပုံစံ ဘယ်လိုပြောင်းဖို့ ကုလသမဂ္ဂမှာ တင်ပြခဲ့ပါသလဲလို့ ဆက်မေးရာမှာ မိန်းပြည်နယ်က အောက်လွှတ်တော် အမတ်ဟောင်းလည်းဖြစ်တဲ့ အင်ဒရူးစ်က အခုလို ဖြေပါတယ်။

“ပထမဆုံးကတော့ မဟာဗျူဟာ ရှိဖို့လိုနေတာပါ။ တချို့နိုင်ငံတွေက ပိတ်ဆို့မှုတချို့လုပ်ထားတယ်။ တချို့ကတော့ နောက်တမျိုးလုပ်တယ်။ တချို့လည်း သတ်သတ်မှတ်မှတ် လက်နက်ပိတ်ဆို့မှုလုပ်တယ်။ ဒါပေမယ့် ဒါတွေကို ချိတ်ဆက်ညှိနှိုင်းလုပ်တာမျိုးတော့မရှိဘူး၊ မဟာဗျူဟာ မရှိဘူး၊ အာရုံစူးစိုက်လုပ်နိုင်တာမျိုးမရှိပါဘူး။ အဲဒီတော့ ရလဒ်တွေက ဒီအင်အားတွေကို စုစည်းရယူနိုင်တဲ့အနေအထားမျိုးမရဘူး။ အဲဒီတော့ ကုလလုံခြုံရေးကောင်စီမှာ အရေးမယူနိုင်ရင် ရပါတယ်။ ဗီတိုရှိတာ သိထားပါတယ်။ ဒါပေမယ့် နိုင်ငံတကာညွန့်ပေါင်း တခုဖွဲ့ပြီး စစ်အုပ်စုရဲ့ ဘယ်အားနည်းချက်တွေမှာ၊ ဘယ်လိုဖိအားမျိုးတွေပေးရင် ထိရောက်မယ် ဆိုတာ ကုလသမဂ္ဂမှာနိုင်ငံတွေ ချိတ်ဆက်ပေါင်းစပ်လုပ်ဆောင်ပြီး အတိအကျ ပစ်မှတ်ထားတဲ့ စီးပွားရေးပိတ် ဆို့မှုတွေ၊ လက်နက်ပိတ်ဆို့မှုတွေ၊ ဝင်ငွေပိတ်ဆို့မှုတွေ စတဲ့ စစ်အုပ်စုက လူတွေသတ်ဖို့ အသုံးချနိုင် တာတွေအားလုံးကို ပိတ်ဆို့ပစ်မှ ရမှာပါ။ ဒါမှပဲ အပြောင်းအလဲအတွက် မရှိမဖြစ်လိုအပ်နေတဲ့ နိုင်ငံတကာရဲ့ စုစည်းညီညွတ်တဲ့ ပြိုင်တူတွန်းအားကြီးမျိုး ရလာမှာပါ။

အခုလို နိုင်ငံတကာညွန့်ပေါင်းဖြစ်လာဖို့ ဦးဆောင်နိုင်မယ့် အမေရိကန်နဲ့အနောက်နိုင်ငံတွေမျိုးကို သီးသန့်ပြောခဲ့တာရှိပါလား-လို့ အများနဲ့သတင်းစာရှင်းလင်းပွဲမှာ အယ်လ်ဂျာဇီးရားသတင်းထောက်ကမေးရာမှာတော့ အင်ဒရူးစ်က ပြောခဲ့ပြီးဖြစ်ပေမယ့် ဖြစ်မလာသေးဘူး၊ ဆက်တွန်းနေပါတယ်-လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီ အများနဲ့သတင်းစာရှင်းလင်းပွဲမှာပဲ နောက်သတင်းထောက်တဦးက အရင်ရှိခဲ့တဲ့ Friends of Myanmar - မြန်မာ့မိတ်ဆွေများအဖွဲ့ လုပ်ငန်းစဉ် ဆက်သုံးလို့ အထောက်အကူဖြစ်နိုင်လား-လို့မေးရာမှာ အင်ဒရူးစ်က “ကောင်းတဲ့အကြံပါ၊ သုံးလို့ရနေသေးတယ်” လို့ ပြန်ပြောခဲ့ပါတယ်။

အဲဒီတော့ အခုလို နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ကနေ လက်တွေ့ လုပ်လာနိုင်တာကို ဗွီအိုအေက ဆက်မေးရာမှာလည်း အင်ဒရူးစ်က ယူကရိန်းအရေး ကုလ လုံခြုံရေးကောင်စီမှာ ဗီတိုကြောင့် ရှေ့ဆက်တိုးလို့မရနိုင်ချိန်မှာ အခု UNGA- ကုလအထွေထွေညီလာခံကို ပြောင်းပြီး ယူကရိန်းဆိုင်ရာညွန့်ပေါင်းအဖွဲ့ ကြိုးပမ်းမှုနဲ့ လေးရက်အတွင်း ရုရှားအပေါ် ထိရောက်တဲ့ပိတ်ဆို့မှု ပြိုင်တူတွန်းအားကို လုပ်နိုင်ခဲ့တယ်၊ ဒီသာဓကကို မြန်မာအတွက်သုံးဖို့ သူ တိုက်တွန်းနေတယ်လို့လည်း ဆိုပါတယ်။ နောက်ရော ကုလအထွေထွေညီလာခံ တတိယကော်မတီမှာ အရေးကြီးတဲ့အကြံပြုခဲ့တာ ရှိပါသေးလားလို့ မေးရာမှာ အင်ဒရူးစ်က ဆက်ပြီး “မြန်မာ့အရေးမကူညီနိုင်ရင်တောင် ဒုက္ခပေးမိတာမျိုးမဖြစ်စေဖို့ အကြံပြုခဲ့” တယ်လို့ အခုလို ဆိုပါတယ်။

“ မြန်မာ့အရေးအပေါ် ကူညီရာမရောက်ဘဲ ဒုက္ခပေးတာမျိုးကို သိလျက်နဲ့ ဒါမှမဟုတ် မသိလိုက်ဘဲလုပ်မိနေတဲ့ နိုင်ငံတွေရှိပါတယ်။ ဥပမာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဆိုရင် စစ်တပ်ကခေါ်တဲ့ ရွေးကောက်ပွဲဆိုတာကို သွားကူညီပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒီရွေးကောက်ပွဲက စစ်အုပ်စုရဲ့တရားဝင်မှုရဖို့ အလိမ်အညာလုပ်ဇာတ် ပါ။ တကယ်တမ်း ရွေးကောက်ပွဲတခုဖြစ်ဖို့က အတိုက်အခံတွေကို ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ပြီး လုပ်လို့ မရပါဘူး။

စစ်အုပ်စုကို ဝေဖန်တာနဲ့ ဥပဒေချိုးဖောက်တယ်ဆိုရင် ရွေးကောက်ပွဲလုပ်တာလို့ သတ်မှတ်လို့ကို မရပါဘူး။ အခုစစ်ကောင်စီလုပ်နေတာက လက်မခံနိုင်စရာ၊ ဒေါသဖြစ်စရာပါ။ ဒါကြောင့် နိုင်ငံတကာအစိုးရတွေအနေနဲ့ စစ်အုပ်စုကို ဘယ်လိုအကူအညီတွေပေးပြီးဖြစ်ဖြစ် အခုလို မှားယွင်းမှုကြီးမျိုးကနေ တရားဝင်မှုသွားပေးမိတာမျိုး မဖြစ်စေဖို့ အရေးကြီးနေပါတယ်။ အဓိက သိထားသင့်တာက မြန်မာနိုင်ငံထဲက အခြေအနေတွေ ပိုပိုဆိုးလာနေချိန်မှာ နိုင်ငံတကာက မြန်မာအပေါ်လုပ်ဆောင်တာတွေ မပြောင်းနိုင်ရင်တော့ ဆက်ပြီး တစ တစနဲ့ ပိုဆိုးလာဖို့ပဲ ရှိပါတယ်။”

ဒီလို ဒုက္ခ ထပ်မပေးမိစေဖို့ထဲမှာ မလေးရှားကနေ မကြာခင်က မြန်မာစစ်တပ်ကထွက်ပြေးလာသူတွေလည်းပါတဲ့ ဒုက္ခသည်ပြန်ပို့တဲ့အစီအစဉ်ကို ထည့်ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။ မြန်မာ့အိမ်နီးချင်းတွေအနေနဲ့လည်း ဘင်္ဂလားဒေ့ရှ်က မွတ်ဆလင်ဒုက္ခသည်တွေကို အကူအညီပေးနေသလိုမျိုး ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း တိုက်တွန်းခဲ့တယ်လို့ အင်ဒရူးစ်က ဆက်ပြောခဲ့ပါတယ်။ အခုလို မစ္စတာအင်ဒရူးစ် ကုလရဲ့တတိယကော်မတီမှာ မြန်မာလူ့အခွင့်အရေးဆိုင်ရာတင်ပြချက်ကို မြန်မာစစ်ကောင်စီဘက်က တုံ့ပြန်ဖို့မေးခဲ့ပေမယ့် အကြောင်းပြန်တာတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် အရင် ကုလသမဂ္ဂမှာထိုင်ခဲ့တဲ့ မြန်မာသံအမတ်ဟောင်း အဆက်ဆက်ကတော့ ဒီသတင်းအချက်အလက်တွေက မှားယွင်းတဲ့အချက်အလက်တွေကို ကိုးကားပြီး စွပ်စွဲထားတာ-လို့ ပြောလေ့ရှိပါတယ်။ ဒါပေမယ့် ဒီတခေါက်မှာ မြန်မာကိုကိုယ်စားပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ အခုအချက်အလက်တွေက လုံးဝ မှန်ကန်တယ်လို့ ပြောခဲ့ပါတယ်။

တချိန်တည်းမှာ မစ္စတာအင်ဒရုူးစ်အနေနဲ့ မြန်မာအတိုက်အခံတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကော စိုးရိမ်စရာတွေ့ထားပါလား-လို့ မေးရာမှာ တချို့အချက်အလက်တွေက ကောက်ယူဖို့ခက်ပေမယ့် သူတို့ကိုလည်း ဥပဒေမဲ့သတ်ဖြတ်မှုတွေမလုပ်ဖို့ တိုက်တွန်းထားတယ်၊ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့လည်း အမြဲတွေ့လေ့ရှိတယ်၊ ဒါပေမယ့် မြန်မာနိုင်ငံကိုတော့ ဝင်ခွင့်မရသေးဘူး-လို့ အင်ဒရူးစ်က ပြောခဲ့ပါတယ်။ ဒါ့အပြင် အာဆီယံမှာ မြန်မာ့အရေး ပိုတိုးလုပ်ဖို့ကိုလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ မကြာခင် လပိုင်းအတွင်းကပဲ သွားဆွေးနွေးခဲ့ရာမှာ အားရစရာတွေရှိခဲ့တယ်လို့လည်း အင်ဒရူးစ်က ဆက်ပြောခဲ့ပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]

















XS
SM
MD
LG