သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီလဝါ စီးပွားဇုန် ရွှေ့ပြောင်းဒေသခံတွေ ကင်တားနားတွေ့ဆုံ


၂၀၁၃၊ ဖေဖော်ဝါရီလအတွင်းက ကချင်ပြည်နယ်က စစ်ဘေးရှောင်ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့တဲ့ မစ္စတာ ကင်တားနား။
၂၀၁၃၊ ဖေဖော်ဝါရီလအတွင်းက ကချင်ပြည်နယ်က စစ်ဘေးရှောင်ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့တဲ့ မစ္စတာ ကင်တားနား။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ သူရဲ့ တတိယနေ့ ခရီးစဉ်မှာ ရန်ကုန်တိုင်းအတွင်းမှာ ရှိတဲ့ သီလဝါ အထူးစီးပွားရေး ဇုန်ကို သွားရောက်လေ့လာခဲ့ပါတယ်။ အထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှု အဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့ ရွာသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မက ရန်ကုန်ရုံးရဲ့ ပြောခွင့်ရှိသူက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

လူ့အခွင့်အရေး အခြေအနေတွေ အကဲခတ်လေ့လာဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ ရန်ကုန်တိုင်း၊ သန်လျင် မြို့နယ်ထဲက သီလဝါ အထူးစီးပွားရေးဇုန်ကို သွားရောက်လေ့လာခဲ့တာပါ။
သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကေ်မတီဝင် တာဝန်ရှိသူတွေကို တွေ့ဆုံခဲ့သလို စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးခဲ့ရတဲ့ ဒေသခံတွေရှိတဲ့ မြိုင်သာယာကျေးရွာကိုလည်း မစ္စတာ ကင်တားနား ဒီကနေ့မှာ သွားရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မကရန်ကုန်ရုံးရဲ့ ပြောခွင့်ရှိသူ ဦးအေးဝင်းက ဗွီအိုအေကို ပြောပါတယ်။

“အော် ဟုတ်ကဲ့၊ ကျနော်တို့အခု သီလဝါကနေ အပြန်ပါခင်ဗျ။ စောစောက သီလဝါစက်မှုဇုန်ကိုရောက်ခဲ့တယ်။ အဲဒီက Management committee နဲ့ တွေ့ခဲ့တယ်။ တွေ့ခဲ့ပြီး အဲဒီ သီလဝါစက်မှုဇုန်ကနေ ပြောင်းရွှေ့ပြီးထားတဲ့ ရွာသားတွေဆီကို ကျနော်တို့သွားတွေ့ပါတယ်ခင်ဗျ။ မြိုင်သာယာကြီးဆိုတဲ့ရွာမှာပါခင်ဗျ။ အဲဒီကို သွားတွေ့ပါတယ်။”

မစ္စတာ ကင်တားနားဟာ ဒေသခံတွေရဲ့ အဓိက အခက်အခဲတွေကို လူမှုရေးနဲ့ လူ့အခွင့်အရေးရှုထောင့်ကနေ အဓိကထား မေးမြန်းခဲ့တယ်လို့လည်း ဦးအေးဝင်းက ပြောပါတယ်။

သီလဝါ စီးပွားရေးဇုန် အကောင်အထည်ဖော်တာကြောင့် ဧက ၁,၀၀၀ နီးပါးအတွင်းမှာ နေထိုင်ကြတဲ့ ဒေသခံတွေကို စီမံကိန်းနဲ့ ၈ မိုင်နီးပါးလောက်ဝေးတဲ့ မြိုင်သာယာရွာကို ရွှေ့ပြောင်းစေခဲ့တာပါ။ ဒါကြောင့် မူလက သီလဝါဆိပ်ကမ်းမှာ အလုပ်လာလုပ်ကြတဲ့ အောက်ခြေအလုပ်သမားတွေအတွက် သွားရေးလာရေး အခက်အခဲ ဖြစ်ကြသလို လက်ရှိအချိန်မှာတော့ မိသား စု စားဝတ်နေရေးတွေပါ ထိခိုက်နေတဲ့အကြောင်းတွေကို မစ္စတာ ကင်တားနား မြိုင်သာယာကို ရောက်ရှိချိန်မှာ တင်ပြခဲ့တယ်လို့ သီလဝါ လူမှုဘ၀ တိုးတက်ဖွဲ့ဖြိုးမှုအဖွဲ့က ဦးမြလှိုင်က ပြောပါတယ်။

“အခု နေရာချထားတဲ့ မြိုင်သာယာကို သွားကြတယ်လေ။ မစ္စတာကင်တားနား၊ အဲဒီက ဒေသခံတွေနဲ့တွေ့တယ်လေ။ အဲဒီက ဒေသခံတွေက အလုပ်အကိုင်တွေမရှိလို့၊ စားစရာ သောက်စရာတွေ မရှိလို့ အိမ်တွေပေါင်ထားရတယ်၊ တချို့အိမ်တွေ ရောင်းသွားရတယ်။ အလုပ်ကိုသွားမယ်ဆိုတော့လည်း ခရီးစရိတ်က မနက် တစ်ထောင်၊ ညတစ်ထောင်ကုန်မယ်။ ရတဲ့နေ့တွက်ထဲက လမ်းစရိတ်က ၂ ထောင် ကုန်တော့ ကျန်တာနဲ့စားလို့ မလောက်လို့ ဒုက္ခရောက်တာတွေ၊ တချို့ကလေးတွေကျတော့လည်း တလကို တစ်သောင်းခွဲလားမသိဘူး သူတို့ပို့ရမှာလေ။ အဲဒါ မပေးနိုင်လို့ ကျောင်းထုတ်ရတဲ့ကလေးတွေလည်း အများကြီးပဲလေ။ အဲဒီကိစ္စတွေကို ဒေသခံတွေက ဝိုင်းပြောကြတယ်။”

မနက်ဖြန်မှာတော့ မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံမြောက်ဖျားပိုင်းက တိုက်ပွဲတွေနဲ့ မငြိမ်းချမ်းသေးတဲ့ ကချင်ပြည်နယ်ကို သွားရောက်ပြီး စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေကို အကဲခတ်မှာဖြစ်တယ်လို့ ဦးအေးဝင်းက ပြောပါတယ်။

“ကျနော်တို့ မနက်ဖြန် ကချင်ကိုသွားပါမယ်ခင်ဗျ။ အဲဒီကပြီးရင် လက်ပံတောင်းတောင်ကို သွားပါမယ်ခင်ဗျ။ အဲဒီကနေမှ နေပြည်တော်ကို သွားမှာပါ။”

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ခရီးစဉ်အတွင်းမှာ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် အပြင် မုံရွာကြေးနီတူးဖော်ရေးလုပ်ငန်း၊ သီလဝါ ရေနက်ဆိပ်ကမ်းတွေဆီ မစ္စတာကင်တားနား အနေနဲ့ လေ့လာဖို့ရှိတယ်လို့ သူ့ရဲ့ခရီးစဉ်ကို တရားဝင် ကြေညာ ပြောဆိုထားတာပါ။

လက်ရှိအချိန်ထိတော့ မစ္စတာ ကင်တားနာဟာ ရခိုင်ပြည်နယ်ကို မနေ့က သွားရောက်ခဲ့သလို မြန်မာနိုင်ငံကို ရောက်ခဲ့တဲ့ ပထမဆုံးနေ့မှာပဲ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အပါအဝင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ စီးပွားရေးအပြောင်းအလဲတွေက သာမန်ပြည်သူတွေအတွက် ဘယ်လောက် အကျိုးရှိသလဲဆိုတာကိုလည်း အခုခရီးစဉ်မှာ လေ့လာဆန်းစစ်သွားမယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။ မစ္စတာ ကင်တားနားရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာ အပြည့်အစုံကို လူ့အခွင့်အရေးကောင်စီမှာ မတ်လ (၁၇) ရက်နေ့မှာ တင်သွင်းမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ Mr. Qintana အတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် စုံစမ်းစစ်ဆေးရေးမှူး တာဝန်နဲ့ လာရောက်တဲ့ နောက်ဆုံးခရီးလည်း ဖြစ်ပါတယ်ခင်ဗျား။
XS
SM
MD
LG