သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကင်တားနား တိုက်တွန်း


မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tomas Ojea Quintana
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tomas Ojea Quintana
မြန်မာနိုင်ငံအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က တိုက်တွန်း ပြောကြား လိုက်ပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေမှာ အားနည်းချက်တွေ ရှိနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ထောက်ပြ ပြောဆိုနေတဲ့အတွက် အဲဒီ စံချိန် စံညွန်းတွေနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံဖြစ်လာအောင် မြန်မာအစိုးရနဲ့ ပြည်သူတွေအကြား ညှိနှိုင်း ဆောင်ရွက်ကြဖို့လည်း မစ္စတာ ကင်တားနားက တိုက်တွန်း ပြောကြား လိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က ဆက်လက် တင်ပြပေးပါမယ်။

တိုင်းပြည်တခုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တိုင်းပြည်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူ ပြည်သားအားလုံးရဲ့ သဘောဆန္ဒကို ထင်ဟပ်ပေါ်လွင်စေပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အခြေခံ သဘောတရားတွေကို လက်ခံကျင့်သုံးတဲ့ ဖွဲ့စည်းပုံမျိုး ဖြစ်သင့်တယ် လို့ မေလ ၂၃ ရက်နေ့ ရက်စွဲနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က ကြေညာချက် ထုတ်ပြန် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာလည်း ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ အင်မတန် အရေးပါတဲ့အခန်းကဏ္ဍဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလဖြစ်တာကြောင့် ဥပဒေပြုအဖွဲ့အတွင်း ဒီမိုကရေစီနည်းလမ်း ပိုကျလာအောင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်တဲ့နေရာမှာ အစိုးရနဲ့ ပြည်သူတွေအကြား ဆွေးနွေး ညှိနှိုင်း လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ တခုသတိပေးချင်တာက ဒီဖွဲ့စည်းပုံကို အရင် စစ်အစိုးရလက်ထက်တုန်းက ရေးဆွဲ အတည်ပြုခဲ့တယ် ဆိုတဲ့ အချက်ကိုလည်း မမေ့သင့်ပါဘူး။ ဒီဖွဲ့စည်းပုံဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေမှာ အားနည်းချက်တွေ ရှိနေတယ် ဆိုတာကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ က ထောက်ပြ ပြောဆိုနေကြတာပါ။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်လိုတယ်ဆိုရင် ဖွဲ့စည်းပုံကို ပြန်လည် သုံးသပ်ပြီး ပြင်ဆင်သင့်ပါတယ်လို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တယောက်အနေနဲ့ ကျနော် ပြောချင်ပါတယ်။”

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ်နဲ့ မြန်မာနိုင်ငံကို အကြိမ်ကြိမ် သွားရောက်ပြီး အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံခဲ့တဲ့ မစ္စတာ ကင်တားက မြန်မာအစိုးရအဖွဲ့အတွင်းမှာလည်း လူထုဆန္ဒနဲ့အညီ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လိုလားတဲ့သူတွေရှိသလို ပြင်ဆင်ဖို့ ဝန်လေးသူတွေလည်း ရှိတယ်ဆိုတာကို လေ့လာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ သမ္မတဦးသိန်းစိန်းကိုယ်၌က ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စမှာ စိတ်နှစ်ခွဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစပိုင်းမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် သူ့အနေဲ့ ထောက်ခံ အားပေးတယ် ဆိုတဲ့ ပြောဆိုမှုတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ သူ့ရုံးက ပြောလာတာက တိုင်းပြည်အတွင်း မငြိမ်သက်မှုတွေ ဖြစ်လာမှာစိုးတဲ့အတွက် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို မထောက်ခံဘူးဆိုဘူး ပြောလာကြပြန်တယ်။”

ဥပမာ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး ရွေးကောက်ပွဲမှာ ပါဝင်မရအောင် ဖွဲ့စည်းပုံမှာ ကန့်သတ်ချက်တွေ ရှိနေတာဟာလည်း နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံညွန်းတွေနဲ့ ကိုက်ညီခြင်း မရှိဘူးလို့ မစ္စတာ ကင်တားနား က ထောက်ပြ ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ ပါဝင်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ လူထု ချီတက် ဟောပြောပွဲတွေဟာလည်း မှန်ကန်တဲ့ လုပ်ရပ်တယ်လို့ မစ္စတာ ကင်တားနားက မြင်ပါတယ်။

“ ဒါဟာ သတင်းကောင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ တိုင်းပြည်အတွင်းက လူအများစုကို ကိုယ်စားပြုတဲ့ သူတွေ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်တွေနဲ့ တခြား အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်နေကြတဲ့သူတွေ ဖြစ်တဲ့အတွက် သူတို့အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ပေးဖို့ တောင်းဆိုခွင့် ရှိပါတယ်။ အခုနေခါမှာ အဲဒီလို တောင်းဆိုဖို့အတွက် အချိန်အခါကောင်းလည်း ဖြစ်ပါတယ်။”

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ၆ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာ ကင်တားနားအနေနဲ့ သူ့ရဲ့ လက်ရှိရာထူးကနေ အခု မေလကုန်မှာ အနားယူတော့မှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ လုပ်ထုံး လုပ်နည်းအရ သူ့အနေနဲ့ ဒီရာထူးအတွက် နောက်ထပ် သက်တမ်း ထပ်တိုးခွင့်မရှိတော့ပါဘူး။

သူ့ရဲ့ ၆ နှစ်တာ သက်တမ်းအတွင်း သူ့အနေနဲ့ နောင်တရစရာဖြစ်စေမယ့် လုပ်ရပ်တွေ ရှိခဲ့သလားဆိုတာအပါအဝင် သူ့အမြင်၊ အတွေ့အကြုံတွေနဲ့ပတ်သက်လို့ မေးကြည့်တဲ့အခါမှာတော့ -

“ နောင်တရစရာ မရှိပါဘူးလို့ ဘယ်သူက ပြောနိုင်မလဲဗျာ။ ရှိတာပေါ့။ ဒီအလုပ်ဟာ အင်မတန် ခက်ခဲ့တဲ့ အလုပ်တခုပါ။ ဒါပေမယ့် မြန်မာအတွင်းမှာ ရှိနေကြတဲ့သူတွေကြောင့် ကျနော် အမြဲတမ်း အားတက်ရပါတယ်။ ငြိမ်းချမ်းတယ်၊ ချစ်ခင်ဖွယ်ကောင်းတယ်၊ အင်မတန် စိတ်ရှုပ်စရာကောင်းတဲ့ ရခိုင်ပြည်နယ်ကို သွားတဲ့ကာလတွေမှာလည်း ကျနော့်အပေါ် စာနာ နားလည်ကြပါတယ်။ ခြုံပြောရရင်တော့ မြန်မာနိုင်ငံသားတွေအနေနဲ့ အခုပေါ်လာတဲ့ အခွင့်အရေးကို ကောင်းမွန်စွာ အသုံးချသင့်တယ်လို့ ကျနော် ထင်ပါတယ်။”

မစ္စတာ ကင်တားနားနေရာမှာ အစာထိုး တာဝန်ယူမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကတော့ တောင်ကိုရီးယားနိုင်ငံသူ Yanghee Lee ဖြစ်ပါတယ်။ သူ့ရာထူးကို ဆက်ခံမယ့် လူသစ်အပေါ် ဘာလုပ်သင့်တယ် မလုပ်သင့်ဘူးလို့ သူ့အနေနဲ့ မပြောလိုပေမယ့် သူ့အတွေ့အကြုံတွေကို အခုလို ရှင်းပြပါတယ်။

“ ကျနော့်အတွေ့အကြုံအရကတော့ ဒီလို အလုပ်မျိုးလုပ်မယ်ဆိုရင် ဆွေးနွေး ညှိနှိုင်း လုပ်ဆောင်ဖို့ လိုပါတယ်။ ကိုယ့်နဲ့ အလုပ်လုပ်ကြမယ့်သူတွေနဲ့ ယုံကြည်မှုတည်ဆောက်ဖို့လိုပါတယ်။ အဲဒီအထဲမှာ အာဏာပိုင်တွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ မီဒီယာအဖွဲ့အစည်းတွေပါဝင်ပါတယ်။
ကိုယ်ဘက်က လိုလိုလားလား တက်တက်ကြွကြွ လုပ်ဆောင်ဖို့လည်း လိုပါတယ်။ နောက်တခုက လူ့အခွင့်အရေးအခြေအကြောင်းကို အမြဲတမ်း - အမြဲတမ်း ပြောကြားနေဖို့လိုပါတယ်။ အဲဒါဟာ ကျနော့် တာဝန်ပါပဲ။ ကျနော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ၆ နှစ်တာ ကာလအတွင်းမှာလည်း လူ့အခွင့်အကြောင်း အမြဲတမ်း ပြောဆိုနေခဲ့ပါတယ်။”

သူ့အနေနဲ့ ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခြင်း မရှိတော့ပေမယ့်လည်း မြန်မာနိုင်ငံအတွက် ၆ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံနဲ့ သံယောဇဉ် ရှိနေတာကြောင့် မြန်မာ့အရေးကို အမြဲတမ်း နားစွင့် အားပေးနေမယ်လို့ ဆိုပါတယ်။

အခုလကုန်မှာ ရာထူးက အနားမယူခင် နောက်ဆုံး အစီရင်ခံစာတစောင် ထုတ်နိုင်ရေးအတွက် အခုချိန်မှာ ပြင်ဆင်နေတယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။
XS
SM
MD
LG