သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီပေါမင်း အုတ်ဂူ မွမ်းမံပြင်ဆင်မည်


သီပေါမင်းရဲ့ အုတ်ဂူရှိရာ ရတနာဂီရိမြို့မြေပုံ။
သီပေါမင်းရဲ့ အုတ်ဂူရှိရာ ရတနာဂီရိမြို့မြေပုံ။
အင်္ဂလိပ်ကိုလိုနီလက်အောက် မကျရောက်ခင် မြန်မာနိုင်ငံကို နောက်ဆုံးအုပ်ချုပ်သွားခဲ့တဲ့ သီပေါ ဘုရင်ရဲ့ အုတ်ဂူကို အိန္ဒိယအစိုးရက ပြန်ပြီး ပြင်ဆင်မွမ်းမံဖို့ စီစဉ်နေပါတယ်။ အဲဒီအပေါ် ကျန်ရှိနေသေးတဲ့ သီပေါမင်းရဲ့ဆွေမျိုးတွေက ဂုဏ်ယူဝမ်းမြောက်ကြသလို သမ္မတဦးသိန်းစိန်ရဲ့ အိန္ဒိယခရီးစဉ်အတွင်း ရတနာဂီရိဒေသဆီ သွားရောက်မယ်ဆိုတာကိုလည်း ကြိုဆိုကြပါတယ်။ အဲဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

အိန္ဒိယနိုင်ငံ၊ မဟာရာရှာတြာ ပြည်နယ်၊ ရတနာဂီရိမြို့မှာ ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက် သီပေါမင်းရဲ့ အုတ်ဂူကို နှစ် ၁၀၀ အတွင်းမှာ ပထမဆုံးအကြိမ် အိန္ဒိယနိုင်ငံဘက်က နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက် ပြန်လည်ပြု ပြင်တော့မှာ ဖြစ်ပါတယ်။

အာသံ၊ မဏိပူရ၊ မီဇိုရမ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်နယ်အစိုးရတွေက သူတို့ရဲ့ ရန်ပုံငွေနဲ့ သီပေါမင်းရဲ့အုတ်ဂူကို ပြန်လည်ပြုပြင်မယ်လို့ အိန္ဒိယပါလီမန်အမတ် မစ္စတာ တူရန်ဗီဂေးက မန္တလေးမြို့မှာ ပြောကြား ခဲ့တာဖြစ်ပါတယ်။ အခုလို သီပေါမင်း ရဲ့ နှစ် ၁၀၀ ကျော်ကြာ ယိုယွင်းနေတဲ့ အုတ်ဂူကို ပြန်လည်ထိန်းသိမ်းတဲ့ အနေနဲ့ ပြုပြင်တာ ဟာ ကောင်းမွန်ပြီး အနွယ်တော်တစ်ဦးအနေနဲ့ ဝမ်းသာမိတဲ့အကြောင်း သီပေါမင်းရဲ့ မြစ်တော်စပ်သူ ဒေါ်ဒေဝီသန့်စင်က ဗွီအိုအေကို ပြောပါတယ်။

“အခုလို အနွယ်တော်တစ်ယောက်အနေနဲ့ဆိုရင်တော့ ပိုပြီးတော့ ကိုယ်မလုပ်နိုင်တဲ့ကိစ္စကို လုပ်ပေးတယ် ဆိုတော့ ကျမတို့က ပြည်သူနဲ့လည်း ပါနေပြီလေ၊ အတူတူပဲ ဒီအထဲမှာ။ ဒီခေတ်မှာလည်း ဒီစံနစ်တွေ မရှိတော့ဘူးပေါ့။ ဘာပဲပြောပြော ခံစားမှုကတော့ အတူတူပါပဲ။”

မြန်မာနိုင်ငံမှာလည်း အိန္ဒိယရဲ့ နောက်ဆုံး မဂိုဘုရင် ဇပါးရှားရဲ့ အုတ်ဂူကို ကောင်းကောင်းမွန်မွန် ထား တာကြောင့် သီပေါမင်းအုတ်ဂူကိုလည်း အခုလို ပြန်လည်မွမ်းမံတာဟာ တကယ်ပဲဖြစ် သင့်ပြီး မြန်မာပြည် သူတစ်ယောက် အနေနဲ့လည်း ဂုဏ်ယူတယ်လို့ ဒေါ်ဒေဝီသန့်စင်က ဗီအိုအေကို ပြောပါတယ်။

“သူတို့ရဲ့ဘုရင်ဇပါးရှားကို ဒီမှာ သူတို့ရဲ့လူမျိုးတွေက ထိုက်ထိုက်တန်တန်ပေါ့နော်-ထားသလိုပဲ ကျမတို့ မြန်မာနိုင်ငံက နောက်ဆုံးဘုရင်ရဲ့ ဗိမာန်ကို ပြန်လည်မွမ်းမံပြီး ဒီလို ထားတယ် ဆိုတော့ ကောင်းပါတယ်။ မြန်မာပြည်သူတစ်ယောက်အနေနဲ့ လက်ခံပါတယ်။”

အိန္ဒိယနိုင်ငံ၊ ရတနာဂီရိမှာရှိနေတဲ့ သီပေါမင်းရဲ့ အုတ်ဂူဟာ အတော်ပဲ ယိုယွင်းနေပြီလို့လည်း အိန္ဒိယကို ရောက်ခဲ့တဲ့ အနွယ်တော်တွေက ပြောကြပါတယ်။ မကြာခင် အိန္ဒိယနိုင်ငံကို သွားရောက် မယ့် သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်းမှာလည်း သီပေါမင်း အုတ်ဂူရှိ တဲ့ ရတနာဂီရီ်ကို သွားရောက်ဖို့ ရှိတယ်လို့လည်း အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီး မစ္စတာ ဆယ်မန်ကာရှစ် က ပြောခဲ့ပါတယ်။

အခုလို မြန်မာသမ္မတ ဦးသိန်းစိန်က ရတနာဂီရိက သီပေါမင်း အုတ်ဂူကို သွားရောက်မယ်ဆိုတာနဲ့ ပတ်သက်ပြီး ဒေါ်ဒေဝီသန့်စင် ပြောတာကတော့ -

“သူများနိုင်ငံတွေမှာ ဒီဘုရင်ဟာ အာဏာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ- တချိန်က ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနဲ့နေခဲ့တယ်ဆိုတော့ ကိုယ့်ရဲ့ အမျိုးသားရေးလက္ခဏာအနေနဲ့ တန်ဖိုးထားကြ ဖို့ ကောင်းတာပေါ့။ မြန်မာပြည်အနေနဲ့ အခုမှ ပြန်ပြီး ဒါတွေလုပ်တယ်ဆိုတော့ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့တော့ နောက်ကျနေတယ်လို့ ထင်တာပဲ။”

သီပေါမင်းရဲ့အုတ်ဂူ ပြန်လည်မွမ်းမံမှုတွေကို ၂၀၁၃ နှစ်ဆန်းပိုင်းမှာ ပြန်လည်ပြုပြင်ဖို့ လျာထား တာ ဖြစ်ပါတယ်။ သီပေါမင်းဟာ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီးမှာ မန္တလေး ရတနာပုံနေပြည်တော်ကနေ အိန္ဒိယနိုင်ငံ၊ ရတနာဂီရိကို ပါတော်မူသွားခဲ့ပြီး သက်တော် ၅၉ နှစ်မှာ နတ်ရွာစံခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။
XS
SM
MD
LG