သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးနဲ့ စီးပွားရေးပြောင်းလဲမှု ဟန်ချက်ညီအောင် တိုနီဘလဲတိုက်တွန်း


ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ နဲ့ မြန်မာသမ္မတ ဦးသိန်းစိန် နေပြည်တော်မှာ တွေ့ဆုံနှုတ်ဆက်နေစဉ်။ (ဇွန်လ ၇ ရက်၊ ၂၀၁၃)
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ နဲ့ မြန်မာသမ္မတ ဦးသိန်းစိန် နေပြည်တော်မှာ တွေ့ဆုံနှုတ်ဆက်နေစဉ်။ (ဇွန်လ ၇ ရက်၊ ၂၀၁၃)
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် ကနေ နောက်ကြောင်းပြန်လှည့် ချင်သူတွေအနေနဲ့ ကြီးမားတဲ့ အတိုက်အခံနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲ (Tony Blair) က သတိပေးလိုက်ပါတယ်။ ဒီလုပ်ငန်းစဉ်မှာ စိန်ခေါ်မှုအများအပြား ရှိနေသေးပေမဲ့လည်း နိုင်ငံတွင်းမှာရော နိုင်ငံပြင်ပမှာပါ ထောက်ခံမှု အကြီးအကျယ် ရနေတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲ နေပြည်တော်မှာ ပြောခဲ့တာတွေကို ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

နေပြည်တော်မှာကျင်းပနေတဲ့ ၂၀၁၃ ခုနှစ် အရှေ့အာရှ ကမ္ဘာ့စီးပွားရေး ဖိုရမ် နောက်ဆုံးနေ့မှာ ရောက်လာတဲ့ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ လွန်ခဲ့ဲတဲ့ နှစ်နှစ်ကနဲ့ နှိုင်းယှဉ်ရင် အများကြီး ဖြစ်ပေါ်ပြောင်းလဲနေပေမဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေတုန်းပဲဆိုတာကို အသိအမှတ်ပြု ပြောသွား သလို နောက်ကြောင်းပြန်လှည့်ချင်သူတွေကိုလည်း သတိပေး ပြောဆိုသွားတာပါ။

"နောက်ကြောင်းပြန်လှည့်နိုင်သေးသလားဆိုတာက ကြီးမားတဲ့ စကားလုံးတစ်ခုပါ။ သေချာတာကတော့ ပြည်တွင်းပြည်ပက အခုလုပ်ငန်းစဉ်ကို ထောက်ခံအားပေးမှု ကြီးကြီးမားမား ရှိနေတယ်ဆိုတာပါ။ ဒါကြောင့် နောက်ကြောင်းပြန်လှည့်ချင်တဲ့ ဘယ်သူမဆို နေရာတိုင်းမှာ အတိုက်အခံအများကြီးနဲ့ ရင်ဆိုင်ရမယ်လို့ ကျနော်ထင်ပါတယ်။" ဆိုပြီး မစ္စတာဘလဲက သတင်းထောက်ကို ပြောသွားပါတယ်။

အပြောင်းအလဲ ဖော်ဆောင်တဲ့နေရာမှာ တစ်ခုပြီးမှ တစ်ခု လုပ်ရတာမျိုးမဟုတ်ဘဲ မတူတဲ့ ကိစ္စရပ်တွေကို တပြိုင်နက်တည်းမှာ ကိုင်တွယ်ဖြေရှင်းရမယ်လို့ မစ္စတာဘလဲက ထောက်ပြပါတယ်။ မြန်မာ့သမိုင်းမှာ ကာလရှည်ကြာ ရောဂါဆိုးတစ်ခုလို အမြစ် တွယ်လာခဲ့တဲ့ ပဋိပက္ခအမျိုးမျိုးကို ဖြေရှင်းဖို့ရာ အစိုးရအနေနဲ့ လုပ်နိုင်သမျှလုပ်ဖို့ သူက တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး အပြောင်းအလဲနှစ်ခုစလုံးကို ဟန်ချက်ညီအောင်လုပ်ဖို့ အကြံပေးတယ်လို့ဆိုရမှာပါ။

"ကချင်ကိစ္စနဲ့ပတ်သက်ပြီး မကြာသေးခင်ကရခဲ့တဲ့ သဘောတူညီချက်ဟာ သိပ်အရေးကြီးပါတယ်။ ဒါက အပိုင်း တစ်ခုပါ။ တခြားတဘက်မှာတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဆက်ပြီး အကောင်အထည်ဖော်နေတာနဲ့အမျှ နိုင်ငံအတွက် အဓိကကျတဲ့စိန်ခေါ်မှုကတော့ လျှပ်စစ်မီး၊ အခြေခံ အဆောက်အအုံ၊ လမ်း၊ လူနေမှုအဆင့်အတန်း၊ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုအမျိုးအစားရဖို့ စတာတွေနဲ့ပတ်သက်တဲ့ အပြောင်းအလဲတွေကို လုပ်ဖို့ဖြစ်ပါတယ်။ ဒါကြောင့်မို့ အမြဲတမ်းလိုပဲ ဒီလိုလမ်းကြောင်းနှစ်သွယ် ရှိပါတယ်။ ပြည်တွင်းနိုင်ငံရေးပိုင်းကို ကိုင်တွယ်လုပ်ဆောင်ရမှာဖြစ်သလို စီးပွားရေးတိုးတက်အောင်လည်း လုပ်သွားရမှာပါ။" လို့ မစ္စတာ ဘလဲက ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံသွားနေတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဟာ အတော်လေး အခြေခိုင်နေပြီဖြစ်ပြီး လူထုကရော ခေါင်းဆောင်မှုကပါ ဖြစ်ချင်နေတာကို သူတွေ့ရတယ်လို့ဆိုပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးဆီကနေ သူရတဲ့ ခံစားမှုက လွန်ခဲ့တဲ့နှစ်နှစ် အတွင်း သူတို့ ရယူအောင်မြင်ခဲ့တာတွေကို လွှင့်မပစ်သင့်ဘူးဆိုတာပဲဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီအပြောင်းအလဲမှာ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဆက်ပြီး အကူအညီပေးသွားကြဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။

"နိုင်ငံတကာအသိုင်းအဝိုင်းအတွက် ကျနော့်ရဲ့ သတင်းစကား ကတော့ ထောက်ခံအားပေးမှု ဆက်ပြီး လုပ်သွားပါ ဆိုတာပါပဲ။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ စိတ်ကူးမျှော်မှန်းထားတဲ့အတိုင်း ဆက်ဖြစ်သွားဖို့ အရေးကြီးတယ် ဆိုတာက အသေအချာပါပဲ။ ဒါပေမဲ့ ကျနော်တို့ ပြင်ပကမ္ဘာအနေနဲ့ ကူညီဖို့ ကြိုးစားရမယ်ဆိုတာကလည်း အရေးကြီးပါတယ်။ တိုင်းပြည်ကို သူ့ခြေထောက်ပေါ် သူရပ်နိုင်အောင်နဲ့ လိုအပ်တဲ့ အပြောင်းအလဲတွေလုပ်နိုင်အောင် ကူညီရပါမယ်။" လို့ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက နေပြည်တော်မှာကျင်းပတဲ့ ၂၀၁၃ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ် နောက်ဆုံးနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
XS
SM
MD
LG