သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး တရုတ်ပြည်ခရီးစဉ်ထွက်မည်


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ လာမယ့်သောကြာနေ့မှာ တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိပါတယ်။ ၂၀၁၈ ခုနှစ်နောက်ပိုင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတဦးရဲ့ ပထမဆုံး တရုတ်ပြည်ခရီးဖြစ်လာမယ့် ဘလင်ကန်ရဲ့ ခရီးစဥ်တွင်းမှာ တရုတ်အကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်လာစေဖို့ ပွင့်လင်းတဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေ ထိန်းသိမ်းထားရေး ဆွေးနွေးကြမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံလုံးကအလေးထားတဲ့ကိစ္စရပ်တွေ၊ ကမ္ဘာလုံးဆိုင်ရာနဲ့ဒေသဆိုင်ရာ ကိစ္စရပ်တွေနဲ့ နိုင်ငံဖြတ်ကျော်စိန်ခေါ်မှုတွေအတွက် အလားအလာရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုအကြောင်းတွေကိုလည်း ဆွေးနွေးကြဖို့ ရှိတယ် ဆိုပါတယ်။

ဇွန်လ ၁၈ နဲ့ ၁၉ ရက် ဘလင်ကန်ရဲ့ ခရီးစဥ်တွင်းမှာ ဒေသတွင်း လုံခြုံရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ ရာသီဥတုဖောက်ပြန်မှု၊ ကမ္ဘာလုံးဆိုင်ရာ မက်ခရိုစီးပွားရေးတည်ငြိမ်မှု၊ တရုတ်မှာမတရား ဖမ်းဆီးခံထားရတဲ့ အမေရိကန်တွေအကြောင်းအပါအဝင် အမေရိကန်နဲ့တရုတ်ပြည်သူတွေကြား အပြန်အလှန် ဆက်ဆံရေးတွေအကြောင်း ထိပ်တန်းဦးစားပေးဆွေးနွေးကြမယ်လို့လည်း အမေရိကန် အကြီးတန်း အရာရှိတွေက ထုတ်ပြောထားပါတယ်။

တရုတ်တာဝန်ရှိသူတွေကတော့ အမေရိကန်အနေနဲ့ တရုတ်ရဲ့ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားတွေကိုထိခိုက်စေတဲ့ လုပ်ရပ်တွေကိုရပ်တန့်ဖို့ တောင်းဆိုထားပြီးနှစ်နိုင်ငံအကြား ကွဲပြားနေတာတွေကို ကောင်းကောင်းမွန်မွန် ဖြေရှင်းရင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ကြောင်း ပြောပါတယ်။

ကွဲပြားနေတာတွေကို ထိထိရောက်ရောက် စီမံခန့်ခွဲဖို့ နှစ်နိုင်ငံအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ပြီး ဆက်ဆံရေးယိုယွင်းနေတာတွေကို တည်ငြိမ်လာစေဖို့အမေရိကန်ပြည်ထောင်စုအနေနဲ့ ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်လာဖို့မျှော်လင့်ကြောင်း ဘလင်ကန်ရဲ့ ခရီးစဥ်နဲ့ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က ဗုဒ္ဓဟူးနေ့သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။


ဘလင်ကန်ရဲ့ ဒီခရီးစဥ်ကို မူလကဖေဖော်ဝါရီလကတည်းက သွားဖို့ စီစဥ်ခဲ့တာပါ။ ဒါပေမယ့် အဲ့တုန်းက အမေရိကန်လေပိုင်နက်ထဲမှာ ထောက်လှမ်းရေးလုပ်တယ်လို့ စွပ်စွဲခံရတဲ့တရုတ်ရဲ့ မီးပုံပျံတစီးကို အမေရိကန်ဖက်က ပစ်ချခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး တင်းမာခဲ့ပြီးခရီးစဥ်လည်းပျက်ခဲ့ရတာပါ။ အခု လာမယ့် ခရီးစဥ်မှာလည်းနှစ်နိုင်ငံကြား ခက်ထန်နေတဲ့အခြေအနေတွေလျော့ပါး သွားဖို့ကတော့ မျှော်လင့်ချက်နည်းနေပါသေးတယ်။

အင်္ဂါနေ့ညကလည်း ဘလင်ကန်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်း (Qin Gang) နဲ့ ဖုန်းကတဆင့် ဆက်သွယ် စကားပြောခဲ့ပါတယ်။ အဲဒီမှာ "ပွင့်လင်းတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ထိန်းသိမ်းထားရေး ဆက်လက်ကြိုးပမ်းနေတာတွေအပါအဝင် နှစ်နိုင်ငံနဲ့ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးခဲ့ကြောင်း ဘလင်ကန်က သူ့ရဲ့ လူမှုကွန်ရက် တွစ်တာမှာ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG