သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတရဲ့ဗျူဟာမှူးချုပ် Bannon ရာထူးမှဖယ်ရှားခံရ


အမေရိကန်သမ္မတ Donald Trumpနဲ့ မဟာဗျူဟာဆိုင်ရာ အဓိကအကြံပေးပုဂ္ဂိုလ် Steve Bannon။
အမေရိကန်သမ္မတ Donald Trumpနဲ့ မဟာဗျူဟာဆိုင်ရာ အဓိကအကြံပေးပုဂ္ဂိုလ် Steve Bannon။

အမေရိကန်သမ္မတ Donald Trump က မဟာဗျူဟာဆိုင်ရာ အဓိကအကြံပေးပုဂ္ဂိုလ် Steve Bannon ကို ရာထူးကနေဖယ်ရှားလိုက်ပါတယ်။ သောကြာနေ့ဟာ သူ့ရဲ့တာဝန်နောက်ဆုံးထမ်းဆောင်တဲ့နေ့အဖြစ် အိမ်ဖြူတော်အရာရှိချုပ် John Kelly နဲ့ Steve Bannon တို့သဘောတူခဲ့ကြတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ Sarah Huckabee Sanders ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် ပထမဦးစားပေး “America First” အမေရိကန် ပြန်လည် အင်အားကြီးအောင်လုပ်မယ်။“Make America Great Again” စတဲ့ကြွေးကြော်သံတွေနဲ့ Mr. Trump ရွေးကောက်ပွဲအနိုင်ရအောင် Steve Bannonအဓိကကူညီ လုပ်ပေးခဲ့တာဖြစ်ပါတယ်။ လက်ယာစွန်းအမျိုးသားရေးဝါဒီတယောက်ဖြစ်သလို Breitbart.com သတင်းကွန်ယက်ရဲ့ အကြီးအကဲဟောင်း တယောက်ဖြစ်တဲ့ Bannon ဟာ အငြင်းပွားစရာ သမ္မတရဲ့မဟာဗျူဟာအကြံပေးတယောက်ဖြစ်ခဲ့ပါတယ်။

Trump အစိုးရအဖဲ့ွထဲက သြဇာညောင်းတဲ့ အလယ်အလတ်ဝါဒီတွေနဲ့ Bannon တို့ကြား မပြေမလည်ဖြစ်နေတာ လနဲ့ချီရှိခဲ့ပြီးနောက် ရာထူးကနေဖယ်ရှားခံရတာဖြစ်ပါတယ်။ အိမ်ဖြူတော်နဲ့လမ်းခွဲဖို့ သူဆုံးဖြတ်ခဲ့တာဖြစ်ပြီး နှုတ်ထွက်စာကို လွန်ခဲ့တဲ့ ၁၁ ရက်ထဲက သမ္မတကိုပေးထားတာဖြစ်တယ်လို့ Bannon က ပြောတဲ့အကြောင်း The New York Times သတင်းစာက ဖော်ပြပါတယ်။

သမ္မတ Trump ကိုအဓိကကြိုးကိုင်နေသူအဖြစ် Steve Bannon ကို အမေရိကန် TV အစီအစဉ်တွေမှာ မကြာခဏ လှောင်ပြောင်သရော်ခဲ့ကြပါတယ်။ Bannon ရဲ့လက်ယာစွန်း အမြင်တွေ သမ္မတအပေါ် လွှမ်းမိုးနေတယ်လို့ Democrat အမတ်တော်တော်များများကလည်း မြင်ကြပါတယ်။Bannon ဟာလူကောင်း တယောက်ဖြစ်ပြီး လူမျိုးရေးခွဲခြားသူမဟုတ်ပါဘူးလို့ သမ္မတ Trump ကကြာသပတေးနေ့က ချီးကျူးပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG