သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်အရေး ရင်ဆိုင်နေရတဲ့ နိုင်ငံတွေကိုကူညီဖို့ EU တိုက်တွန်း


Austria နဲ့Hungary နယ်စပ် Heiligenkreuz မြို့နားက ထောင်နဲ့ချီတဲ့ရွှေ့ပြောင်းဒုက္ခသည်တွေကို တင်ဆောင်မယ့် ဘတ်စ်ကားများရောက်လာသည်ကို တွေ့ရစဉ်။ (စက်တင်ဘာ ၁၉၊ ၂၀၁၅)
Austria နဲ့Hungary နယ်စပ် Heiligenkreuz မြို့နားက ထောင်နဲ့ချီတဲ့ရွှေ့ပြောင်းဒုက္ခသည်တွေကို တင်ဆောင်မယ့် ဘတ်စ်ကားများရောက်လာသည်ကို တွေ့ရစဉ်။ (စက်တင်ဘာ ၁၉၊ ၂၀၁၅)

အဖွဲ့ဝင် ၂၈ နိုင်ငံပါဝင်တဲ့ EU ဥရောပသမဂ္ဂအနေနဲ့ ရွှေ့ပြောင်းဒုက္ခသည် ပြဿနာကို အဓိကရင်ဆိုင်နေရတဲ့နိုင်ငံတွေကို အကူအညီပေးသင့်ကြောင်းနဲ့
တချိန်ထဲမှာလည်း နယ်စပ်လုံခြုံရေးကို ခိုင်မာအောင်လုပ်သင့်တယ်လို့ EU ထိပ်တန်းအရာရှိတယောက်က ပြောကြားခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေဘက်က ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်လာနေတာရင်ဆိုင်နေရတဲ့ ဘော်ကန်ဒေသနိုင်ငံတွေကို EU က အကူအညီပေးဖို့ လိုအပ်တယ်လို့ EU တိုးချဲ့ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Johannes Hahn က ၂ ရက်ကြာ မက်ဆီဒိုးနီးယားနိုင်ငံခရီးစဉ်အပြီးမှာ ပြောကြားခဲ့ပါတယ်။

ဆီးရီးယားစစ်ပြေးဒုက္ခသည်တွေ အိမ်နီးချင်းနိုင်ငံတွေမှာပဲနေကြအောင် အစပြုဆောင်ရွက်တဲ့အနေနဲ့ ရွှေ့ပြောင်းဒုက္ခသည် ဝန်ပိနေတဲ့ တူရကီနိုင်ငံကို
ဒေါ်လာ ၁.၁ ဘီလျံ အကူအညီပေးဖို့ Mr. Hann က အဆိုပြုခဲ့ပါတယ်။ ဒီငွေတွေထဲက ဒုက္ခသည်တွေ သူတို့ နေရပ် မပြန်နိုင်မချင်း ဒေသတွင်းမှာပဲ နေကြအောင် အကူအညီပေးမယ်လို့လည်း ဆိုပါတယ်။ ဆီးရီးယားစစ်ပွဲကြောင့် နိုင်ငံထဲကနေ ထွက်ပြေးနေကြသူ ၄ သန်းလောက်ရှိပါတယ်။ ထက်ဝက်လောက်ကတော့ တူရကီနိုင်ငံဘက် ထွက်လာကြသူတွေဖြစ်ပါတယ်။

တစ်သန်းကျော်က လက်ဘနွန်မှာနဲ့ ဂျော်ဒန်မှာ ၆ သိန်း ၃ သောင်းနီးပါး ရောက်နေကြပါတယ်။ Austria နိုင်ငံ နယ်စပ်မြို့ ၂ ခုဆီကို ရွှေ့ပြောင်း ဒုက္ခသည် ၃ ထောင်လောက် စနေနေ့ အစောပိုင်းမှာ ရောက်ရှိလာခဲ့ကြပါတယ်။ ဟန်ဂေရီနိုင်ငံကနေ ခြေကျင်လျှောက်လာကြတဲ့ ရွှေ့ပြောင်းဒုက္ခသည် ၁,၅၀၀ လောက် Nickelsdorf မြို့ဆီကို ရောက်လာခဲ့ကြတာမှာ သူတို့ကို Austria ရဲနဲ့ ကြက်ခြေနီအဖွဲ့တွေက Vienna မြို့တော်ဆီသွားတဲ့ Bus ကားတွေပေါ် တင်ပေးခဲ့ကြပါတယ်။ Heiligenkreuz မြို့ဆီကိုတော့ ဟန်ဂေရီ အစိုးရစီစဉ်ပေးတဲ့ Bus ကားတွေနဲ့ ရောက်လာသူ ၁,၆၀၀ လောက်ရှိပြီး သူတို့ဟာလည်း Vienna မြို့နဲ့ Austria မှာ ဒုတိယအကြီးဆုံး ဂရတ်ဇ် (Graz) မြို့ဆီသွားတဲ့ Bus ကားတွေနဲ့ ခရီးဆက်သွားခဲ့ကြပါတယ်။

Croatia နိုင်ငံမှာရောက်နေကြတဲ့ ရွှေ့ပြောင်းဒုက္ခသည် အမြောက်အများဟာလည်း အနောက်ဥရောပနိုင်ငံတွေ ဆက်သွားနိုင်ဖို့ ဟန်ဂေရီနယ်စပ်ဘက် ဆီကို Bus ကားတွေနဲ့ သွားနေကြပါတယ်။ Serbia နဲ့နယ်စပ်ဘက်ကနေ Croatia ဆီရောက်လာကြတဲ့ ရွှေ့ပြောင်းဒုက္ခသည် ၃ ရက်အတွင်း ထောင့် ၇၀၀ ထက်မနည်းရှိနေပြီး Croatia အစိုးရအနေနဲ့ အနောက်ဥရောပနိုင်ငံတွေဆီကို သွားချင်တဲ့သူတွေကို သူ့ရဲ့ နိုင်ငံထဲကနေ ဖြတ်သွားခွင့်ပေးမယ်လို့ Croatia ဝန်ကြီးချုပ် Zoran Milannovic ကပြောကြားခဲ့ပါတယ်။

Slovenia နဲ့ ဟန်ဂေရီ နိုင်ငံတွေက ရွှေ့ပြောင်းဒုက္ခသည်တွေ မြောက်ပိုင်းနိုင်ငံတွေဘက်ကို ခရီးဆက်မှာ တားဆီးထားပေမဲ့လည်း Croatia နိုင်ငံမှာ သောင်တင်နေကြတဲ့ ဒုက္ခသည်တွေဟာ အဲဒီနိုင်ငံတွေကို ဖြတ်ကျော်ပြီး သွားနိုင်ကြဖို့ အားထုတ်နေကြပါတယ်ရှင်။

XS
SM
MD
LG