သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုတယ်ရေနံကုမ္ပဏီ စစ်ကောင်စီကို ငွေကြေးမပေးနိုင်အောင်တားဖို့ ပြင်သစ်အစိုးရကို လူအဖွဲ့အစည်းတွေ တောင်းဆို


ပြင်သစ် Total ရေနံကုမ္ပဏီဌာနချုပ် (Photo by ERIC PIERMONT / AFP)
ပြင်သစ် Total ရေနံကုမ္ပဏီဌာနချုပ် (Photo by ERIC PIERMONT / AFP)

[[Zawgyi/Unicode]]

ကမ္ဘာပေါ်က အကြီးဆုံးစွမ်းအင်ကုမ္ပဏီကြီးဖြစ်တဲ့ တိုတယ်ရေနံကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးတွေဆက် မပေးနေနိုင်အောင် တားမြစ်ဖို့ ပြင်သစ်အစိုးရကို မြန်မာနဲ့ နိုင်ငံတကာ လူထုအခြေပြုလူမှုအဖွဲ့ အစည်းတွေက ဝိုင်းဝန်း တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားပေမယ့် ဒါတွေက မလုံလောက်ဘဲ ထပ်တင်းကြပ်ဖို့၊ မြန်မာစစ်ကောင်စီလက်အောက်က ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ငွေတွေ ထပ်လွှဲပေးလို့မရအောင် တားမြစ်မှုတွေလုပ်ဆောင်ဖို့ နိုင်ငံပေါင်း ၂၀ က လူမှုအဖွဲ့အစည်းပေါင်း ၄၅၉ ဖွဲ့က ပြင်သစ်သမ္မတနဲ့ ပြင်သစ်အစိုးရဆီ တောင်းဆိုကြောင်း ဇွန်လ ၂၀ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

ဥရောပသမဂ္ဂအရေးယူမှုမှာ ဟာကွက်ရှိနေတာကြောင့် တိုတယ်နဲ့ မိတ်ဖက် အမေရိကန် ရှယ်ဗရွန် စွမ်းအင်ကုမ္ပဏီတို့ နိုင်ငံတွင်းကနေ တကယ် ရွှေ့ပြောင်းမထွက် ခွာခင် ၆ လအတွင်း စစ်ကောင်စီက သူတို့ဆီက ယူရိုငွေ သန်း ၂၅၀ ဆက်ပြီး ထပ်ရရှိနေမှာ ဖြစ်ပါတယ်။

ဒီငွေကြေးကို အသုံးပြုပြီး စစ်ကောင်စီက မြန်မာပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်နိုင်သလို ငွေကြေးအင်အား အထောက်အကူရနေစေလို့ သူတို့ရဲ့ လုပ်ရပ်တွေ နောက်မတွန့်သွားအောင် ပံ့ပိုးမှုလည်းဖြစ်တယ်လို့ တောင်းဆိုသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကနေ လုပ်ငန်းတွေရပ်ဆိုင်း နုတ်ထွက်တော့မယ်လို့ တိုတယ်ရေနံကုမ္ပဏီက ၂၀၂၂ ဇန်နဝါရီလမှာ ပြောခဲ့ပါတယ်။

ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကနေ ရရှိတဲ့ ဝင်ငွေတွေနဲ့ မြန်မာစစ်ကောင် စီက လူထုကို လက်နက်နဲ့ အင်အားသုံးဖိနှိပ်မှုတွေ လုပ်ဆောင်နေနိုင်တာဖြစ်လို့ ဒီငွေစီးဆင်းမှု တားဆီးရေးလုပ်ဆောင်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လိုက်နာပါမယ်လို့ တိုတယ်ကုမ္ပဏီက ပြောထားပေမယ့် အခုလို ဝင်ငွေစီးဆင်းမှုတွေ ဆက်လက်ဖြစ်ပွားနေလို့ တိုတယ်လ်ရေနံကုမ္ပဏီကို တားမြစ်ပေးဖို့ တောင်းဆိုကြောင်းလည်း ကြေညာချက်မှာ ပြောထားပါတယ်။

တိုတယ်စွမ်းအင်ကုမ္ပဏီဟာ ၁၉၉၀ နှစ်တွေကစပြီး မြန်မာနိုင်ငံမှာ ရတနာဓါတ်ငွေ့လုပ်ငန်းစီမံကိန်း လုပ်ကိုင်နေတာဖြစ်ပြီး စစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE ကို အခွန်ပေးဆောင်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို EU က ဖေဖော်ဝါရီလ ထပ်တိုးပိတ်ဆို့မှုစာရင်းထဲမှာ ထည့်သွင်းထားပြီးဖြစ်ပါတယ်။

==========================

[[Unicode]]









==========================

XS
SM
MD
LG