သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာနဲ့မြန်မာ့ ခရီးသွားလုပ်ငန်း အလားအလာ


ကမ္ဘာနဲ့မြန်မာ့ ခရီးသွားလုပ်ငန်း အလားအလာ
ကမ္ဘာနဲ့မြန်မာ့ ခရီးသွားလုပ်ငန်း အလားအလာ
ကမ္ဘာတဝှမ်း စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရဆဲ ဆိုပေမဲ့ ခရီးသွားလုပ်ငန်းမှာတော့ သိသိသာသာ တိုးတက်မှုတွေ တွေ့ရတဲ့အကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ အထူးသဖြင့် တိုးတက်မှုတွေကို အာရှ-ပစိဖိတ် ဒေသက နိုင်ငံတွေမှာ တွေ့ရတဲ့အကြောင်း ကမ္ဘာ့ခရီးသွားအဖွဲ့ရဲ့ အစီရင်ခံစာသစ်က ဖော်ပြခဲ့တာပါ။

ဒါပေမဲ့လည်း ထိုင်းနိုင်ငံမှာ နိုင်ငံရေး တင်းမာမှုတွေ ကြီးထွားနေတာ၊
မြန်မာနိုင်ငံမှာတော့ ခရီးသွားတွေ အလာများပေမဲ့ အခြေခံ အဆောက်အအုံ လိုအပ်ချက်တွေလို စိန်ခေါ်မှုတွေလည်း ရှိနေဆဲ ဖြစ်တဲ့အကြောင်းကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

စီးပွားရေး ပြဿနာတွေ ကြုံခဲ့ရပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာတဝှမ်း ခရီးသွား အရေအတွက်ဟာ သန်းပေါင်း ၁,၁၀၀ နီးပါးအထိ စံချိန်တင်လောက်အောင် တိုးလာခဲ့ပြီး၊ အများစုကိုတော့ အာရှ-ပစိဖိတ်ဒေသမှာ တွေ့ရတဲ့အကြောင်း ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားအဖွဲ့ (UNWTO) ရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

ဘဏ္ဍာရေး အကျပ်အတည်းတွေ ကြုံခဲ့ရာက ပြန်လည်နာလန်ထူဖို့ ကြိုးစားနေတဲ့ ကမ္ဘာ့စီးပွားရေးဟာ နှေးကွေးနေဆဲ ဖြစ်သလို၊ ကမ္ဘာလှည့် ခရီးသွားတွေကြား ရေပန်းစားတဲ့ တိုင်းပြည်တွေမှာ မတည်မငြိမ် အခြေအနေတွေ ကြုံခဲ့ရပေမဲ့ ခရီးသွား အရေအတွက်ဟာ ၅% ပိုတိုးလာခဲ့တာပါ။

သဘာဝဘေးဒဏ် သာမက လူတွေဖန်တီးတဲ့ ပြဿနာတွေ ကြုံခဲ့ရပေမဲ့ မျှော်လင့်ထားတာထက် ပိုများခဲ့တာလို့လည်း ကမ္ဘာ့ခရီးသွားအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Taleb Rifai ကပြောပါတယ်။

“ခရီးသွားလုပ်ငန်းဟာ ၂၀၁၃ ခုနှစ်မှာ ၅% တိုးပြီး တစ်နှစ်ထဲမှာတင် နိုင်ငံဖြတ်ကျော် ခရီးထွက်ကြတဲ့ နိုင်ငံတကာ ကမ္ဘာလှည့် ၅၂ သန်း ပိုတိုးလာတဲ့အတွက် ပြီးခဲ့တဲ့နှစ်ထဲ ခရီးသွားအရေအတွက် စုစုပေါင်းက ၁,၀၈၇ သန်းအထိ ရှိခဲ့ပါတယ်။”

ပြီးခဲ့တဲ့နှစ်အတွင်း တိုးတက်မှု အများစုတွေ့ခဲ့ရတဲ့ အာရှ-ပစိဖိတ်ဒေသမှာတော့ ၆% တိုးပြီး ခရီးသွားပေါင်း ၂၄၈ သန်းအထိ ရှိခဲ့တာပါ။ ဒီအထဲမှာ မြန်မာနိုင်ငံ အပါအဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ ဒေသက ခရီးသွား ၁၀% နှုန်းအထိ တိုးတက်ပြီး အများဆုံးလည်း ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့်ကတော့ ဒီနိုင်ငံတွေမှာ အစိုးရတွေရဲ့ မူဝါဒတွေ အပါအဝင် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့ တိုးတက်အောင် လုပ်ခဲ့တာတွေရဲ့ အကျိုးကျေးဇူးကြောင့်လို့ ကမ္ဘာ့ခရီးသွားအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

“ဒါဟာလည်း အခြေခံ အဆောက်အအုံ လုပ်ငန်းတွေမှာ ကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှုတွေ၊ ငွေကြေးသုံးစွဲကြတဲ့ လူလတ်တန်းစားတွေ ပိုများလာတာတွေနဲ့ ဒီနိုင်ငံတွေမှာ ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးတဲ့ မူဝါဒတွေမှာ အကြီးအကျယ် ပြောင်းလဲလာတာကြောင့်ပါ။”

မကြာသေးခင် နှစ်တွေကစလို့ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေ လုပ်ဆောင်လာခဲ့တဲ့ မြန်မာနိုင်ငံမှာလည်း ဒေသတွင်း နိုင်ငံတွေနဲ့ အပြန်အလှန် ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် ပေးတာမျိုးတွေ အပါအဝင် ကန့်သတ်ချက်တွေ လျှော့ပေါ့ပေးခဲ့တဲ့ မူဝါဒတွေကြောင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာခဲ့တာပါ။

မြန်မာနိုင်ငံ ဟိုတယ်နဲ့ခရီးသွား ဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေ အရဆိုရင်တော့ ပြီးခဲ့တဲ့နှစ်ထဲမှာ ခရီးသွားပေါင်း ၂ သန်းကျော် ဝင်ရောက်လာခဲ့ပြီး၊ ဒီအထဲက ထက်ဝက်လောက်ကတော့ နယ်စပ်ဂိတ်တွေကတဆင့် ဝင်ရောက်လာသူတွေဖြစ်ကြပြီး၊ ၉ သိန်း နီးပါးကတော့ လေကြောင်းကနေ လာရောက်ကြသူတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလည်း အဖွဲ့ဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဒီနှစ်ထဲ စတင်တာဝန်ယူချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပိုများလာစရာ ရှိတာမို့ ခရီးသွားလုပ်ငန်း ပိုမိုအားကောင်းလာဖို့လည်း မျှော်လင့်နေကြတာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်၊ လမ်းပမ်းနဲ့ ဆက်သွယ်ရေး နည်းပညာလို အခြေခံ အဆောက်အအုံ လိုအပ်ချက်တွေရဲ့ စိန်ခေါ်မှုတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။

ကမ္ဘာလှည့် ခရီးသွားတွေကြား ရေပန်းစားတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ ၂၀၁၃ ခုနှစ်ထဲမှာ အရင်တနှစ်ကထက် ၂၀% တိုးပြီး ခရီးသွားပေါင်း ၂၇ သန်းလောက် ဝင်ရောက်ခဲ့တာပါ။ ဒါပေမဲ့လည်း မြို့တော်ဘန်ကောက်နဲ့ အနီးအနား ဒေသတွေမှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ရတဲ့အထိ နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်လာရာက ဒီနှစ်ဆန်းပိုင်းမှာတော့ ခရီးသွားလုပ်ငန်းမှာ အထိနာစရာ အခြေအနေတွေနဲ့ ကြုံနေရပါတယ်။

အစိုးရက လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ အသစ်တွေ ရှေ့လထဲ ကျင်းပဖို့ ကြေညာထားပေမဲ့လည်း ဝန်ကြီးချုပ်ရာထူးက ထွက်ပေးဖို့ အတိုက်အခံတွေက ဆက်လက်တောင်းဆိုရာက နိုင်ငံရေး အကျပ်အတည်းတွေ ကြီးထွားမလာမီ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာတော့ ထိုင်းနိုင်ငံကိုလာတဲ့ ခရီးသွားအရေအတွက်ဟာ ၆.၇% တိုးတက်ခဲ့တာပါ။

ဒါပေမဲ့လည်း အတိုက်အခံတွေက မြို့တော်ကို ပိတ်ဆို့ဆန္ဒပြတဲ့အထိ တင်းမာမှုတွေ ပေါ်ပေါက်လာချိန်မှာတော့ ဘန်ကောက်မြို့ကို လာကြတဲ့ ခရီးသွား အရေအတွက်ဟာ ၁၅% ကနေ ၂၀% လောက်အထိ ကျဆင်းသွားတယ်လို့ ထိုင်းနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ Surapong Techaruvichit က ပြောပါတယ်။

“လူတွေသေကြေ ထိခိုက်ဒဏ်ရာရကြတဲ့ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ မဖြစ်ဘူးဆိုရင်တော့၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို ကြီးကြီးကျယ်ကျယ် ထိခိုက်မှာ မဟုတ်ပါဘူး။ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာတော့ ခရီးသွား အရေအတွက် ၁ သိန်းကနေ ၂ သိန်းလောက် လျော့သွားတာ တွေ့ရပါတယ်။”

စိန်ခေါ်မှုတွေ ရှိနေဆဲ ဆိုပေမဲ့လည်း ကမ္ဘာတဝှမ်း ခရီးသွားလုပ်ငန်းဟာ ဒီနှစ်မှာလည်း ပျမ်းမျှ ၄% ကနေ ၄.၅% လောက်အထိ တိုးတက်နိုင်တဲ့ အလားအလာကောင်းတွေ ရှိနေဆဲပဲလို့ ကမ္ဘာ့ခရီးသွားအဖွဲ့က ပြောပါတယ်။

ဒီအထဲမှာ အရှိန်အဟုန် အကောင်းဆုံးအဖြစ် အာရှ-ပစိဖိတ်ဒေသက ၅% ကနေ ၆% နှုန်းအထိ တိုးနိုင်သလို၊ အာဖရိကတိုက်မှာတော့ ၄% ကနေ ၆% ဥရောပနဲ့ အမေရိကတိုက်မှာတော့ ၃% ကနေ ၄% နဲ့ သွေးထွက်သံယို ပဋိပက္ခတွေနဲ့ နိုင်ငံရေး ပြဿနာတွေ အကြီးအကျယ် ကြုံနေရတဲ့ အရှေ့အလယ်ပိုင်း ဒေသကတော့ သုညကနေ ၅% လောက်အထိ တိုးတက်နိုင်တယ်လို့လည်း ခန့်မှန်းထားတာပါ။

သက်ဆိုင်ရာ နိုင်ငံတွေ အနေနဲ့လည်း နိုင်ငံတကာအဆင့် ကျင်းပတဲ့ ပွဲလန်းတွေကို ကျကျနန စီမံခန့်ခွဲနိုင်မယ် ဆိုရင်တော့ တိုင်းပြည်အတွက် ဘဏ္ဍာငွေ ရနိုင်မယ့် ရေရှည်ခံ နည်းလမ်းတခု ဖြစ်လာနိုင်တယ်လို့လည်း ကမ္ဘာ့ခရီးသွားအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

“ကျနော်တို့ လေ့လာချက်အရ အိုလံပစ်ပွဲတော်လို၊ ကမ္ဘာ့ဖလား ဘောလုံးပွဲနဲ့ ကုန်စည်ပြပွဲတွေလို ကြီးကျယ်တဲ့ အခန်းအနားတွေနဲ့ ဆက်နွယ်ပြီး တိုင်းပြည်တွေမှာ အကျိုးခံစားရတာ တွေ့ကြရပြီး၊ အထူးသဖြင့်ကတော့ အမွေအနှစ်တွေ ချန်ခဲ့နိုင်အောင် စီစဉ်နိုင်တယ် ဆိုရင်တော့ ရေရှည်အတွက်ပါ အကြီးအကျယ် အမြတ်ထွက်နိုင်ပါတယ်။”

ကမ္ဘာလှည့်တွေ အများဆုံး လည်ပတ်ကြတဲ့ ဥရောပကတော့ ပြီးခဲ့တဲ့နှစ်ထဲမှာ ခန့်မှန်းချက်ထက် ခရီးသွား ၂၉ သန်း၊ ၅% တိုးပြီး စုစုပေါင်း အရေအတွက် ၅၆၃ သန်းအထိ ရှိခဲ့တာပါ။ အမေရိကတိုက်မှာတော့ ခရီးသွား ၆ သန်း၊ ၄% တိုးပြီး စုစုပေါင်း ၁၆၉ သန်း ရှိခဲ့ပေမဲ့ ကာရစ်ဘီယံဒေသမှာတော့ ၁% နဲ့ တိုးတက်မှု အနည်းဆုံးဖြစ်ခဲ့ပါတယ်။

အာဖရိကတိုက် နိုင်ငံတွေမှာတော့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ထဲမှာ ခန့်မှန်းချက်ထက် ခရီးသွား ၃ သန်း၊ ၆% တိုးပြီး ၅၆ သန်းအထိ ရှိခဲ့တာပါ။ ကမ္ဘာလှည့် ခရီးသွားတွေ အများဆုံး ၁၀ နိုင်ငံထဲမှာ ထူးထူးခြားခြား နေရာယူလာနေတဲ့ တရုတ်နိုင်ငံသားတွေ ကတော့ ၂၀၁၂ ခုနှစ်ထဲမှာ ဒေါ်လာ ၁၀၂ ဘီလီယံအထိ သုံးစွဲခဲ့ကြသလို၊ ၂၀၁၃ ခုနှစ် နှစ်ဆန်းကစလို့ ၉ လအတွင်းမှာလည်း သုံးစွဲမှုနှုန်းဟာ ၂၈% အထိ ရှိခဲ့ပါတယ်။

စီးပွားရေး ဖွံဖြိုးတဲ့ တိုင်းပြည်တွေက ကမ္ဘာလှည့်ခရီးသွား တိုးတက်မှုနှုန်းကတော့ အသင့်အတင့်သာ တွေ့ရပြီး၊ ဒီအထဲက ပြင်သစ်နိုင်ငံက ခရီးသွား အရေအတွက်ကတော့ အရင်တနှစ်ကထက်စာရင် ၂၀၁၃ ခုနှစ်ထဲမှာ ၆% တိုးလာခဲ့ပြီး၊ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျ နိုင်ငံတွေကတော့ တိုးတက်မှု ၃% သာ ရှိခဲ့ကြတာပါ။

ဂျာမဏီ၊ အီတလီနဲ့ ဂျပန်နိုင်ငံက ခရီးသွား အရေအတွက် ကတော့ အရင်ထက်တောင် ကျဆင်းသွားတာကိုလည်း တွေ့ခဲ့ရတဲ့အကြောင်း ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားအဖွဲ့ (UNWTO) ရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
XS
SM
MD
LG