သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ခရီးသွားလုပ်ငန်းနဲ့ အနာဂတ်မျှော်လင့်ချက်


ရည်ရွယ်ချက်အမျိုးမျိုး၊ စိတ်ဝင်စားမှု အမျိုးမျိုးတွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့ စိတ်အားထက်သန်နေကြတာ ဖြစ်ပါတယ်။
ရည်ရွယ်ချက်အမျိုးမျိုး၊ စိတ်ဝင်စားမှု အမျိုးမျိုးတွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့ စိတ်အားထက်သန်နေကြတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၉၊ ၂၀၁၀-လာရောက်လည်ပတ်လိုတဲ့ ခရီးသွားတွေ ရှိနေပေမဲ့ မြန်မာ့ခရီးသွားလုပ်ငန်းကတော့ အားနည်းနေဆဲ ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ ဖမ်းဆီးထားရာက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတာ၊ စစ်အစိုးရက နိုင်ငံရေး အပြောင်းအလဲတွေအတွက်ဆိုပြီး ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့နောက် မြန်မာနိုင်ငံမှာ ဝင်ငွေရပေါက်ရလမ်း တခုဖြစ်တဲ့ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာလေမလား မျှော်လင့်မှုတွေလည်း ထွက်ပေါ်လာနေပါတယ်။ လာရောက် လည်ပတ်ဖို့ စိတ်အားထက်သန်နေကြတဲ့ ခရီးသွားတွေရှိနေပေမဲ့လည်း ဒေသတွင်းက နိုင်ငံတွေနဲ့စာရင် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကတော့ နိမ့်ကျနေဆဲ ဖြစ်ပါတယ်။ ဒီလို ခရီးသွားလုပ်ငန်းမှာ အားနည်းနေဆဲ အခြေအနေတွေဟာ ဘယ်လို အကြောင်းတွေကို အခြေခံနေသလဲ ဆိုတာကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က သုံးသပ်တင်ပြပေးမှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး၊ နိုင်ငံရေး အခြေအနေတွေ တိုးတက်မှု မရှိတဲ့ မြန်မာနိုင်ငံကို မသွားဖို့ လှုံ့ဆော်မှုတွေနဲ့အတူ အနောက်နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဝိုင်းပယ်ထားတာတွေကြောင့် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးနိုင်ပဲ ဖြစ်နေရပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံကို အလည်အပတ် ပြည်ဝင်ခွင့်ဗီဇာ လျှောက်လွှာကို ၃ ရက်ကြာတဲ့အထိ စိစစ်တာ၊ အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ ဥရောပနဲ့ အမေရိကန် ပြည်ထောင်စုလို နိုင်ငံတွေက တိုက်ရိုက် လေကြောင်းခရီးစဉ်တွေ မရှိတာလို၊ အစိုးရရဲ့ မူဝါဒတွေက အကန့်အသတ်တွေနဲ့ အခြေခံအဆောက်အအုံ အားနည်းချက်တွေကလည်း မြန်မာ့ခရီးသွားလုပ်ငန်းအတွက် အဟန့်အတားတွေအဖြစ်နဲ့ တွေ့မြင်နေကြရတာပါ။

ဒါပေမဲ့လည်း ရည်ရွယ်ချက်အမျိုးမျိုး၊ စိတ်ဝင်စားမှု အမျိုးမျိုးတွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေကတော့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့ စိတ်အားထက်သန်နေကြဆဲ ဖြစ်ပါတယ်။

“ကျမလိုပဲ ဒီကိုမလာခင်မှာ သေချာစဉ်းစားကြသူတွေ တော်တော်များများရှိမယ်လို့ ထင်ပါတယ်။ ဒီကိုလာတာဟာ ကောင်းသလား၊ မကောင်းဘူးလားဆိုတာ မသေချာဘူးလေ။ ဒါပေမဲ့လည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီမှာကျမတို့ လျှောက်သွားနေတာကို လူတွေက ဘယ်လိုထင်ကြမလဲဆိုတာတော့ ကျမမသိပါဘူး။ ကျမတို့ဒီမှာလာတာကို လူတွေက ဝမ်းသာကြသလား၊ ဒီလိုပဲ မြင်ကြသလားပေါ့ရှင်။” သြစတြီးယားနိုင်ငံသူ ကမ္ဘာလှည့်ခရီးသည် Michelle ပါ။

ဒီနှစ် ၂၀၁၀ ပြည့်နှစ်ရဲ့ ပထမ ၇ လအတွင်းမှာ အိမ်နီးချင်း ထိုင်းနိုင်ငံသား အများစု ပါဝင်တဲ့ ခရီးသွားတွေအပြင် အာရှတိုက်က တောင်ကိုရီးယား၊ တရုတ် နဲ့ ပြင်သစ်၊ ဂျာမဏီနဲ့ အီတလီတို့လို ဥရောပနိုင်ငံသားတွေလည်း အများအပြား ရောက်လာကြပါတယ်။ ခရီးသွားလုပ်ငန်းက ကုမ္ပဏီတွေ၊ ဟိုတယ်တွေမှာ ကြိုတင်အမှာတွေ အရင်ထက်ပိုရလာနေတယ်လို့လည်း ဆိုကြပါတယ်။ ဒီလို အခြေအနေတွေဟာ နိုဝင်ဘာလ ၇ ရက်နေ့မှာ စစ်အစိုးရက နိုင်ငံရေး အပြောင်းအလဲတွေအတွက်ဆိုပြီး ရွေးကောက်ပွဲ ကျင်းပခဲ့တာ၊ ဒီနောက် တပတ်လောက်အကြာမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရာက ပြန်လည် လွတ်မြောက်လာခဲ့တာတွေနဲ့အတူ ပိုပြီး တိုးတက်လာလေမလား မျှော်လင့်မှုတွေလည်း ကြီးထွားလာနေကြတာပါ။

အများစုက ဒေါ်အောင်ဆန်းစုကြည် ကို စိတ်ဝင်စားကြပါတယ်။ ဒါကြောင့်လည်း သူပြန်လွတ်လာတဲ့အတွက် ခရီးသွားတွေလည်း ပိုပြီးလာကြလိမ့်မယ်လို့ သူထင်တဲ့အကြောင်း မြန်မာဧည့်လမ်းညွှန် ကိုစိုးရီ က ပြောပြပါတယ်။ တချို့ကမ္ဘာလှည့် ခရီးသွားတွေဆိုရင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အင်လျားကန်နံဘေး နေအိမ်ကို လိုက်လံပြသခိုင်းတာ၊ သူ့အကြောင်းတွေကို မေးမြန်းတာမျိုးတွေလို စိတ်ဝင်တစား ရှိကြတယ်လို့လည်း ခရီးသွားလမ်းညွှန်တွေက ပြောပါတယ်။ သတင်းမီဒီယာတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ အခြေအနေတွေကို မျက်မြင်ကိုယ်တွေ့ သိလိုသူတွေ၊ စူးစမ်းလိုသူတွေ အတွက်လည်း မြန်မာနိုင်ငံဟာ စိတ်ဝင်စားစရာ တိုင်းပြည်တခု ဖြစ်နေရတာပါ။
“ကျမရဲ့ ပုဂ္ဂိုလ်ရေး အမြင်အရကတော့ ဒီတိုင်းပြည်ကို လူတွေလာရောက် လည်ပတ်သင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒါဟာ စိတ်ဝင်စားစရာ၊ ဆွဲဆောင်မှုရှိတဲ့ တိုင်းပြည်တခုပါ။ လူတွေနဲ့လည်း ထိတွေ့ဆက်ဆံနိုင်ပါတယ်။ ဒါဟာ နိုင်ငံရေးအခြေအနေ ဆိုတာထက် ပိုပါတယ်။”
ရန်ကုန်မြို့ ရွှေတိဂုံဘုရားကို လည်ပတ်နေတဲ့ ဂျာမန်ကမ္ဘာလှည့်ခရီးသည် Sina Hoelsch ဖြစ်ပါတယ်။

ဒေသတွင်း ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတွေကို စီမံခန့်ခွဲနေတဲ့ ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်းအသင်း (PATA) ကတော့ ရှေ့လာမယ့် ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှာ ပျမ်းမျှ ၆ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်း လောက်အထိ တိုးလာနိုင်တယ်လို့ ခန့်မှန်းထားတာပါ။ မြန်မာအစိုးရရဲ့ တရားဝင် ကိန်းဂဏန်းတွေကတော့ ပြီးခဲ့တဲ့ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် အတွင်း ခရီးသွားပေါင်း ၃ သိန်းလောက် မြန်မာနိုင်ငံကို လာခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါပေမဲ့လည်း ဒီပမာဏဟာ ကမ္ဘာလှည့်ခရီးသွား ၁၄ သန်း ရောက်လာခဲ့တဲ့ ထိုင်းနိုင်ငံ၊ ခရီးသွား ၁ သန်း ရှိခဲ့တဲ့ လာအိုလို နိုင်ငံတွေနဲ့စာရင်တော့ နည်းပါးနေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ခရီးမသွားဖို့ လှုံ့ဆော်ကြသူတွေကတော့ ခရီးသွားလုပ်ငန်းက ရလာနိုင်တဲ့ ဝင်ငွေတွေဟာ စစ်အစိုးရကိုသာ အထောက်အကူ ဖြစ်စေလိမ့်မယ်ဆိုပြီး အလည်အပတ်မလုပ်ပဲ သပိတ်မှောက်ဖို့ ဆော်သြနေကြတာပါ။

မြန်မာနိုင်ငံကို ၁၀ ကြိမ်ကျော် ရောက်ဖူးတဲ့ ခရီးသွားလုပ်ငန်းက Marek Pietrowicz ကတော့ ခရီးသွားတွေ အသွားအလာ များလာတာနဲ့အမျှ အပြန်အလှန် အနေနဲ့ တိုင်းပြည်လွတ်လပ် ပွင့်လင်းမှုအတွက်လည်း အထောက်အကူ ဖြစ်မယ်လို့ မြင်ပါတယ်။
“အခုလက်ရှိ အခြေအနေတွေဟာ တိုင်းပြည်အနာဂတ်အတွက် အလွန်ကောင်းသလို၊ ခရီးသွားတွေ အတွက်လည်း ကောင်းပါတယ်။ ဘကြောင့်လည်းဆိုတော့ ခရီးသွားတွေ အနေနဲ့ သတင်းတွေကိုရမယ်။ တိုင်းပြည်အနေနဲ့လည်း ပွင့်လင်းလာမယ်ဆိုရင် ဒီမိုကရေစီလည်း ပိုပြီးထွန်းကားလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။”

ဒါပေမဲ့လည်း ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်းအသင်း (PATA) လို အဖွဲ့အစည်းတွေက အခြေအနေတွေဟာ သတိထားဖို့ လိုဦးမယ်လို့ မြင်ပါတယ်။ လတ်တလော အခြေအနေမှာတော့ အရေအတွက် များများစားစား မြန်မာနိုင်ငံကို ခရီးသွားနိုင်ဖို့ထက် အနည်းအကျဉ်းလောက်နဲ့ အစပျိုးလုပ်နိုင်တယ်လို့လည်း အသင်းရဲ့ ဒုတိယအမှုဆောင်အရာရှိချုပ် John Koldowski က အကြံပြုခဲ့တာပါ။ ဒါဟာလည်း မြန်မာနိုင်ငံဟာ ခရီးသွားလုပ်ငန်း အတွက် အလားအလာတွေရှိတဲ့ တိုင်းပြည်တခုဆိုပေမဲ့ နိုင်ငံရေး စီးပွားရေး အခြေအနေတွေဟာ တည်ငြိမ်တဲ့အဆင့်ကို မရောက်သေးတာကြောင့်လို့ သူကဆိုပါတယ်။
“ဒီအခြေအနေကနေ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ကြရမှာပါ။ အခုအချိန်ဟာ ပြန်လည်ဆန်းစစ်ကြည့်ဖို့၊ ရင်းနှီးမြုပ်နှံမှုတွေ ပြန်လုပ်ဖို့ လုပ်ကောင်းလုပ်ကြရမယ့် အချိန်ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ကတော့ မျှော်လင့်ချက်ထားပါတယ်၊ အပြုသဘောထားလည်း ရှိပါတယ်။ ဒါပေမဲ့လည်း လောလောဆယ်တော့ ကျနော်တို့အနေနဲ့ စောင့်ကြည့်ချင်တဲ့ ဆန္ဒပဲ ရှိပါသေးတယ်။”

ဒေသတွင်း အဖွဲ့တခုဖြစ်တဲ့ ဧရာဝတီ-ချောင်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာအဖွဲ့ ရဲ့ နိုဝင်ဘာလလယ်တုန်းက ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးပွဲမှာတော့ မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံတွေကြားမှာ ခရီးသွားလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်သွားကြဖို့ အပါအဝင် စီးပွားရေး သဘောတူညီချက်တွေကိုလည်း ရရှိခဲ့ကြပါတယ်။ ဒီလိုပဲ မကြာသေးခင်ကပဲ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့ ဟိုချီမင်းစီတီးမြို့တွေကနေ မြန်မာနိုင်ငံကို တိုက်ရိုက်လေကြောင်း ခရီးစဉ်တွေ တိုးချဲ့ပြေးဆွဲ လာတာတွေလည်း ရှိခဲ့တာပါ။ ၂၀၁၀ ပြည့်နှစ်ဆန်းပိုင်းကစလို့ ပြည်ပကလာရောက်ကြသူတွေကို ဆိုက်ရောက်ဗီဇာတွေ ထုတ်ပေးတာမျိုးလို၊ ခရီးသွားလာမှုတွေအပေါ် ကန့်သတ်မှုတွေ လျှော့ပေါ့လာတာတွေကလည်း ခရီးသွားလုပ်ငန်းအတွက် အပေါင်းလက္ခဏာအဖြစ် မြင်ကြပါတယ်။

ဒါပေမဲ့လည်း ရွေးကောက်ပွဲကာလ မတိုင်မီမှာပဲ ဒီလို ဗီဇာထုတ်ပေးနေတာကို ဆိုင်းငံ့တာမျိုးတွေလည်း ရှိခဲ့တာပါ။ ဒီလိုပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပဋိပက္ခတွေ၊ တင်းမာမှုတွေ ကြုံနေရတာ၊ နိုင်ငံရေးပြဿနာတွေဟာလည်း ပြေလည်မှု မရနိုင်သေးပဲ ဖြစ်နေရတာပါ။ ဒီလို မူဝါဒတွေ လုပ်ထုံးလုပ်နည်းတွေမှာ မကြာခနဆိုသလို အပြောင်းအလဲတွေ ရှိနေသမျှ၊ နိုင်ငံရေး အခြေအနေတွေ တည်ငြိမ်မှုမရှိသမျှ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း အပါအဝင် စီးပွားရေး တခုလုံးဟာ အလားအလာကောင်းတွေနဲ့ အလှမ်းဝေးနေလိမ့်ဦးမယ်လို့ စီးပွားရေး အကဲခတ်တွေ၊ ကျွမ်းကျင်သူတွေကတော့ ရှုမြင်နေကြတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG