သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာလှည့်ခရီးသွား အကန့်အသတ်နဲ့လာဖို့ NLD လိုလား


ကမ္ဘာလှည့်ခရီးသွား အကန့်အသတ်နဲ့လာဖို့ NLD လိုလား
ကမ္ဘာလှည့်ခရီးသွား အကန့်အသတ်နဲ့လာဖို့ NLD လိုလား

မြန်မာနိုင်ငံကို ကမ္ဘာလှည့် ခရီးသည်တွေ မလာဖို့ ၁၉၉၆ ခုနှစ်ကတည်းက မူဝါဒ ချမှတ် ကျင့်သုံးလာခဲ့တဲ့ NLD က အခုတော့ ကမ္ဘာလှည့် ခရီးသည်တွေ မြန်မာနိုင်ငံ လာရောက်လည်ပတ်တာကို အကန့်အသတ်နဲ့ လက်ခံတယ်လို့ ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံ အတွင်းက လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေတွေ၊ တိုင်းပြည်အတွင်း စီးပွားရေး ချွတ်ခြုံကျနေတာတွေကို ကမ္ဘာတဝန်းက သိအောင်လို့ ကမ္ဘာလှည့် ခရီးသည်တွေ လာရောက်တာကို တားဆီးမှာ မဟုတ်ဘူးလို့ NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအတွင်း လက်ရှိ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စီးပွားရေးအရ ချွတ်ခြုံကျနေတာတွေကို ကမ္ဘာက မြင်နိုင် သိနိုင်အောင် တယောက်ချင်းစီ လာလည်ကြမယ့် ကမ္ဘာလှည့် ခရီးသွားတွေကိုတော့ မကန့်ကွက်ဘူး၊ လာလည်း လာစေချင်ပါတယ်လို့ NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။

“တိုင်းပြည်ထဲမှာ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ ကန့်သတ်မှုတွေ၊ အလွန်ကျပ်တည်း ကျဉ်းမြောင်းနေတယ်။ အဲဒါတွေကို ကမ္ဘာကလူတွေ မြင်စေချင်တယ်။ မြင်မှသာလျှင် ကောင်းလိမ့်မယ်၊ ကျနော်တို့တွေက အော်နေရုံနဲ့ မပြီးဘူး။ အဲလိုကြောင့် ကျနော်တို့ရဲ့ Thinking က ပြောင်းသွားတာပါ။ တယောက်ချင်း၊ နှစ်ယောက်ချင်း လာတဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် လိုက်မပိတ်ချင်ဘူး၊ အဲဒါမှသာလျှင် တိုင်းပြည်ရဲ့ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို သူတို့ မြင်ရမယ်။ အဲလို ပြောတာပါခင်ဗျ။”

အခုလို ကမ္ဘာလှည့် ခရီးသွားတွေ လာမှာကို မကန့်ကွက်တာဟာ NLD အနေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေကို ဖိတ်ခေါ်တာတော့ မဟုတ်ဘူးလို့ ဦးဝင်းတင်က ပြောပါတယ်။

“အဲဒီလို မဟုတ်ဘူးဗျ၊ ကျနော်တို့ မဖိတ်ခေါ်ပါဘူး။ ကျနော်တို့က နဂိုတုန်းကတော့ နိုင်ငံခြားသားတွေ မလာပါနဲ့လို့ တားထားတာ ရှိတယ်။ အဲဒါက ဘာဖြစ်လို့လဲဆိုတော့ စစ်အစိုးရရဲ့ ၁၉၉၆ လောက်တုန်းက Visit Burma Campaign တို့ ဘာတို့ လုပ်တဲ့အခါတုန်းကတော့ ကျနော်တို့က ဒါကို တားခဲ့တယ်။ ဒါပေမဲ့ အခုနေအခါမှာ တိုးရစ်စ်တွေ ဘာတွေ မြန်မာပြည် ဝင်လာရင် မြန်မာပြည်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မြန်မာပြည်ရဲ့ ပြဿနာတွေ၊ နိုင်ငံရေး ဖိနှိပ်မှုတွေ၊ ဒါတွေကို လူတွေမြင်လာရင် ပိုကောင်းတယ်။

“အဲဒါကြောင့် ရိုးရိုးတန်းတန်း တိုးရစ်စ်တွေ လာတာကိုတော့ ကျနော်တို့က မကန့်ကွက်ဘူး။ သင်္ဘောကြီးလိုက် ဝင်လာပြီးတော့ တိုးရစ်စ် ၃၀၀ တို့၊ ၄၀၀ တို့ ဝင်လာတာမျိုးတော့ ကျနော်တို့က နဂိုသဘောထား အတိုင်းပဲ လက်မခံဘူးလို့ အဲဒီလို ပြောတာပါ။”

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် ပြောပြသွားတာ ဖြစ်ပါတယ်။

NLD က အခုလို ကမ္ဘာ့လှည့် ခရီးသွားတွေ လာတာကို လိုလိုလားလား ပြောဆိုလာတာဟာ NLD ရဲ့ အရင်က ချမှတ်ထားတဲ့ မူဝါဒ ပြောင်းလဲသွားတာ မဟုတ်ဘဲ စဉ်းစားပုံ စဉ်းစားနည်း ပြောင်းလဲလိုက်တာသာ ဖြစ်တယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

XS
SM
MD
LG