သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမြို့ရေဘေး အရေးပေါ်ကူညီမှုတွေလိုအပ်


ကလေးခရိုင် ရေလွှမ်းမိုးမှု အခြေအနေ MOI Webportal Myanmar
ကလေးခရိုင် ရေလွှမ်းမိုးမှု အခြေအနေ MOI Webportal Myanmar

ရေလွှမ်းမိုးမှုဒဏ်ကို ဆိုးဆိုးရွားရွားခံနေရတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ရေနစ်မြုပ်နေတဲ့ နေအိမ်တွေထဲ ပိတ်မိနေပြီး သွားကယ်လို့လည်းမရဖြစ်နေတဲ့ ရေဘေးဒုက္ခသည်တွေရဲ့အန္တရာယ်က အတော်လေးကို စိုးရိမ်စရာဖြစ်နေလို့ အာဏာပိုင်တွေဘက်က ထိရောက်တဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ ကူညီကယ်ဆယ် ပေးနေတဲ့ ကလေးဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။ ကလေးမြို့က ဒုက္ခသည်စခန်းတွေမှာ ရေဘေး ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ နဲ့ အဝတ်အစားစတဲ့ အခြေခံလိုအပ်ချက်တွေ အရေးတကြီးလိုအပ်နေသလို ရောက်လာတဲ့ဒုက္ခသည်တွေ နေရာချထားရေးအတွက်လည်း အာဏာပိုင်တွေဘက်က ပိတ်ဆို့မှုတွေရှိနေတဲ့အတွက် အခက်အခဲတွေ့နေတယ်လို့ဆိုပါတယ်။ ကလေးမြို့နောက်ဆုံးရအခြေအနေကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

သဘာဝဘေးအန္တရာယ်ကျရောက်နေတဲ့ဒေသတွေအဖြစ် အရေးပေါ်အခြေအနေကြေညာထားတဲ့ ဒေသကြီးလေးခုထဲက တခုဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ ကလေးမြို့တမြို့လုံးနီးပါး ရေလွှမ်းမိုးမှုဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ဒီနေ့သြဂုတ်လ (၁) ရက်နေ့မှာလည်း သမ္မတဦးသိန်းစိန်ကိုယ်တိုင် ကလေးမြို့ကို သွားရောက်ပြီး ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

ရေဘေးသင့်ဒေသခံပြည်သူတွေဆီကို ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ အမြန်လုပ်ဆောင်ပေးနိုင်ဖို့က စက်လှေ အခက်အခဲရှိနေတဲ့အတွက် ရေထဲမှာပိတ်မိနေတဲ့ ဒုက္ခသည်တွေကို သွားကယ်နိုင်ဖို့ အတော်လေး အခက်အခဲဖြစ် နေ ပါတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ပေးနေတဲ့ကလေးဒေသခံ မသန့်ဝေကျော်က ပြောပါတယ်။

“အစိုးရဘက်က ထိထိရောက်ရောက်နဲ့လာနိုင်မှကို အဆင်ပြေမှာ။ ဒီနေ့ သမ္မတကြီးတို့လာပါတယ်။ လာပြီးတော့ ကျမတို့ကို ဓာတ်ပုံရိုက်သွားရုံလောက်နဲ့ကအဆင်မပြေဘူး။ ဒီမှာ တကယ်ဖြစ်ပျက်နေတဲ့အနေအထား၊ ရေအနေအထားတွေ၊ ဘယ်လိုပုံစံမျိုးနဲ့ နည်းစနစ်ကျကျသွားပြီးတော့ ကယ်ထုတ်မလဲဆိုတဲ့ဟာမျိုးတွေက အဖွဲ့အစည်းတွေအနေနဲ့ မတတ်နိုင်တဲ့ကိစ္စတွေဖြစ်သွားတယ်၊ အဲဒီအပိုင်းတွေကျတော့လေ။ ကျမတို့အနေနဲ့ တော်တော် ခက်ခဲပါတယ်။ အဲဒါတွေက - တတ်နိုင်သလောက် ရွှေ့တာပြောင်းတာတွေ ကူတယ်။ ကယ်ပေးတယ်။ ဒါပေမယ့် အားလုံးမှာခက်ခဲတာက စက်လှေအခက်အခဲက တော်တော်ကြီးဖြစ်တယ်။ ဒီနေ့ဆို (၆) ရက်မြောက် ဖြစ်သွားပြီပေါ့နော်၊ (၆) ရက်မြောက်အတွင်းမှာ စက်လှေကမရှိဘူး။ ရွာတွေမှာ လှေရှိတဲ့ အစင်းရေကလည်း တကယ်နစ်နေတဲ့ အိမ်ခြေနဲ့က လုံးဝမလောက်နိုင်တော့ ကျမတို့ ဘယ်လိုပဲငှားငှား လိုက်မယ့်သူက မရှိဘူး။ သွားနိုင်ရင် ဘောကွင်းတွေဘာတွေနဲ့ပဲ အဲလောက်လေးနဲ့ပဲ သွားနိုင်တော့ စက်လှေက အဓိကလိုအပ်ချက်ဖြစ်နေတော့ ကယ်ဆယ်ရေးပိုင်းမှာက တော်တော်ကြီး လိုအပ်ချက်တွေ အများကြီးရှိတယ်။ နောက်ပြီးတော့ စခန်းထဲကို မရောက်ဘဲနဲ့ အိမ်တွေမှာ ကျန်နေခဲ့တဲ့ ရေမြုပ်တဲ့ နေရာတွေမှာ အသက်ရှင်လျက်နဲ့လူတွေ ရှိနေတယ်။ ဘယ်လိုမှ ထွက်လို့မရဘူး၊ ကျမတို့ကိုလည်း လာကယ်ပါ ဆိုပြီးတော့ ဖုန်းတွေဆက်တယ်။ ကျမတို့လည်း စက်လှေတွေငှားတယ်။ ဘယ်လိုမှ ငှားလို့မရတဲ့အခါကျတော့ အဓိက-က အစိုးရဘက်ပိုင်းက စက်လှေတွေ ဘာတွေနဲ့ စနစ်တကျနဲ့ တကယ့်ကို ကယ်ဆယ်ရေးလုပ်ဆောင်မှပဲ လူတွေကို အသက်ရှင်လျက်နဲ့ကယ်ထုတ်နိုင်လိမ့်မယ်။ အခုဆိုလို့ရှိရင် သေဆုံးတဲ့သူဟာ ဘယ်လောက်ဆိုတဲ့ ကိန်းဂဏန်းအတိအကျကိုတောင်မှ ကျမတို့ မသိနိုင်ဘူးဖြစ်နေတယ်။”

ကလေးမြို့က ဒုက္ခသည်စခန်းတွေကို ရောက်လာနိုင်တဲ့ ရေဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ နဲ့ အဝတ်အစားစတဲ့ အခြေခံလိုအပ်ချက်တွေ အရေးတကြီးလိုအပ်နေသလို ကူညီကယ်ဆယ်ပေးနေတဲ့ ကလေးဒေသခံတွေကပြောပါတယ်။

“မြို့ပေါ်စခန်းတွေကိုရောက်နေတဲ့လူကလည်း အခုဟာက သောင်းဂဏန်းတက်နေပြီ။ မနေ့ကအထိက (၆) ထောင် ဂဏန်း။ ဒီကနေ့နဲ့ဆိုလို့ရှိရင် တသောင်းနားကို ကပ်နေပြီ။ ဒီနေ့ နောက်ထပ်သွားတာတောင် ကယ်ဆယ်ရေးစခန်း (၈) ခု ထပ်တိုးတယ်ဆိုတော့လေ။ စာသင်ကျောင်းတွေမှာရယ်၊ ဘုန်းကြီးကျောင်းတွေမှာရယ်၊ တချို့ Church ကျောင်းတွေမှာလည်း ရှိပါတယ်ရှင့်။ ကယ်ဆယ်ရေးစခန်းတွေကို ကျမတို့သွားတော့ အဓိကသူတို့လိုအပ်တာက ကယ်ဆယ်ရေးစခန်းတွေမှာ ချက်ပြုတ်ရေးအဖွဲ့တွေရှိတယ်၊ ချက်ပြုတ်ရေးအဖွဲ့တွေမှာ ဆန်မလုံလောက်တာတွေ ရှိတယ်။ နောက်ပြီးတော့ ဟင်းချက်စရာတွေပေါ့နော်။ ဒီနေ့မနက်ဆိုလို့ရှိရင် ဆန်တအိတ်ကို ၅ သောင်းဖြစ်သွားပြီ။ အဲလိုမျိုးတွေ ဆိုတော့ ပစ္စည်းလိုအပ်ချက်တွေရှိနေတယ်။ နောက်ပြီးတော့ စခန်းထဲက အနေအထားပေါ့၊ အဝတ်အစားတွေ၊ အဝတ် တထည်၊ ကိုယ်တခုနဲ့ပဲ ပြေးလာခဲ့ရသူတွေလည်း ရှိတယ်ပေါ့နော်။ သူတို့တွေလည်း အဝတ်တွေ လိုအပ်တယ်။ သောက် သုံးရေ လိုအပ်တယ်။ အစိုးရဘက်ကဦးဆောင်ပြီးတော့ စက်လှေတွေနဲ့လိုက်ပြီးတော့မှ အသက်ရှင်လျက် ကျန်နေတဲ့ လူတွေ အတိအကျကယ်ဆယ်နိုင်ဖို့ကိုတော့ လုပ်ဆောင်တာ အခုအချိန်အထိ မရှိသေးဘူး။ရှင့်”

ကလေးမြို့ထဲမှာ ဒုက္ခသည်တွေအတွက် နေရာချထားပေးရေးမှာလည်း အာဏာပိုင်တွေဘက်ကလည်း ပိတ်ဆို့မှုတွေရှိနေတဲ့အတွက် ဒုက္ခသည်တွေနေရာချထားပေးရေး အခက်အခဲတွေရှိနေတယ်လို့ ပြောပါတယ်။

“ကလေးတက္ကသိုလ်ထဲမှာ ဒုက္ခသည်တွေပြေးလာတယ်ပေါ့နော်။ အားကစားခန်းမကြီးထဲမှာ ထားပေးထားတယ်။ ဒါပေမယ့်လို့ ဒါကို ခရိုင်ကနေပြီးတော့ ထားခွင့်မရှိဘူးဆိုပြီးတော့မှ လှမ်းတားတယ်။ အစည်းအဝေးခေါ်တယ်လို့ ကျမတို့ သိထားတယ်။ မနက်ကဆန်သွားလှူဖို့လည်း သွားပြီးတော့ ကြည့်တယ်။ ဆရာဆရာမတွေကတော့ ချက်ပြုတ်ပြီးတော့မှ ကျွေးနေတယ်။ ဒါပေမယ့် ဒီဒုက္ခသည်တွေ ပြန်လွှတ်နေမယ့် အနေအထားမျိုးတွေလည်း ရှိနေတယ်။ ဒါမျိုးက မလုပ်ကို မလုပ်သင့်ဘူးလို့ပဲ ကျမတို့က မြင်တယ်။ ကူညီနိုင်တဲ့သူတွေက အရမ်းကူညီနေတဲ့အချိန်မှာ အစိုးရဘက်ကနေပြီးတော့မှ ပိုပြီးတော့ အတတ်နိုင်ဆုံး ကူညီတာမျိုးပဲဖြစ်သင့်ပါတယ်။ ဘယ်လို …ကိုပဲဖြစ်ဖြစ် ဟန့်တားတာမျိုးတော့ လုံးဝမဖြစ်သင့်ပါဘူး။”

ကလေးမြို့ ရေဘေးဒုက္ခသည်တွေဆီကို မြန်မာနိုင်ငံအရပ်ရပ်က ပြည်သူတွေ လှူဒါန်းလိုတဲ့ အလှူပစ္စည်းတွေကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကုန်စည်ဌာနကို လာရောက်ပို့ဆောင်ကြမယ်ဆိုရင် ကလေးမြို့အထိ အခမဲ့ သယ်ယူ ပို့ဆောင်ပေးဖို့ကိုလည်း ပို့ဆောင်ရေးဝန်ကြီးဌာနက ဒီနေ့ကစလို့ စတင်လက်ခံပေးဖို့ စီစဉ်နေပြီဖြစ်ကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကုန်စည်ဌာန တာဝန်ခံကိုအောင်ကျော်စိုးက ပြောပါတယ်။

“လှူမယ့်ပစ္စည်းတွေအားလုံးကို ကျနော်တို့ ရန်ကုန်ကနေပြီးတော့ ကလေးကို လေယာဉ်ပျံနဲ့ပို့ပေးပါမယ်။ ရန်ကုန်ကနေ ကလေးကို လှူမယ့်ပစ္စည်းတွေကို မန္တလေးကိုပို့မယ်။ မန္တလေးကနေပြီးတော့ ကလေးကိုတော့ ….။ ကျနော်တို့ ဟိုမှာရှိတဲ့အခေါက်တိုင်းကို ကျနော်တို့ ဒီက …နဲ့ ပို့မှာပါ။”

အလှူရှင်တွေအနေနဲ့ မိမိတို့လှူဒါန်းလိုတဲ့ ပစ္စည်းတွေကို ရန်ကုန်လေဆိပ်နဲ့ မန္တလေးလေဆိပ်က ကုန်စည်ဌာနတွေကို တိုက်ရိုက်ဆက်သွယ်နိုင်ကြပြီး အလှူပစ္စည်းတွေကို ချမ်းမြသာစည်လေဆိပ်နဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေကနေ ကလေးမြို့ကို ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေသိလိုတယ်ဆိုရင် မြန်မာ အမျိုးသားလေကြောင်း လိုင်းကိုလည်း ဆက်သွယ်နိုင်ပါတယ်လို့ သိရပါတယ်။

XS
SM
MD
LG