သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သိမ်းဆည်းခံမြေတွေ ပြန်ပေးရေး မြို့နယ်အဆင့် ရုံးများဖွင့်


ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့ နယ် မီးချောင်းကန် ရပ်ကွက်က ပြည်သူများ ဆန္ဒပြနေစဉ်။ (ဇူလိုင် ၂၅၊ ၂၀၁၃)
ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့ နယ် မီးချောင်းကန် ရပ်ကွက်က ပြည်သူများ ဆန္ဒပြနေစဉ်။ (ဇူလိုင် ၂၅၊ ၂၀၁၃)
စစ်အာဏာရှင်အစိုးရ လက်ထက်က မူလ မြေပိုင်ရှင်တွေဆီကနေ သိမ်းဆည်း ထားတဲ့ လယ်ယာမြေတွေကို ပြန်ပေးဖို့အတွက် မြေအသုံးချမှု စီမံ ခန့်ခွဲရေးကော်မတီရုံးတွေကို နေပြည်တော်မှာ စတင် ဖွင့်လှစ်ပေး လိုက်တာဖြစ်ပါတယ်။ ဒါကြောင့် လယ်သမားတွေအနေနဲ့ မိမိတို့ လယ်ယာ မြေပါတယ်ဆိုရင် အထောက်အထားတွေနဲ့ ပြန်လည်ထုတ်ယူနိုင်ပြီလို့ အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြမှာပါ။

လွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေ စုံစမ်းရေးကော်မရှင်ကနေ သိမ်းဆည်းထားတဲ့ လယ်မြေတွေကို စာရင်းလုပ်ပြီး အစိုးရ နဲ့ စစ်တပ် က တာဝန်ရှိသူတွေကို တင်ပြထားကနေ လက်ရှိအချိန်မှာ စီမံကိန်း မလုပ်တော့တဲ့ မြေတွေနဲ့ အသုံးမလိုတဲ့ မြေတွေကို စိစစ်ပြီး ပြန်လည် စွန့်လွှတ်ပေးနေတာဖြစ်ပါတယ်။
မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီရုံးတွေကို ဖွင့်လှစ်ပြီး မြေသိမ်းခံတွေပြန်ပေး။ (သတင်းမှတ်တမ်း-အောင်ရဲမောင်မောင်)
မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီရုံးတွေကို ဖွင့်လှစ်ပြီး မြေသိမ်းခံတွေပြန်ပေး။ (သတင်းမှတ်တမ်း-အောင်ရဲမောင်မောင်)
အခုလို အစိုးရ နဲ့ စစ်တပ်က ပြန်လည် စွန့်လွှတ်ပေးနေတဲ့ မြေတွေကို သက်ဆိုင်ရာ မြေပိုင်ရှင်တွေဆီ ပြန်ရောက်ဖို့ အတွက် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီရုံးတွေ ဖွင့်လှစ်ပြီး မူလ မြေပိုင်ရှင်တွေက အထောက်အထားနဲ့ ပြန်လည် ထုတ်ယူနိုင်မှာ ဖြစ်တယ်လို့ ပြန်ကြားရေး ဒုဝန်ကြီး လည်း ဖြစ်၊ သမ္မတ ရဲ့ ပြောခွင့်ရှိသူလည်း ဖြစ်တဲ့ ဦးရဲထွဋ်ကပြောပါတယ်။

" အရင်တုန်းက စီမံကိန်းတွေအတွက် သိမ်းထားခဲ့တဲ့ မြေတွေရှိတယ်။ အဲ့ဒီ့မြေတွေကိုတချို့ဟာတွေကို လွှတ်တော်ရဲ့ကော်မရှင်ရဲ့ စုံစမ်းတွေရှိမှုအရ ပြန်ပြီးတော့ စုံစမ်းမှုတွေ လုပ်ပါတယ်။ လုပ်တဲ့အခါမှာ သက်ဆိုင်ရာမြေတွေကို အသုံးပြုထားတဲ့ ဌာနတွေအနေနဲ့ဆက်ပြီးတော့ အသုံးပြုဖို့ရှိလား၊ ဒါမှမဟုတ် ပိုနေသလား ဆိုတာကို မေးပါတယ်။ အဲ့ဒီ့ပိုနေတယ်။ သူတို့ပြန်ပေးနိုင်တယ်ဆိုတဲ့ မြေတွေကို သူတို့ကပြန်အပ်ပေးတယ်။ ပြန်အပ်လိုက်တဲ့မြေတွေကို မူလ သူတို့ပိုင်တယ်လို့ ပြောတဲ့သူတွေဆီကနေ အထောက်အထားပြန်တောင်းတဲ့ စနစ် ဖြစ်ပါတယ်။"

နေပြည်တော်မှာလိုပဲ အခြားမြို့နယ်နဲ့ ခရိုင်တွေအလိုက်နောက်ပိုင်းမှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွေကနေ တစ်ဆင့်မြေယာတွေ ပြန်လည် ရရှိရေး အတွက် ဆက်သွယ်နိုင်မှာ ဖြစ်တယ်လို့လည်း ဦးရဲထွဋ်က ပြောပါတယ်။
မြေတွေသိမ်းချိန်ကာလတုန်းကလည်း သက်ဆိုင်ရာ မြို့နယ်တွေရဲ့ အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးတွေက နေတစ်ဆင့် မြေတွေကို သိမ်းဆည်းခဲ့တာ ဖြစ်တဲ့ အတွက် အခု ပြန်ပေးတဲ့အချိန်မှာလည်း ထွေ/အုပ်ရဲ့ အောက် ကနေပဲ ပြန်ပေးပို့ စီစဉ်တာဖြစ်တယ်လို့လည်း ဦးရဲထွဋ်က အခုလို ပြောပါတယ်။

" ဥပမာ တပ်မတော်က သိမ်းထားရင် တပ်မတော်က နဂိုလုပ်ခဲ့တဲ့သူကို ချက်ခြင်းပြန်ပေးရမယ်။ စက်မှုဝန်ကြီးဌာနက သိမ်းထားရင် စက်မှုဝန်ကြီးဌာနက တိုက်ရိုက်ပြန်ပေးရမယ်လို့ အဲ့လိုထင်တယ်။ တကယ်က မြေယာသိမ်းတဲ့စနစ်က အဲ့သလို မဟုတ်ဘူးဗျ။

တကယ် သူတို့ ဒီနိုင်ငံတော် စီမံကိန်းအတွက် သိမ်းတဲ့မြေတွေကို ပြန်ပြီးတော့ စီမံကိန်းသိမ်းဖို့ မြေယာခန့်ခွဲမှုကို စလုပ်တာက အထွေအထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနက လုပ်တာ။ အဲ့တော့ အထွေထွေ အုပ်ချုပ်ရေးမှူးဌာနက နေပြီးတော့ အမိန့်ကြေညာစာ ထုတ်ပြီးတော့ အဲ့ဒီ့မြေတွေကို သိမ်းတယ်။ ပြီးရင် အသုံးပြုဖို့ တင်ထားတဲ့ ဌာနကို လွှဲပေးတယ်။ အဲ့တော့ အသုံးပြုခွင့်ရရှိထားတဲ့ ဌာနက သူလိုတာသုံးပြီး ပိုတဲ့မြေကို ပြန်အပ်တဲ့အခါမှာ အထွေအထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ပြန်အပ်ရတယ်။

အဲ့တော့ အထွေထွေ အုပ်ချုပ်ရေးဌာန က မြေစာရင်းကိုပေးပြီးတော့ မူလပိုင်ဆိုင်ခဲ့တယ်ဆိုတဲ့ သူတွေရှိရင် ခေါ်တယ်။ တကယ်လို့ စသိမ်းကတည်းက သစ်တောမြေဆိုရင် ကျနော်တို့က သစ်တောဝန်ကြီးဌာနကို ပေးလိုက်တယ်။ အဲ့လိုမျိုးနဲ့ ကျနော်တို့ သွားတာ။"

လယ်ယာမြေ သိမ်းဆည်းခံထားရတဲ့ သူတွေကို သူတို့ သိမ်းဆည်းခံ ထားရတဲ့ မြေတွေ ပါမပါ ပြန်လည် စိစစ်နိုင်ဖို့ အတွက် မြေစာရင်းရုံးတွေရဲ့ တိုက်ရိုက် ဖုန်းနံပတ်တွေ ပေးထားပြီး ဆက်သွယ်နိုင်အောင် အစိုးရပိုင် သတင်းစာတွေမှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တရားဝင် ဖော်ပြ လာတာကိုလည်း တွေ့ရပါတယ်။

စစ်အစိုးရလက်ထက်က မြေသိမ်းဆည်းမှုတွေ လုပ်တဲ့နေရာမှာ ပုံစံအမျိုးမျိုး နဲ့ သိမ်းယူခဲ့ပြီးတော့ လက်ရှိအချိန်ကျမှ အထောက်အထားနဲ့ ပြန်လည်ပြီး မိမိမြေ ဖြစ်ကြောင်း ပြောရမယ်ဆိုတဲ့အချက်ကိုတော့ အများက ဝေဖန်မှုတွေ လည်း ရှိနေပါတယ်။

အခုလို စစ်တပ်က မြေတွေကို ပြန်ပြီး စွန့်လွှတ်ပေမဲ့ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ စုံစမ်းရေးကော်မရှင် ရဲ့ တင်ပြချက် ၁၀ ရာခိုင်နှုန်းလောက်သာ ရှိတယ်ဆိုတာကို တွေ့ရတယ်လို့ လယ်ယာမြေ နဲ့ အခြားမြေများ စုံစမ်းရေး ကော်မရှင်မှာ ပါဝင်တဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရဲ့ မြေပုံမြို့နယ်ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကပြောပါတယ်။

" ကျနော်တို့ ကော်မရှင်က တင်ပြထားတဲ့ စာတွေက တိုင်စာတွေက အများကြီးပဲ ကျနော်တို့ တပ်မတော်ကို တင်ပြထားတာ။ ကာကွယ်ရေး ဝန်ကြီးဌာန က ပြန်ပြီးတော့ စွန့်လွှတ်တယ် ဆိုတာက ကျနော်ထင်ပါတယ်။ ကျနော်တို့ တင်ပြထားတာထက် ဆယ်ရာခိုင်နှုန်းတောင် ပိုမှာမဟုတ်ဘူး။ အဲ့လိုမျိုးဆိုတော့ အမျာကြီး စိစစ်ပြီးတော့ စွန့်လွှတ်ပေးသင့်တာလို့ ထင်ပါတယ်။ "

အရင်စစ်အစိုးရ လက်ထက်က တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင်က ပြန်ပေးဖို့ ပြောဆိုပြီးဖြစ်တာကြောင်း လက်ဆိုင်ရာ နယ်မြေက တိုင်းမှူး၊ တပ်မမှူးတွေ ရဲ့ လက်ထဲမှာ ကြန့်ကြာမနေပဲ အမြန်ဆုံး သက်ဆိုင်သူတွေလက်ထဲ ပြန်ရောက်အောင်လုပ်ဆောင်ပေးဖို့ လိုတယ်လို့ လယ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်ရဲ့ သတ္တမအကြိမ် အစည်းအဝေးမှာတုန်းက တင်ပြခဲ့တဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု တွေကြောင့် ပြည်သူတွေ နစ်နာမှု မရှိစေရေး စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာ အပိုင်း ၁ နဲ့ အပိုင်း ၃ ပါ အကြောင်းတွေကြောင့် တပ်မတော်နဲ့သက်ဆိုင်တဲ့ အမှု ၃၆၅ မှုမှာ ၃၅၇ မှုကိုဖြေရှင်းပြီး ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဌာန က ထုတ်ပြန်ပြီးတော့ စစ်တပ်က လယ်ယာမြေ ပြန်လည် စိစစ် စွန့်လွှတ်ခဲ့တဲ့ ပထမအကြိမ်ကတော့ ၂၀၁၃ နှစ်ကုန်ပိုင်းတုန်းက ဖြစ်ပါတယ်။

ပြည်နယ် နဲ့ တိုင်း ၁၄ ခု အပါအဝင် နေပြည်တော် ကောင်စီ နယ်မြေထဲမှာ စစ်တပ်က သိမ်းယူခဲ့တဲ့ လယ်ယာမြေတွေထဲကနေ အခုဒုတိယအကြိမ်ထပ်မံ စိစစ်ပြီး စွန့်လွှတ်ပေးမှု အပြီးမှာတော့ လယ်ယာမြေ ဧက ၁ သိန်းခွဲကျော်ကို စွန့်လွှတ်ပြီးဖြစ်တယ်လို့ ထုတ်ပြန်ကြေငြာခဲ့တာပါ။

စစ်တပ်က သိမ်းဆည်းထားတဲ့ မြေပမာဏဟာ ဧက နှစ်သိန်းကိုးသောင်း ခုနှစ်ထောင်ကျော်ရှိပြီးတော့ ဆယ့်ခြောက်ပုံတစ်ပုံဖြစ်တဲ့ ဧက တစ်သောင်းရှစ်ထောင် သုံးရာကျော်ကို ပြည်သူကို ပြန်ပေးမယ်ဆိုပြီး ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ၂၀၁၃ခုနှစ်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောဆိုခဲ့ဖူးပါတယ်။
XS
SM
MD
LG