သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TPP ဆွေးနွေးပွဲ သဘောတူညီချက်မရ


Pacific ဒေသနိုင်ငံများ ကုန်သွယ်ရေး မိတ်ဘက်နိုင်ငံများ အစည်းအဝေး။ (ဇူလိုင် ၃၁၊ ၂၀၁၅)

Pacific ဒေသနိုင်ငံတွေကြားမှာ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲဟာ သဘောတူညီမှုမရဘဲ ပြီးဆုံးသွားပါတယ်။ TPP လို့ခေါ်တဲ့ Pacific ဒေသနိုင်ငံများ ကုန်သွယ်ရေး သဘောတူညီမှုစာချုပ်အတွက် နိုင်ငံပေါင်း ၁၂ နိုင်ငံက ကိုယ်စားတွေကြား Hawaii ကျွန်းမှာ သီတင်းတပတ်ကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပေမဲ့ သဘောတူမှု မရခဲ့ကြပါဘူး။

အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Michael Froman ကသောကြာနေ့ နှောင်းပိုင်းမှာပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ သိသာတဲ့ တိုးတက်မှုတွေ ရရှိခဲ့ပြီး မကြာခင်မှာ သဘောတူညီမှု အပြီးသတ်ရရှိမယ်လို့ အခိုင်အမာယုံကြည်ကြောင်း ပြောခဲ့ပါတယ်။ TPP ကုန်သွယ်ရေး သဘောတူ စာချုပ်အတွက် ညှိနှိုင်းဆွေးနွေးနေကြတာ နှစ်နဲ့ချီရှိနေပြီး တော်တော်များများကို သဘောတူထားပြီးပြီလို့ ခန့်မှန်းရပါတယ်။ TPP စာချုပ်မှာ ပါဝင်ကြမယ့် နိုင်ငံစုစုပေါင်းရဲ့ စီးပွားရေးက ကမ္ဘာစီးပွားရေးရဲ့ ၄၀% လောက်ရှိပါတယ်။

နောက်တခေါက်ဆွေးနွေးပွဲ ဘယ်တော့လုပ်မယ်ဆိုတာ မသတ်မှတ်ရသေးပေမဲ့ ညှိနှိုင်းလို့ မရနိုင်သေးတဲ့ ပြဿနာတွေကို ဆက်ပြီး ဖြေရှင်းသွားမယ်လို့ ကုန်သွယ်ရေးဝန်ကြီးတွေက ပြောကြပါတယ်။

ဂျပန်နိုင်ငံကို ဆန်တွေ ပိုပြီး တင်သွင်းခွင့်ပေးဖို့၊ အမေရိကန်ဆီကို သကြားပိုပြီး တင်သွင်းခွင့်ပေးဖို့ ကနေဒါရဲ့ နို့နဲ့ နို့ထွက်ပစ္စည်း ဈေးကွက်ထဲကို ပိုပြီးဝင်ရောက်နိုင်ခွင့်ရဖို့၊ ထိရောက်နိုင်မယ့် ဆေးဝါးသစ်တွေရဲ့ မူပိုင်ခွင့်ကို ၁၂ နှစ်အထိ သက်တမ်းထားဖို့ စတဲ့ နိုင်ငံရေးအရ အကဲဆတ်တဲ့ ပြဿနာတွေကြောင့် ပြေလည်မှု မရကြသေးတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အခေါက် ဆွေးနွေးပွဲတွေတုန်းကတော့ ကုန်ပစ္စည်းတန်ဖိုးနည်းအောင် အခွန်တွေ လျှော့ချရေးကို အာရုံစိုက်ဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG