သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားရင်ကြားစေ့ရေး ဦးတည်မယ့် NLD အစိုးရ စီးပွားရေးမူဝါဒ (၁၂) ချက် ထုတ်ပြန်


 နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မြန်မာနိုင်ငံရဲ့ စီးပွားရေးမူဝါဒများ ရှင်းလင်းပြောကြား။
နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မြန်မာနိုင်ငံရဲ့ စီးပွားရေးမူဝါဒများ ရှင်းလင်းပြောကြား။

NLD အစိုးရဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုပြီး ဘက်ညီမျှတစွာ တိုးတက်ရေး၊ အားလုံးပါဝင်ရေးနဲ့ အလုပ်အကိုင်ရရှိရေး စတာတွေကို အခြေခံတဲ့ စီးပွားရေးမူဝါဒ ၁၂ ချက် ကို ဒီနေ့ နေပြည်တော်မှာ ထုတ်ပြန်လိုက်ပါတယ်။ မူဝါဒတွေ ထုတ်ပြန်ပြီး အမှန်တကယ် အကောင်အထည်ဖော်နိုင်အောင်လို့ တိုင်းနဲ့ ပြည်နယ် အလိုက် စီမံကိန်းတွေ ဆက်ပြီး ရေးဆွဲသွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးသန်းမြင့်က ပြောပါတယ်။ ဝန်ကြီး ဦးသန်းမြင့်ကို VOA သတင်းထောက် မသိင်္ဂ ီလင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မသိင်္ဂ ီလင်း ။ ။ ဒီနေ့ စီးပွားရေးမူဝါဒ နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အပေါ် နောက်ကျတယ် ဆိုပြီးတော့ ဝေဖန်မှုတွေရှိနေတာနဲ့ ပတ်သက်ပြီးတော့ ဆရာအနေနဲ့ ဘာများပြောချင်ပါသလဲ။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးသန်းမြင့် ။ ။ ကျနော်တို့က အမှန်အတိုင်း သမိုင်းကြောင်းနဲ့ ပြန်ပြောမယ်ဆိုရင် နဂိုကတည်းက အာဏာမလွှဲခင် ကတည်းက နှစ်လလောက်ကတည်းက ကြိုတင်ပြီး အာဏာအလွှဲအပြောင်းကိစ္စမှာ အဆိုပြုချက်တွေ အများကြီးပေးခဲ့တယ်။ သို့သော်လည်း တဘက်က ပြီးခဲ့တဲ့ အစိုးရက ခွင့်မပြုဘူး။ ခွင့်မပြုတော့ ကျနော်တို့က အစိုးရအဖွဲ့ ဖွဲ့တဲ့ နေ့မှ ဝင်ရတဲ့အခါကျတော့ ပြီးခဲ့တဲ့ဟာတွေကို ပြန် လုပ်နေရတာက တော်တော်မှန်းတာနဲ့ ပိုပြီးတော့ ခက်ခဲတယ်ဗျ။ အာဏာမလွှဲခင် နှစ်လလောက်ကတည်းက ကြိုတင်ပြင်ဆင်မယ် ဆိုရင် အများကြီး အချိန် တော်တော်လုပ်နိုင်မယ်။ အခု ကျနော်တို့က ရောက်မှ ရှင်းရလင်းရဆိုတော့ သူတို့ထားခဲ့တဲ့ ပြဿနာတွေ၊ တချို့ကျတော့လည်း ကောင်းပါတယ်။ တချို့ကျတော့လည်း ဆက်ပြီးတော့ ရှင်းရမှာ။ အဲ့တာတွေကြောင့် ကျနော်တို့ ကြာနေတာ။ ကြာသွားတာပါ။

မသိင်္ဂ ီလင်း ။ ။ ဟုတ်ကဲ့။ ဒီနေ့ ထုတ်ပြန်လိုက်တဲ့ စီးပွားရေးမူဝါဒမှာ ဘယ်လိုစနစ်တွေကို ဆရာတို့အဓိက အခြေခံထားပါသလဲ။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးသန်းမြင့် ။ ။ ကျနော်တို့ မူဝါဒကတော့ အဓိက ကတော့ National Reconciliation ပေါ့ဗျာ။ အမျိုးသား စည်းလုံးညီညွတ် အခြေခံတဲ့မူဝါဒပေါ့။ အဲ့မူဝါဒမျိုးပဲဖြစ်ရမယ်။ အဲ့ဒီ့မူဝါဒရဲ့ အခြေခံကတော့ တချို့ သယံဇာတပစ္စည်းပဲဖြစ်ဖြစ် ရငွေဖြစ်ဖြစ် တိုင်းနဲ့ပြည်နယ် လူမျိုးစု၊ တိုင်းနဲ့ပြည်နယ် ဒေသတွေမှာ မျှတစွာ ခွဲဝေရရှိရမယ့် အခြေခံပဲဗျာ။ ဒါက ပထမအခြေခံပေါ့နော်။ ဒုတိယအခြေခံကတော့ ဒီစီးပွားဖွံ့ဖြိုးလုပ်တဲ့နေရာမှာ အဓိက ပြည်သူအများ အလုပ်အကိုင်ရရှိရေးက ပထမအကျဆုံး ပဓာနအကျဆုံးပဲ။ အလုပ်အကိုင်ရရှိမှသာလျှင် ဝင်ငွေလည်း ရရှိမယ်။ ဒီနှစ်ချက်ကို အခြေခံတာပါ။ အဲ့သလိုအခြေခံတဲ့နေရာမှာ ကျနော်တို့က တိုးတက်ဖွံ့ဖြိုးဖို့ဆိုရင် လယ်ယာ ဖွံ့ဖြိုးတိုးတက်အောင် မျှတစွာ ချိတ်ဆက်ရမယ်။ ဒါက အခြေခံ။ နောက်တခါ ပြည်သူ အားလုံး ပါဝင်မယ့် ပုဂ္ဂိုလိက လူငယ်၊ အမျိုးသမီး၊ ပြည်သူအများ အားလုံးပါဝင်မယ့် အဲ့တာကို အခြေခံတယ်။ ခေတ်မှီနည်းပညာတွေကို သုံးမယ်။ နောက်တခါ ကျနော်တို့က ကိုယ့်ပြည်တွင်းသာမက နိုင်ငံတကာအဖွဲ့အစည်းတွေ အာဆီယံလို အဖွဲ့အစည်းတွေ သုံးမယ်။ အခြေခံ (၁၂)ချက်ကို အခြေခံထားတယ်ပေါ့ဗျာ အဓိကကတော့။

မသိင်္ဂ ီလင်း ။ ။ ဒါဆိုရင် NLDအစိုးရက ထုတ်ပြန်လိုက်တဲ့ စီးပွားရေးမူဝါဒ အသစ်က အရင်အစိုးရလက်ထက်နဲ့ဆိုလို့ရှိရင် ဘာတွေ ကွာတာမျိုး ပါမလဲ။ ထူးခြားတာ ဘာတွေများ ပါမလဲရှင့်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးသန်းမြင့် ။ ။ အရင်အစိုးရတုန်း ကတော့ ပေါ်လစီပဲ ပြောကြတဲ့အခါကျတော့ အကောင်အထည်မဖော်နိုင်ကြဘူးပေါ့။ ကျနော်တို့ အစိုးရလက်ထက်က နံပတ်တစ် ထူးခြားတာကတော့ ရရှိတဲ့ အကျိုးအမြတ်ပေါ့နော်။ တိုင်းပြည်က ထုတ်လုပ်တဲ့ သယံဇာတက အကျိုးအမြတ် အားလုံးကို မျှမျှတတ လူမျိုးစုတွေကြား တိုင်းနဲ့ပြည်နယ်တွေကြား မျှမျှတတ ခံစားရမယ်။ ဒီလိုခံစားရခြင်းအားဖြင့် တိုင်းပြည်ရဲ့ National Reconciliation ရမယ်ပေါ့။ ဒါက အဓိက အကျဆုံးပါပဲ။ ကျနော်တို့ ဒီနေ့ တယောက်ကို တယောက် လူမျိုးစုခြင်း ဖြစ်နေတာ ရရှိတဲ့အကျိုးအမြတ်တွေကို သယံဇာတကပဲရရ၊ တခြားဝင်ငွေကပဲရရ၊ မျှတစွာ မခံစားရပဲ ဖြစ်တဲ့အတွက်ကြောင့် အဓိက ကတော့ အဲ့တာ အဓိက အချက်ပဲဗျ။

မသိင်္ဂ ီလင်း ။ ။ ဒီလိုမူဝါဒတွေကို ထုတ်ပြန်ပြီဆိုတော့ ဒီမူဝါဒတွေကို ဆက်အကောင်အထည်ဖော်ဖို့ ဆရာတို့ ဆက်ပြီးတော့ လုပ်ကြတော့မယ်ပေါ့နော်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးသန်းမြင့် ။ ။ ကျနော်တို့ ကော်မတီတွေ ဖွဲ့ထားတယ်။ ဒါကတော့ ပညာရှင်များရယ်၊ NLD က ထိပ်တန်းပုဂ္ဂိုလ်တွေရယ် အစိုးရဘက်က ပေါင်းပြီးဖွဲ့ထားတယ်။ ဖွဲ့ထားပြီးတော့ ဒီကော်မတီကနေပြီးတော့ ဒီပေါ်လစီကို ဝန်ကြီးဌာနတွေကို ဖြန့်ပေးမယ်။ သက်ဆိုင်ရာ ဒေသဆိုင်ရာ အစိုးရတွေကို ဖြန့်ပေးမယ်။ သူတို့ကနေပြီးတော့ သူတို့သက်ဆိုင်ရာ ပေါ်လစီကို ရေးဆွဲပြီးတော့ လုပ်ငန်းရှင်တွေနဲ့ဆွေးနွေး ကျနော်တို့ကို ပြန်တင်ပြ ကျနော်တို့က တခုလုံးအတွက် တခုလုံးလွှမ်းခြုံသော National ရော ဒေသဆိုင်ရာရော ပါတဲ့ဝန်ကြီးဌာနဖြစ်လာမှာပေါ့ဗျာ။ ဖြစ်လာတော့ Plans of Actions ကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက ရေးဆွဲမယ်။ ရေးဆွဲတော့ အရင်အစိုးရ လုပ်ထားတဲ့ငါးနှစ်စီမံကိန်းတွေရှိတယ်မဟုတ်လား။ အဲ့တာကို ကျနော်တို့က ပြန်လည်ပြုပြင်ရေးဆွဲမယ်။ ဒီနှစ်ထဲကတော့ မမှီတော့ဘူးလေ။ ကျနော်တို့က လာမယ့် ၂၀၁၇၊ ၂၀၁၈ ကစပြီးတော့ ကျနော်တို့က Plans အသစ်တွေ ဖော်လာမှာပေါ့ဗျာ။ ဒီနှစ်ကတော့ restructure ပဲ ရှိတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေတွေ နည်းဥပဒေတွေ အကန့်အသတ်တွေရှိတော့ ဒါတွေကိုလည်း ကျနော်တို့က ပြုပြင်ပြောင်းလဲနေတယ်။

အစိုးရသစ်ရဲ့ စီးပွားရေးမူဝါဒ တွေနဲ့ပတ်သက်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးသန်းမြင့် ကို မသိင်္ဂ ီလင်းက ဆက်သွယ်မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG