သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ကြီးနား - မန္တလေးရထား မိုင်းဗုံးထိ


မန္တလေးမြို့ကထွက်လာတဲ့ အမှတ် ၃၃ အဆန် အိပ်စင်ရထားဟာ ဒီကနေ့မနက် အစောပိုင်းမှာ ကချင်ပြည်နယ် နန်းစီးအောင်နဲ့ မော်ဟန်အကြား မိုင်းဗုံးထိတာကြောင့် ရထားတွဲ ၈ တွဲတိမ်းချော်သွားပြီး အနည်းဆုံး လူ ၂ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ လောလောဆည်မှာတော့ မီးရထားဌာနက လမ်းကြောင်း ရှင်းလင်းရေးကို ဆောင်ရွက်နေပြီး ဒီကနေ့ ထွက်မယ့် မြစ်ကြီးနား - မန္တလေး အစုန်အဆန် ရထားတွေအားလုံး ရပ်နားထားရပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။

အမှတ် ၃၃ အဆန် ဒေသအခေါ် အိပ်စင်ရထားဟာ မန္တလေးမြို့က မနေ့ နေ့ခင်း ၁နာရီလောက်က ထွက်လာပြီး ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းစီအောင်အကျော် မော်ဟန်ဘူတာကို ရောက်ဖို့ ၁ မိုင် လောက်အလို တံတားငယ်တခု အဝင်မှာ မိုင်းဗုံးထိခဲ့တာဖြစ်ပါတယ်။ ရထားမိုင်းထိတဲ့အခြေအနေကို ဒေသခံတယောက်က အခုလို ပြောပြပါတယ်။

"မန္တလေးမြစ်ကြီးနား အဆန်ရထားပေါ့။ အမှတ်၃၃ အိပ်စင်ရထား မိုင်တိုင်အမှတ် ၆၁၆/ ၁ နဲ့ ၂ ကြား၊ တံတားအမှတ်က ၅၃၄။ အချိန်က မနက် ၁နာရီခွဲအချိန်မှာ ဖြစ်သွားတာပေါ့နော်။ အဲဒီမှာ ရထား လာတဲ့အချိန်မှာ စက်ခေါင်းအနောက်က ၃တွဲမြောက်မှာ ထောင်ထားတဲ့မိုင်းက စပေါက်ကွဲတာပေါ့။ မိုင်းထိတဲ့တွဲကတော့ ကြမ်းပြင် ပေါက်ထွက်သွားတယ်။ နောက်တွဲတွေကတော့ လမ်းချော်သွားတယ်။ မချော်ဘဲကျန်ထားတာ သံလမ်းပေါ်မှာကတော့ ဂတ်တွဲတတွဲပဲ ကျန်တယ်ပေါ့ဗျာ။"

မိုင်းပေါက်ကွဲတာကြောင့် တတိယတွဲမှာ လိုက်ပါလာတဲ့ ဦးမျိုးမင်းထိုက်ဟာ ခြေထောက်ကျိုးသွားပြီး အသက် ၁၃ နှစ်အရွယ် ကိုရင် စန္ဒောဘာသဟာ ညာဖက်ခြေမျက်စေ့ ကွဲသွားကြောင်း၊ သူတို့တွေကို မိုးညှင်းမြို့နယ် ဆေးရုံမှာ ဆေးကုသ ပေးထားကြောင်းနဲ့ အသေအပျောက် မကြားသိရကြောင်း ပြောပါတယ်။

အခြားဒေသခံတယောက်ကတော့ ၃ ယောက်ဒဏ်ရာရကြောင်း ပြောဆိုပါတယ်။ မိုးညှင်းပြည်သူ့ ဆေးရုံကို ဆက်သွယ်ပေမဲ့ တာဝန်ရှိဆရာဝန်တွေ မအားလပ်ကြောင်း တုံပြန်ပါတယ်။ မြစ်ကြီးနားမြို့က မီးရထားဌာနနဲ့ နီးစပ်သူ တယောက်ကတော့ ရထားတွဲ ၈ တွဲ လမ်းချော်သွားတာကြောင့် လောလောဆည် ရထား ပြေးဆွဲတာတွေ ရပ်ဆိုင်းထားရတယ်လို့ ပြောပါတယ်။

"မိုင်းကွဲတဲ့အခါကျတော့ ၈ တွဲက derail ဖြစ်တယ်။ မီးရထားအခေါ်ကတော့ သံလမ်းကနေပြီး ချော်သွားတာပဲပေါ့။ ဘီးတွေ အောက်ကျသွားတာပေါ့ဗျာ။ ခရီးသည်တွေကတော့ မော်ဟန်ဘက်ကို လမ်းလျှောက် လာရတာပေါ့နော်။ မြစ်ကြီးနားကနေပြီးတော့ တရုတ်ရထား ခေါ်တယ်လေ။ အဲဒီရထားက မော်ဟန်မှာ ရှိတဲ့ ခရီးသည်တွေကို သွားကြိုဖို့လို့ ဆင်းသွားပြီ။ နောက်ရထားတွေ ပြေးဖို့ ဆွဲဖု့ိကတော့ မြစ်ကြီးနားက ရထားတွေ မထွက်ဘူး၊ မန္တလေးကလည်း မထွက်ဘူး။ ဒီလမ်းပိုင်းကို ရှင်းပြီးတဲ့ အချိန်ကျမှ ထွက်ဖို့ အစီအစဉ်ရှိတယ်။ မနက်ဖြန်လောက်ဆိုရင်တော့ ပြီးနိုင်မယ်လို့တော့ မီးရထားဘက်က ခန့်မှန်း ထားတာပဲလေ။"

မန္တလေး မီးရထားဌာနကို ဆက်သွယ်မေးမြန်းရာမှာ ဒီကနေ့ ရထားခရီးစဉ်တွေအားလုံး ရပ်ဆိုင်းထားပြီး ဘယ်အချိန် ပြန်ထွက်မယ်ဆိုတာကို ဒီညနေလောက်မှ သိနိုင်မှာဖြစ်ကြောင်း။ ရပ်ဆိုင်းထားတဲ့ ခရီးစဉ် အတွက် လက်မှတ် ဝယ်ယူထားသူတွေကိုလည်း ငွေပြန်အမ်းပေးနေကြောင်း တာဝန်ကျ ဝန်ထမ်းက ပြောပါတယ်။

လောလောဆည်မှာတော့ ဒီဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အစိုးရဘက်က ဘယ်သူ့လက်ချက်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်တာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

ကချင်ပြည်နယ်အတွင်းမှာတော့ ကချင် လွတ်လပ်ရေးတပ်မတော် KIA နဲ့ မြန်မာအစိုးရ တပ်တွေအကြားမှာ ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး တိုက်ပွဲတွေ ပြန်လည် စတင်ခဲ့တဲ့နောက် ကချင်ပြည်နယ်အတွင်းမှာ အခုလို ဗုံးပေါက်ကွဲတာတွေ မကြာခန ဖြစ်ခဲ့ပါတယ်။

ဧပြီလ ၁၄ ရက်နေ့ ညပိုင်းမှာလည်း မြစ်ကြီးနားမြို့အထွက် မီးရထားသံလမ်းမှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုမှာ ဇလီဖားတုံး ၄ တုံးလောက် ပျက်ဆီးသွားပေမဲ့ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။ ဒီလ ၂၅ ရက်နေ့ မနက် ကချင်ပြည်နယ် လွှတ်တော်ရုံးအနီး ပေါက်ကွဲမှုမှာတော့ လူ ၃ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။

ဒီရက်ပိုင်းတွေ အတွင်းမှာတော့ အစိုးရ စစ်တပ်တွေက KIA ဌာနချုပ် လိုင်ဇာမြို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေသလို KIA ကလည်း ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲက အုပ်ချုပ်ရေးမှုးရုံးကို စီးနင်း တိုက်ခိုက်မှုမှာ အုပ်ချုပ်ရေးမှုး အပါအဝင် လူ ၂ ယောက်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့ကတော ပန်ဝါမြို့အနီးက လုပီခေါ် နယ်ခြားစောင့် စခန်းတခုကို KIA ဘက်က ဝင်ရောက် တိုက်ခိုက်တာကြောင့် အစိုးရဘက်က ရဟတ်ယာဉ်တွေနဲ့ စစ်ကူတွေ ပို့ဆောင်နေကြောင်း မြစ်ကြီးနား မြို့ခံတွေက ပြောပါတယ်။

KIA နဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲ ဖြစ်ပွားနေတာဟာ အခုဆိုရင် ၁၁ နီးပါးကြာမြင့်လာပြီး ဒီတိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူ ၆ သောင်း ကျော်လောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေး နေကြရပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကိုယ်စားလှယ်တွေနဲ့ အစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့အကြား ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်နိုင်ဖို့ ၃ ကြိမ်တိုင် တွေ့ဆုံ ဆွေးနွေးခဲ့ပေမဲ့ အခုချိန်ထိတော့ နှစ်ဘက် တပ်တွေအကြားမှာ တိုက်ခိုက်တာတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG