သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းစိန် ဗဟိုအကျဉ်းထောင်က နိုင်ကျဉ်း ၁၀၀ ကျော် ထောင်ပြောင်းခံရ


Insein Prison Overview
Insein Prison Overview

နိုင်ငံရေးအကျဉ်းသား အယောက် ၁၀၀ ကျော် ပြီးခဲ့တဲ့မတ်လ ၂၅ ရက်နေ့က အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံလိုက်ရတယ်လို့ ရှေ့နေတွေနဲ့ မိသားစုဝင်တွေက ပြောပါတယ်။ ပြစ်ဒဏ်ချပြီးသူတွေကိုထားတဲ့ အကျဉ်းဆောင်တွေမှာ လူဦးရေ များနေတာမို့ ပြောင်းရွှေ့တာဖြစ်တယ်လို့ ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ သတင်းအပြည့်စုံကို လိမ္မာက တင်ပြပေးပါမယ်။

ရန်ကုန် အင်းစိန် ဗဟိုအကျဉ်းထောင်မှာ သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နှစ်ရှည်ထောင်ဒဏ်ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့က အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို ပြောင်းရွှေ့လိုက်တာလို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ ရှေ့နေက ဗွီအိုအေကို အတည်ပြုပါတယ်။

"ဟုတ်တယ်။ သာယာဝတီထောင် ပြောင်းတယ်။ မတ်လ ၂၅ ရက်နေ့က ၁၀၀ လို့ ပြောတယ်။ ဆရာတို့ အမှုသည်ကလေးတွေလည်း ပါသွားတယ်။ အဲဒီကနေ သာယာဝတီထောင်တခုထဲကို ပြောင်းတာ။ ပြီးခဲ့တဲ့ ဒီဇင်ဘာက အမှုတွေ ဖြတ်တယ်လေ။ အဲဒီမှာ အမှုတွေ တော်တော်လေး အကျများသွားတယ်။ အကျများတော့ အကျဆောင် လူကြပ်သွားတယ်။ အဲဒီထဲကနေ ပို့တာပေါ့။ ဆရာကြားတာတော့ အမျိုးသားပဲကြားတယ်။ အမျိုးသမီးမပါဘူး ပြောတယ်။"

ပြောင်းရွှေ့ခံရတဲ့သူတွေထဲမှာ စစ်ခုံးရုံးနဲ့ ပြစ်ဒဏ် ချမှတ်ခံရသူတွေလည်း ပါဝင်ပြီး၊ တချို့က သေဒဏ်ချမှတ်ခံရသူတွေလို့ အကျဉ်းထောင်နဲ့ နီးစပ်သူ ရှေ့နေက ပြောပေမဲ့ ဗွီအိုအေ အနေနဲ့တော့၊ ဒါကို သီးခြားအတည်မပြုနိုင်သေးပါဘူး။ ပြည်ထဲရေးကို ဆက်သွယ်ပေမဲ့ ဖုန်းကိုင်ဖြေကြားခြင်း မရှိပါဘူး။

ထောင်ပြောင်းရွှေ့ခံရတဲ့ အကျဉ်းသားတဦးရဲ့ မိသားစုဝင်တဦးကတော့ ဒီကနေ့ ထောင်ဝင်စာပစ္စည်း သွားပိုရချိန်မှပဲ ပြီးခဲ့တဲ့ တပတ်ကတည်းက ထောင်ပြောင်းသွားတယ်ဆိုတာကို သိရတဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။

"သူ့ကိုစဆွဲထဲက သူနဲ့လည်း မတွေ့ရဘူးလေ။ ထောင်ပြောင်းတာ အိမ်ကိုလည်း အသိမပေးဘူး။ ဆက်လဲမဆက်သွယ်လာဘူး။ သွားတော့မှ သိရတယ်။ တပါတ်လောက်ရှိပြီ။ စိတ်ထဲ တော်တော်စိတ်မကောင်း ဖြစ်ရတယ်။ သေလားရှင်လားတောင် မသိရဘူး။ ဘာကိုမှ မသိရတဲ့ အခါကျတော့လေ၊ တော်တော်လေး မခံစားနိုင်ဘူး။ ဝမ်းလဲနည်းတယ်လေ။ သူတို့လက်ထဲ သူတို့လုပ်မျှ ခံရတာဆိုတော့ ဘယ်လိုခံစားချက်လဲ မသိဘူး။ အဲလိုမျိုးကြီးပေါ့။"

ထောင်ပြောင်းရွှေ့ခံလိုက်ရတဲ့ မောင်ဖြစ်သူဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက လှိုင်သာယာမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး၊ အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂ (က)၊ တပ်မတော် အကြည်ညို ပျက်ပြားအောင် လှုံဆော်မှု ၅၀၅-က တို့နဲ့ ထောင်ချခံခဲ့ရတာလို့လည်း ပြောပါတယ်။ နှစ်ရှည်ထောင်ချခံရတယ်ဆိုတာသာ သိရပြီး၊ ချမှတ်တဲ့နှစ် အတိအက် မသိရသလို၊ ပြစ်မှုအတွက် ခုခံချေပခွင့်လည်း မရခဲ့ဘူးလို့ အစ်မဖြစ်သူက ပြောပါတယ်။ ခုတကြိမ်လည်း မိသားစုကို အသိမပေးဘဲ ထောင်ပြောင်းခံလိုက်ရပြီး မောင်ရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် စိတ်ပူမိတဲ့အကြောင်း အစ်မ ဖြစ်သူက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးချိန်ကနေ့ မတ်လ ၃၁ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၈၀၀၀ နီးပါးရှိပြီး၊ အဲဒီထဲက အယောက် ၅၃၀၀ နီးပါး ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။ ဒီထဲမှာ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း အယောက် ၂၀၀ နီးပါး ရှိတယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဖမ်းဆီးထားတဲ့စာရင်း၊ သေဒဏ်ကျခံရတဲ့စာရင်း တိတိကျကျ ထုတ်ပြန်တာ မရှိပါဘူး။ အေအေပီပီအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေကိုလည်း ချဲ့ကားဖော်ပြတာလို့ တုံ့ပြန်လေ့ ရှိပါတယ်။

==== Unicode =====









XS
SM
MD
LG