နေပြည်တော် လွှတ်တော် အဆောက်အဦးတွေကို အဝေးထိန်း Drone ယာဉ် လွှတ်တင်ဓါတ်ပုံရိုက်ဖို့ ကြိုးစားခဲ့မှု နဲ့ လတ်တလော ထောင်နှစ်လ ချခံထားရတဲ့ အလွတ်တန်း သတင်းထောက် ကိုအောင်နိုင်စိုးအပါအဝင် နိုင်ငံခြားသတင်းထောက် နှစ်ဦးနဲ့ ယာဉ်မောင်းတို့ကို သွင်းကုန်ထုတ်ကုန် ဥပဒေနဲ့ တရားစွဲဆိုထားမှု တရားလိုဘက်က ရုပ်သိမ်းလိုက်ပါတယ်။ ဒါ့အပြင် နိုင်ငံခြား သတင်းထောက် နှစ်ဦးကို လဝက ဥပဒေနဲ့ပါ တရားစွဲဆိုထားမှုကိုလည်း တရားလိုဘက်က ရုတ်သိမ်းခွင့်ပြုဖို့ ဒီကနေ့ တရားရုံးမှာ လေ ျှာက်ထား လိုက်ပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင် ပြပေးပါမယ်။
နေပြည်တော် ကောင်စီနယ်မြေထဲက လွှတ်တော်အဆောက်အဦးတွေနားမှာ Drone ယာဉ် လွှတ်တင် ဓါတ်ပုံရိုက်ကူးဖို့ ပြင်ဆင်မှုကြောင့် ဖမ်းဆီးခံထားရတဲ့ အလွတ်တန်း သတင်းထောက် ကိုအောင်နိုင်စိုး အပါ အဝင် တူရကီအခြေစိုက် TRT သတင်းဌာနရဲ့ နိုင်ငံခြား သတင်းထောက် နှစ်ဦးနဲ့ ယာဉ်မောင်းတို့အပေါ် တရားစွဲဆိုထားတဲ့ လက်ကျန် အမှုတွေ အားလုံးကို ရုပ်သိမ်းဖို့ တရားလိုတွေဘက်က ဒီကနေ့ တရားရုံးမှာ လာရောက် လေ ျှာက်ထားခဲ့ကြပါ တယ်။
ဖမ်းဆီးခံရသူတွေရဲ့ လုပ်ဆောင်ချက်ဟာ နိုင်ငံတော်ရဲ့ လုံခြုံရေးကို ထိခိုက်စေမယ့် ရည်ရွယ် ချက် မရှိသလို နိုင်ငံခြား သတင်းထောက် ၂ဦးနဲ့ ပတ်သက်လို့လည်း နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေ့ရှုပြီး သွင်းကုန် ထုတ်ကုန် ဥပဒေ ပုဒ်မ ၈နဲ့ တရားစွဲဆိုထားမှုကို ရုပ်သိမ်းခွင့်ပြုဖို့ တရားလိုဖြစ်သူ နေပြည်တော် အမှတ် ၅ စခန်းမှူး ရဲအုပ် ထွန်းထွန်းဝင်းက ဒီကနေ့ တရားခွင်မှာ လျှောက်ထားတာဖြစ်တယ်လို့ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်းက အကျိုးဆောင်ရှေ့နေကြီး ဦးခင်မောင်ဇော်က ရှင်းပြပါ တယ်။
"တရားလို ရဲအုပ်ထွန်းထွန်းဝင်းကနေပြီးတော့မှ တရားလို ၄ ဦးအပေါ်မှာ ကျနော်တို့ကို အမှုရပ်သိမ်းခွင့်လာလျှောက်သွားပါတယ်ခင်ဗျ။ အဲဒါက ကျနော်တို့နိုင်ငံမှာတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၉၄ အရ ရုပ်သိမ်းခွင့်လျှောက်တယ်လို့ ခေါ်ပါတယ်ခင်ဗျ ။ အဲလိုလျှောက်တဲ့အခါမှာ အထူးသဖြင့်ပါတဲ့အချက်ကဘာလဲဆိုတော့ တရားခံ ၄ ဦး၏ပြုလုပ်မှုသည် နိုင်ငံတော်၏ရည်ရွယ်ချက်ကို ထိခိုက်စေမည့် မတွေ့ရှိ၍၎င်း၊ မလေးရှားနိုင်ငံသူ Mok Choy Lin,နှင့် Singapore နိုင်ငံသား Lau Hon Meng တို့ နှင့် ပတ်သက်၍ ၂ နိုင်ငံ ချစ်ကြည်ရေးကို ရှေးရှု၍၎င်း၊ အမှုအား ရုပ်သိမ်းခွင့်လျှောက်ထားရန် အထက်ကနေ ညွှန်ကြားလာပါသဖြင့်ဆိုပြီးတော့ ရုပ်သိမ်းခွင့်ပြုဖို့ လျှောက်တယ်ခင်ဗျ။ အဲလိုလျှောက်တော့ ဒီကလူတွေကနေပြီးတော့မှ ၁ မှုထဲလျှောက်တာလား၊ ဘာဖြစ်လို့လဲဆိုတော့ ရုံးတင်တာကတော့ ၂ မှုကို သူတို့နဲ့ ပတ်သက်လို့ လဝကအမှု ပုဒ်မ ၁၃(၁)ရောပါသလားဆိုတော့ ဦးထွန်းထွန်းဝင်းကသူ တရားလိုလုပ်တာက ပို့ကုန်သွင်းကုန် ပုဒ်မ(၈) ပဲလုပ်တာဖြစ်တဲ့အတွက်ကြောင့် ဒီအမှုကိုပဲ လျှောက်တာပါတဲ့။ နောက်လဝကအမှုကိုလည်း လဝကရယ် မြို့နယ်ဦးစီးမှူးရယ် လာပါလိမ့်မယ်။ အဲဒါနဲ့ လဝက အမှုကိုလည်း ကျနော်တို့ စောင့်ပါတယ်။ အဲဒီတော့လဝက မြို့နယ်ဦးစီးမှူး ရယ် လာပြီးတော့ တင်သွားပါတယ်။ ဒီလိုပါပဲ အမှုကိုလေ နိုင်ငံခြားသား ၂ ယောက်အတွက် အမှုကို ရုပ်သိမ်းခွင့်လျောက်ထားပါပြီ။"
မလေးရှားနိုင်ငံသားနဲ့ စင်္ကာပူနိုင်ငံသား နိုင်ငံခြား သတင်းထောက် နှစ်ဦးကို လဝက ဥပဒေ ပုဒ်မ ၁၃(၁)နဲ့ တရားဆွဲဆိုထားမှုကိုလည်း မြို့နယ် လဝက ဒုဦးစီးမှူးက အမှု ရုပ်သိမ်းခွင့်ကို တရားရုံးမှာ လာလေ ျှာက်သွားတယ်လို့ ဆိုပါတယ်။
တရားလိုတွေရဲ့ လေ ျှာက်ထားချက်တွေအပေါ် ဒီဇင်ဘာ ၂၈ ရက်နေ့ကျမှ တရားရုံးက အပြီးသတ် ဆုံး ဖြတ်ချက်အမိန့်ချမှာလည်း ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ လက်ကျန်အမှု ၂ ခုကိုကို ရုတ်သိမ်းဖို့ တရားလိုတွေဘက်က တရားရုံးမှာ လေ ျှာက်ထားခဲ့ကြပေ မဲ့ လွှတ်တော် အဆောက်အဦးတွေနားမှာ Drone လွှတ်တင်ဖို့ကြိုးစားမှုကြောင့် တရားစွဲခံထားရသူ ၄ ယောက်လုံး နိုဝင်ဘာ ၁၀ရက်နေ့က လေကြောင်းပျံသန်းမှုဆိုင်ရာ အက်ဥပဒေနဲ့ ထောက်ဒဏ် ၂လ ချမှတ်ခံထားရပါတယ်။
တရားရုံးက အမိန့်ချပြီးသား ထောင်ဒဏ် ၂လကိုတော့ ဆက်လက် ကျခံရမယ့် သဘောဖြစ်ပြီး နိုင်ငံတော် အနေနဲ့ ဒီအမှုကို ရုပ်သိမ်းစေချင်ရင်တော့ ထောင်ပိုင်လျော့ရက်နဲ့ စောလွှတ်ပေးလို့ ရတယ် လို့ ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောပါတယ်။
"အဲဒါကိုတော့ အမိန့်ကလည်း ချပြီးသားဆိုတော့ ဒါက ရုပ်သိမ်းလို့လဲမရတော့ဘူးလေ အဲဒီတော့ ဆက်ကျခံရမှာပေါ့နော် ရုံးလာတဲ့အချိန်အထိ အဲလိုပြောပါတယ်။ ဒါပေမယ့် ကျနော်တို့ မျှော်လင့်လို့ရတာကတော့ နိုင်ငံတော်အပိုင်းကကိုပဲ ဒီအမှုကို ရုပ်သိမ်းပြီးတော့ လွှတ်စေချင်တယ်ဆိုရင် ထောင်ပိုင်ကြီးမှာ လုပ်ပိုင်ခွင့်ရှိတယ်ခင်ဗျ။ အဲဒါက ဘာလဲဆိုတော့ ထောင်ပိုင်လျော့ရက်ဆိုတာရှိတယ်။ အဲဒီထောင်ပိုင်လျှော့ရက် ကိုပေးမယ်ဆိုရင် ၂၈ ရက်မှာ သူတို့ လွှတ်ကောင်းလွှတ်နိုင်တယ်ပေါ့ဗျာ။ ပြန်တော့ပို့ရမှာပေါ့နော် ပို့တဲ့အချိန်မှာ ထောင်ပိုင်လျှော့ရက်ရရင်လည်း ၂၈ ရက်မှာပြီးမှာပေါ့နော်။"
သတင်းထောက် ကိုအောင်နိုင်စိုးအပါအဝင် နိုင်ငံခြား သတင်းထောက် နှစ်ဦးနဲ့ ယာဉ်မောင်းတို့အနေနဲ့ ပြစ်ဒဏ်လျော့ရက်မရှိဘဲ ပြစ်ဒဏ် သက်တမ်းပြည့်မှ ပြန်လွှတ်မယ်ဆိုရင်တော့ ဇန်နဝါရီ ၉ ရက်နေ့မှာ လွှတ်ဖို့ ရှိနေတာဖြစ်ပါတယ်။