သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trumpရဲ့ ရှေ့နေရုံး ဝင်ရောက်ရှာဖွေခံရမှု သမ္မတ အမျက်ထွက်


အမေရိကန်သမ္မတ Donald Trump ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာရှေ့နေ Michael Cohen ရဲ့ ရုံးခန်းကို တနင်္လာနေ့က FBI ပြည်ထောင်စု စုံစမ်းရေးဗျူရိုက ဝင်ရောက်စီးနင်းရှာဖွေပြီး စာရွက်စာတမ်းတွေ သိမ်းဆည်းခဲ့တာဟာ ဂုဏ်သရေညှိုးနွမ်းစေတဲ့ လုပ်ရပ်ဖြစ်သလို နိုင်ငံကိုတိုက်ခိုက်ရာရောက်ပြီး တရားမျှတမှု မရှိတဲ့ အခြေနေသစ်တရပ်ကို ဖြစ်စေတယ်လို့ သမ္မတ Trump ကပြောကြားလိုက်ပါတယ်။

တနင်္လာနေ့မှာပြုလုပ်တဲ့ စစ်တပ်ခေါင်းဆောင်ပိုင်းနဲ့ ဆွေးနွေးပွဲစတင်ချိန်မှာပဲ သမ္မတ Trump က ပြောကြားခဲ့တာပါ။ ဒါဟာ အညှိုးနဲ့ သဲကြီးမဲကြီး လိုက်လံ အပြစ်ရှာနေတာဖြစ်ကြောင်းနဲ့ ဒါကို အတော်ကြာကတည်းက သူပြောနေတာဖြစ်ပြီး ဒီအတွက် လက်လျှော့စေချင် ကြောင်းနဲ့ အထူးစစ်ဆေးသူကိုလည်း စာရွက်စာတမ်း တသန်းကျော်ပါ ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အထူး စုံစမ်းရေးမှုး Robert Mueller ကို အလုပ်ဖြုတ်ဖို့ ရှိမရှိ မေးမြန်းရာမှာတော့ စောင့်ကြည့်ရမယ် လို့ပြောပါတယ်။

နယူးရောက်မြို့လယ် Rockefeller စင်တာမှာ ရှိတဲ့ Cohen ရဲ့ ရုံးခန်းကို အခုလို ဝင်ရောက်စီးနင်းတဲ့ သတင်းကို The New York Times က ပထမဦးဆုံး ဖေါ်ပြခဲ့တာပါ။

အထူးစုံစမ်းရေးမှုး Robert Mueller ဆီကနေ အခုလို ဝင်ရောက်ရှာဖွေခွင့် ဝရမ်းကို FBI က ယူလာတာ ဖြစ်ကြောင်း Cohen ရဲ့ ရှေ့နေ Stephen Ryan ကပြောပါတယ်။ အထူးစုံစမ်းရေးမှုး Robert Mueller ဟာ ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်နှောက်ယှက်မှု ရှိမရှိနဲ့ Trump ရဲ့ မဲဆွယ်အဖွဲ့နဲ့ ရုရှားတို့ကြား ဆက်နွယ်မှု ရှိမရှိ စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။

အခုလို ရှာဖွေမှုဟာ လုံးဝမသင့်တော်သလို လုံးဝလည်း မလိုအပ်ဘူးလို့ Ryan ကပြောပါတယ်။ ဒါ့အပြင် ဒါဟာ ရှေ့နေနဲ့ သူ့အမှုသည် တို့ကြား ဆက်သွယ်မှုဆိုင်ရာ အကာကွယ်ပေးမှုကို မလိုအပ်ပဲ ထိခိုက်စေတယ်လို့လည်း ပြောပါတယ်။

Cohen အနေနဲ့ လွှတ်တော်ကို ထောင်နဲ့ချီတဲ့ စာရွက်စာတမ်းတွေ ပေးအပ်ခဲ့တာ အပါအဝင်၊ ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားကြားဝင်နှောက်ယှက်မှု ရှိမရှိ စုံစမ်းမှုအားလုံးကို လုံးဝ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့လည်း Ryan ကထောက်ပြပါတယ်။

အခုလို တနင်္လာနေ့ Cohen ရဲ့ ရုံးခန်းဝင်ရောက် အစီးနင်းခံရတာနဲ့ ပတ်သက်ပြီး Mueller ရဲ့ ရုံးက မှတ်ချက် တစုံတရာမပေးသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG