သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

New York မှာ သမ္မတ ကိုယ်စားလှယ်လောင်းတွေ အကြိတ်အနယ်ပြိုင်


နယူးယောက်မှာ ပြိုင်နေကြတဲ့ ဒီမိုကရက် ပါတီ ကိုယ်စားလှယ်လောင်း ဟီလာရီ ကလင်တန် နဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့် ။
နယူးယောက်မှာ ပြိုင်နေကြတဲ့ ဒီမိုကရက် ပါတီ ကိုယ်စားလှယ်လောင်း ဟီလာရီ ကလင်တန် နဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့် ။

ဒီနေ့မှာ ကျင်းပမယ့် နယူးယောက်ပြည်နယ် ပဏာမ ရွေးကောက်ပွဲမှာ ဒီမိုကရက် ပါတီ သမ္မတ ကိုယ်စားလှယ်လောင်း ဟီလာရီ ကလင်တန်နဲ့ ရီပတ်ဘလစ်ကန် သမ္မတ ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့် တို့ နှစ်ဦးဟာ အနိုင်ရဖို့ ထိပ်ဆုံးက ပြေးနေပါတယ်။ သူတို့အနိုင်ရခဲ့ရင် ပါတီ ကိုယ်စားပြု သမ္မတလောင်း အဖြစ် အရွေးခံဖို့ အခြေအနေကောင်းသွားမှာဖြစ်ပါတယ်။ ဗွီအိုအေ သတင်းထောက် Jim Malone ပေးပို့ထားတဲ့ သတင်းကို ကိုရဲခေါင်က ပြောပြပါမယ်။

ရီပတ်ဘလစ်ကန် ပါတီ သမ္မတ ကိုယ်စားလှယ်လောင်း Donald Trump အနေနဲ့ နယူးယောက် ပြည်နယ်မှာ အနိုင်ရလိုက်မယ်ဆိုရင် ပါတီကိုယ်စားပြု သမ္မတ ကိုယ်စားလှယ် အဖြစ် သေချာပေါက် အရွေးခံရဖို့ အတွက် ကြီးမား တဲ့ ခြေလှမ်းတစ်ခု ဖြစ်လာမှာပါ။

“အင်္ဂါနေ့မှာ ခင်ဗျားတို့ ထွက်ပြီး၊ မဲပေးကြပါ။ မိတ်ဆွေတွေကိုလည်း မဲပေးဖို့ တိုက်တွန်းပေးပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ ရှေ့ဆက်ပြီး လှုပ်ရှားမှုတွေ လုပ်ဖို့ရှိနေလို့ပါ။ ဒါကတော့ ဒီနိုင်ငံမှာ တစ်ခါမှာ မမြင်ခဲ့ရဘူးတဲ့ လှုပ်ရှားမှုမျိုးပါ။”

ထရမ့်ဟာ မကြာသေးခင်က ပြိုင်ဘက် Ted Cruz ကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ပြန်လည် အနိုင်ရဖို့ မျှော်လင့်နေတာပါ။

Ted Cruz ကတော့ Donald Trump ဟာ မဲဆန္ဒရှင် တော်တေ်ာများများအတွက် မျက်နှာပျက်စရာတွေ လုပ်ခဲ့လို့ သူ့ကို ပါတီ ကိုယ်စားပြု သမ္မတ ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံရရင် ရီပတ်ဘလစ် ကန်ပါတီ အနေနဲ့ နိုဝင်ဘာလမှာ လုပ်မယ့် ရွေးကောက်ပွဲမှာ သေချာပေါက် အရှုံးနဲ့ ရင်ဆိုင်ရမယ်လို့ ပြောပါတယ်။

”တနိုင်ငံလုံးက ရီပတ်ဘလစ်ကန် ပါတီဝင်တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က တကယ်လို့ ဒေါ်နယ်ထရမ့်သာ ပါတီကိုယ်စားပြု သမ္မတ ကိုယ်စားလှယ်လောင်းဖြစ် သွားရင် ဟီလာရီပဲ အနိုင်ရလိမ့်မယ်လို့ ပြောကြပါတယ်။ ဟီလာရီဟာ ဒေါ်နယ်ထရမ့်ကို ဆယ်ဂဏန်းလောက် အသာနဲ့ အနိုင်ယူနိုင်ပါတယ်။ တကယ်လို့ ကျွန်တော် ပါတီကိုယ်စားပြု မယ်ဆိုရင်တော့၊ ကျွန်တော်တို့က ဟီလာရီကို အနိုင်ယူနိုင်ပါလိမ့်မယ်။”

တချိန်တည်းမှာ ဒီမိုကရက်တွေဘက်မှာလည်း နိုင်ငံခြားရေး ဝန်ကြီးဟောင်းနဲ နယူးယောက်ပြည်နယ် အထက်လွှတ်တော်အမတ် ဟောင်း Hillary Clinton ဟာ သူမရဲ့ နယူးယောက်ပြည်နယ်မှာ အသာရဖို့ ကြိုးစားနေပါတယ်။

”ရှင်တို့ အင်္ဂါနေ့မှာ သွားပြီး ကျွန်မအတွက် မဲပေးမယ်ဆိုရင်၊ ကျွန်မအနေနဲ့ ဒီမဲဆွယ်စည်းရုံးမှုအတွင်းမှာကော၊ အိမ်ဖြူတော်မှာ ရှိနေမယ့် နေ့ရက်တိုင်းမှာပါ ရှင်တို့အတွက် တိုက်ပွဲဝင်သွားပါမယ်။ ကျေးဇူးတင်ပါတယ်။ Staten Island ကျွန်းသူ ကျွန်းသားတွေကို ဘုရားရှင် ကောင်းချီးပေးပါစေ။”

နယူးယောက်မြို့အနီးက Staten Island ကျွန်းမှာပြုလုပ်တဲ့ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုအတွင်းမှာ ဟီလာရီ ကလင်တန်က ခုလို ပြောသွားပါတယ်။

သူမရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Bernie Sanders ကတော့ မဲဆွယ်စည်းရုံးရေးတွေ ခဏရပ်ပြီး သောကြာနေ့က ဗာတီကန် ညီလာခံတစ်ခုမှာ စီးပွားရေး မညီမျှမှုအကြောင်း သွားရောက် မိန့်ခွန်းပြောနေပါတယ်။ ဒါက သူ့ရဲ့ မဲဆွယ်စည်းရုံးရေးအတွက် အဓိက အကြောင်းအရာဖြစ်ပါတယ်။

”ကျွန်တော် ဟာ ရီပတ်ဘလစ်ကန်တွေကို အားအကောင်းဆုံး ယှဉ်ပြိုင်အနိုင်ယူနိုင်မယ့် ကိုယ်စားလှယ်လောင်းဖြစ်တယ်လို့ ရင်ထဲ အသဲထဲကနေ ယုံကြည်ပါတယ်။ ဒါကို ဒီမိုကရက်တွေကလည်း တစ်စထက်တစ်စ ပိုပြီး နားလည်လာကြလိမ့်မယ်လို့ ထင်ပါတယ်။”

နယူးယောက်ပြည်နယ်မှာ မဲပေးခွင့်ရှိသူ မြန်မာအချို့ဟာလည်း နယူးယောက်ပြည်နယ် ပဏာမ ရွေးကောက်ပွဲမှာ မဲပေးကြဖို့ ပြင်ဆင်နေကြပါတယ်။

နယူးယောက်မြို့မှာ နေထိုင်တဲ့ မြန်မာတစ်ဦးဖြစ်တဲ့ ကိုမိုးချမ်း ကတော့ ပြည်နယ်ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီ သမ္မတ ကိုယ်စားလှယ်လောင်း BERNIE SANDERS ကို မဲပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပြပါတယ်။

" BERNIE SANDERS က နံပတ်တစ် သူ့ရဲ့ရိုးသားမှု ကိုဖော်ပြနိုင်တယ်ပေါ့ဗျာ။ အထူးသဖြင့် သူဌေးကြီးတွေရဲ့ ထောက်ပံ့ငွေတွေနဲ့ သူဒီရွေးကောက်ပွဲကို ဝင်နေတာမဟုတ်ဘူး။ သူဝင်နေတာကတော့ တကယ့်ကို သာမာန်ပြည်သူလူထု အများစုဖြစ်တဲ့ ၁၅ဒေါ်လာ၊ ၂၀ ဒေါ်လာနဲ့ လှူဒါန်းတဲ့ငွေတွေနဲ့ တကယ့်အခြေခံလူတန်းစားတွေ လှူဒါန်းတဲ့ငွေတွေနဲ့ သူ ရွေးကောက်ပွဲကို ဝင်ပြိုင်တာဖြစ်တဲ့ အတွက်ကြောင့် သာမာန်လူထုအများစုကို ကိုယ်စားပြုတဲ့သူဖြစ်တယ် ဆိုတာကို သူက ပေါ်ပေါ်လွင်လွင် ပြသနိုင်တယ်ပေါ့နော်။ ပြီးတော့ တပြိုင်နက်တည်းမှာ သူ့ရဲ့ ကြိုးစားမှုကိုလည်း ဖော်ပြနိုင်တယ်။ အသက်ကြီးပေသော်ငြားလည်း သူဟာ တကယ့်လူငယ်တယောက်လိုပဲ ပြောနိုင် ဆိုနိုင်တဲ့ အနေအထားမျိုးတွေဖြစ်တယ်။ တဘက်သားလူရဲ့ အားနည်းချက်တွေကို လိမ်မာပါးနပ်စွာနဲ့ထောက်ပြနိုင်တယ်။ သူ့ရဲ့အားသာချက်ကိုလည်း သူက ဖော်ပြနိုင်တယ်ပေါ့နော်။ သူ့ရဲ့အားသာချက်မှာ အထူးသဖြင့် သူ သမ္မတဖြစ်လာလို့ရှိရင် သူ အဓိက လုပ်ကိုင်မယ့် ကိစ္စတွေထဲမှာ လူငယ်တွေရဲ့ပညာရေးကို အခမဲ့ဖြစ်သွားအောင် စီစဉ်ပေးမယ်ဆိုတဲ့ ကြွေးကြော်သံကို သူ ကကြွေးကြော်နေတာ တောက်လျောက်ပဲ။"

ဒီနေ့ ကျင်းပမယ့် နယူးယောက်ပြည်နယ်ရွေးကောက်ပွဲ ရဲ့ အောင်မြင်မှုဟာ ဒေါ်နယ်ထရမ့်နဲ့ ကလင်တန်တို့ နှစ်ဦးလုံးအတွက် ပါတီ ကိုယ်စားပြု သမ္မတလောင်းဖြစ်ဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာမှာပါ။

XS
SM
MD
LG