သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-မြောက်ကိုရီးယား တိုက်ရိုက်ဆွေးနွေးမှု စတင်


CIA အကြီးအကဲ Mike Pompeo (oဲ)၊ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un (လယ်)၊ အမေရိကန်သမ္မတ Donald Trump (ယာ)
CIA အကြီးအကဲ Mike Pompeo (oဲ)၊ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un (လယ်)၊ အမေရိကန်သမ္မတ Donald Trump (ယာ)

အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) အကြီးအကဲ Mike Pompeo ဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ပြုံယမ်းမြို့တော်မှာ လျို့ဝှက်တွေ့ဆုံခဲ့ကြောင်း သမ္မတ Donald Trump က ဒီနေ့မှာပဲ အတည်ပြုပြောဆိုလိုက်ပါတယ်။

တွေ့ဆုံမှု ချောချောမောမော ရှိခဲ့ကြောင်းနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်နိုင်ခဲ့ကြောင်း Twitter လူမှုကွန်ယက်ကနေ သမ္မတက ပြောဆိုလိုက်တာပါ။ ထိပ်သီးတွေ့ဆုံမှု အစီအစဉ်တွေကို ညှိနှိုင်းနေပြီး၊ နျူးကလီးယားကင်းမဲ့ရေးဟာ ကမ္ဘာကြီးအတွက်ရော၊ မြောက်ကိုရီးယား အတွက်ပါ ကြီးမားတဲ့ကိစ္စတခု ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား အမြင့်ဆုံးအဆင့် ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း သမ္မတ Trump မနေ့တုန်းကလည်း ပြောခဲ့ပေမဲ့ အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။

ဖလော်ရီဒါပြည်နယ်က သမ္မတရဲ့ အပမ်းဖြေရိပ်သာ Mar-a-Lago မှာ မနေ့တုန်းက တွေ့ဆုံခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ကတော့ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တွေ့ဆုံမယ့် သမ္မတ Trump ရဲ့ ဆုံးဖြတ်ချက်ဟာ သတ္တိရှိတဲ့ လုပ်ရပ်ဖြစ်ကြောင်း ချီးကျုးပြောဆိုခဲ့ပါတယ်။ အစီအစဉ်တွေ ချောချောမောမော ဖြစ်မယ်လို့ ခန့်မှန်းရတဲ့အတွက် ထိပ်သီးတွေ့ဆုံမှုဟာ ဇွန်လဆန်း ဒါမှမဟုတ် ဒီမတိုင်ခင်မှာ ဖြစ်နိုင်ကြောင်းလည်း သမ္မတ Trump က ပြောဆိုခဲ့တာပါ။ ချောချောမောမော မဖြစ်ဘဲ တွေ့ဆုံမှုတွေ ဖြစ်မလာတာမျိုးလည်း ကြုံရနိုင်သလို၊ ဒီလိုဖြစ်လာခဲ့ရင်လည်း အရင်လို ပြင်းထန်တဲ့ ရပ်တည်ချက်တွေနဲ့ ဆက်လက်ရပ်တည်သွားရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ ထိပ်သီးတွေ့ဆုံမှုအတွက် မြောက်ကိုရီးယားနဲ့ အဆင့်မြင့် တိုက်ရိုက်ဆွေးနွေးမှုတွေ ရှိနေကြောင်း ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီးနောက်မှာပဲ သမ္မတ Trump က အတည်ပြုပြောခဲ့တာပါ။ ဒါပေမဲ့လည်း သမ္မတ Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ကြား တိုက်ရိုက်ပြောဆိုတာမျိုးတော့ မရှိတဲ့အကြောင်း အိမ်ဖြူတော် ပြောခွင့်ရသူSarah Huckabee Sanders က နောက်ပိုင်းမှာ ပြောခဲ့ပါတယ်။

အမေရိကန်နဲ့ ဒေသတွင်းက မဟာမိတ်တွေအတွက် ခြိမ်းခြောက်မှုတွေ ကြီးထွားလာနေတဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ်တွေ အဆုံးသတ်နိုင်ရေး ရည်ရွယ်ပြီး၊ ဇွန်လဆန်းမှာ သမ္မတ Trump ဟာ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာပါ။ သမ္မတ Trump နဲ့ တွေ့ဆုံမှု မတိုင်ခင် ဒီလ ဧပြီလ ၂၇ ရက်နေ့မှာ တောင်ကိုရီးယားသမ္မတ Moon Jae-in ဟာ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ထိပ်သီးတွေ့ဆုံဖို့လည်း စီစဉ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG