သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump နဲ့ ဇနီးဖြစ်သူတို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြု


အမေရိကန် သမ္မတ Donald Trump နဲ့ သမ္မတကတော် Melania Trump တို့ ၂ ယောက်လုံး Covid-19 ရောဂါ ကူးစက်ခံခဲ့ရကြောင်း သမ္မတထရမ့်က Twitter က တဆင့် ကြေညာခဲ့ပါတယ်။


အမေရိကန် သမ္မတ Donald Trump နဲ့ သမ္မတကတော် Melania Trump တို့ ၂ ယောက်လုံး Covid-19 ရောဂါ ကူးစက်ခံခဲ့ရကြောင်း သမ္မတထရမ့်က Twitter က တဆင့် ကြေညာခဲ့ပါတယ်။ ချက်ချင်း ကွာရန်တင်းဝင် ပြီး အားလုံး နဲ့ သီးခြားခွဲနေမှာ ဖြစ်သလို ပြန်ကောင်းအောင် နေမယ်လို့ လည်း ရေးပါတယ်။ သမ္မတ အနီးကပ် လက်ထောက်တဦး ဖြစ်တဲ့ Hope Hicks ဆီမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရခဲ့ပြီးတဲ့နောက် မှာ အခုလို ကူးစက်သွားခဲ့တာပါ။

အင်္ဂါနေ့က ကျင်းပခဲ့တဲ့ သမ္မတလောင်း ၂ ဦးရဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတဲ့ ကာလအတွင်း Hope Hicks ဟာ သမ္မတနဲ့အတူ အနီးကပ် ရှိနေခဲ့တဲ့အပြင် အဲဒီနောက်နေ့ ဗုဒ္ဓဟူးနေ့က Minnesota ပြည်နယ်မှာ ပြည်လုပ်တဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုမှာကိုလည်း သမ္မတနဲ့အတူ လေယာဉ်စီးပြီး လိုက်ပါသွားခဲ့တာပါ။

သမ္မတရဲ့ ထိပ်တန်းအကြံပေး Hope Hicks ဟာ သမ္မတအပြင် သမ္မတရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရေးအဖွဲ့ဝင် အများစုနဲ့ အခုရက်ပိုင်းတွေအတွင်း အနီးကပ် ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့တာကြောင့် အဲဒီလူတွေပါ Quarantine ဝင်ဖို့ လိုမလိုဆိုတာတော့ မသိရသေးပါဘူး။

အမေရိကန်သမ္မတရွေးကောက်ပွဲကျင်ပဖို့ တလကျော်ကျော်သာလိုတော့တဲ့အချိန်မှာ သမ္မတရွေးကောက်ပွဲအတွက် အရေးပါတဲ့ပုဂ္ဂိုလ် အခုလို ကိုဗစ် ကူးစက်ခံရတာကြောင့် သမ္မတ Trump ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေကို ဘယ်လောက်အထိ ထိခိုက်လာမလဲဆိုတာတော့ မသိရသေးပါဘူး။

သမ္မတ Trump ဟာ ကိုဗစ်-၁၉ ကူးစက်မှုကို အကာကွယ်ပေးနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ယုံကြည်ထားတဲ့ နှာခေါင်းစည်းတပ်လေ့မရှိသူ ဖြစ်ပါတယ်။ အင်္ဂါနေ့ညက ပြုလုပ်တဲ့ သမ္မတလောင်း ၂ ဦးရဲ့ စကားစစ်ထိုးပွဲအတွင်းမှာ ဒီမိုကရက်ပါတီ သမ္မတလောင်း Joe Biden နှာခေါင်းစည်းတပ်တဲ့ကိစ္စကို ဝေဖန် ပြောဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် သမ္မတရဲ့ မိသားစုဝင်တွေနဲ့ အိမ်ဖြူတော်မှာ သမ္မတနဲ့ အနီးကပ် အလုပ်လုပ်သူတွေဟာလည်း နှာခေါင်းစည်းတပ်ကြလေ့ မရှိဘူးလို့ အိမ်ဖြူတော်အသိုင်းဝိုင်းနဲ့ နီးစပ်သူတွေက အမေရိကန် သတင်းမီဒီယာတွေကို မကြာခန ပြောကြားလေ့ရှိပါတယ်။

XS
SM
MD
LG