သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါ၊ မက္ကစီကိုနဲ့ တရုတ် သွင်းကုန်တွေအပေါ် အခွန်တိုးကောက်ဖို့ သမ္မတထရမ့် အမိန့်ထုတ်ပြန်


ကနေဒါ၊ မက္ကစီကို၊ တရုတ်နိုင်ငံ အလံများ
ကနေဒါ၊ မက္ကစီကို၊ တရုတ်နိုင်ငံ အလံများ

ကနေဒါနဲ့ မက္ကစီကိုနိုင်ငံတွေက သွင်းကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံအပေါ် ၁၀ ရာခိုင်နှုန်း လာမယ့်အင်္ဂါနေ့ကစ ကောက်ခံမယ့်အမိန့်ကို သမ္မတ Donald Trump မနေ့ စနေနေ့က လက်မှတ်ထိုးလိုက်ကြောင်း သမ္မတအိမ်ဖြူတော်က ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံသားတွေ အသက်ဆုံးရှုံးနေရတဲ့ fentanyl မူးယစ်ဆေးဝါးတွေ မကြုံစဖူးအလုံးအရင်းနဲ့ တရားမဝင် ဝင်ရောက်နေသလို၊ ရွှေ့ပြောင်းနေထိုင်သူတွေ ဥပဒေမဲ့ ဝင်ရောက်နေတာကို ကနေဒါနဲ့ မက္ကစီကို နိုင်ငံတွေက ခွင့်ပြုထားတယ်လို့လည်း အိမ်ဖြူတော်ပြောခွင့်ရ Karoline Leavitt က ပြီးခဲ့တဲ့ သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားတာပါ။

ဖလော်ရီဒါပြည်နယ် Mar-a-Lago ကိုယ်ပိုင်အိမ်မှာ သီတင်းပတ်ကုန် ရောက်နေတဲ့ သမ္မတထရမ့်ကတော့ သတင်းထောက်တွေနဲ့ စကားပြောဖို့ စီစဉ်ထားတာ မရှိပါဘူး။ ကနေဒါက သွင်းကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ပေမဲ့ ရေနံစိမ်း တင်ပို့မှုကိုတော့ ၁၀ ရာခိုင်နှုန်းပဲ ကောက်မယ်လို့လည်း သမ္မတထရမ့်က ပြောပါတယ်။ တရုတ်နိုင်ငံက သွင်းကုန်မျိုးစုံအပေါ်မှာတော့ အခွန် ၁၀ ရာခိုင်နှုန်း ထပ်ဆောင်း ကောက်ခံသွားမှာပါ။

ကုန်သွယ်ဖက်နိုင်ငံတွေက လက်တုံ့ပြန်တဲ့အနေနဲ့ အခွန်တွေ တိုးကောက်မယ်ဆိုရင် အမေရိကန်က နောက်ထပ်တိုးဖို့လည်း သမ္မတအာဏာနဲ့ ထုတ်ပြန်တဲ့အမိန့်မှာ ထည့်သွင်းထားပါတယ်။ မက္ကစီကိုနဲ့ ကနေဒါ နိုင်ငံတွေကတော့ အမေရိကန်သွင်းကုန်တွေကို အခွန်တိုးကောက်ပြီး လက်တုံ့ပြန်မယ်လို့ မနေ့တုန်းကပဲ ကြေညာခဲ့ကြတာပါ။ တရုတ်နိုင်ငံကတော့ သမ္မတထရမ့် လုပ်ရပ်ကို ရှုတ်ချလိုက်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို တင်ပြမှာဖြစ်ကြောင်း ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။

အမေရိကန်ရဲ့လုပ်ရပ်ဟာ နိုင်ငံတကာကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းတွေကို အပြင်းအထန် ချိုးဖောက်ရာရောက်ကြောင်းလည်း တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောဆိုလိုက်ပေမဲ့၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့လည်း တိုက်တွန်းထားပါတယ်။

Forum

XS
SM
MD
LG