သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU နဲ့ ကန် အပြန် အလှန် အခွန်ငွေတိုးမကောက်ဖို့ သဘောတူ


EU ကော်မရှင်ဥက္ကဌ Jean-Cluade Juncker နဲ့ အမေရိကန်သမ္မတ Trump တို့ အိမ်ဖြူတော် နှင်းဆီဥယျာဉ်မှာ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ -July 25, 2018.
EU ကော်မရှင်ဥက္ကဌ Jean-Cluade Juncker နဲ့ အမေရိကန်သမ္မတ Trump တို့ အိမ်ဖြူတော် နှင်းဆီဥယျာဉ်မှာ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ -July 25, 2018.

အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့အကြား ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုကို ဆွေးနွေးပြောဆိုကြဖို့နဲ့ အဲဒီကာလ အတွင်း နောက်ထပ် ကုန်သွယ်ခွန် ချမှတ်တာမျိုးတွေ မလုပ်ကြဖို့ သဘောတူလိုက်ကြပါပြီ။

အမေရိကန်သမ္မတနဲ့ EU ဥက္ကဌတို့ အိမ်ဖြူတော်မှာ သုံးနာရီနီးပါးကြာ ဆွေးနွေးကြပြီးတဲ့နောက် အခုလို သဘောတူလိုက်ကြတဲ့ အကြောင်း ကြေညာတာပါ။ ကမ္ဘာ့ကူးသန်းရောင်းဝယ်ရေး စုစုပေါင်းရဲ့ ထက်ဝက်ရှိတဲ့ သူတို့ ကုန်သွယ်ဘက်နှစ်ဘက်အကြား ကုန်သွယ်ရေးအငြင်းပွားမှုကို လက်ရှိအချိန်မှာ ထပ်ဆိုးအောင်မလုပ်ဖို့ သဘောတူကြပါတယ်။

EU ကော်မရှင်ဥက္ကဌ Jean-Cluade Juncker နဲ့ အိမ်ဖြူတော် နှင်းဆီဥယျာဉ်မှာ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတထရမ့်ပ်က “ပထမဆုံးအနေနဲ့ ကုန်သွယ်ခွန် လုံးဝမကောက်ဖို့၊ ကုန်သွယ်အတားအဆီးတွေ လုံးဝမထားဖို့နဲ့ မော်တော် ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း မဟုတ်တဲ့ လုပ်ငန်းတွေအပေါ် အစိုးရက ကူညီထောက်ပံ့တာမျိုး လုံးဝမလုပ်ဖို့ ကျနော်တို့ ဒီကနေ့ သဘောတူကြပါတယ်” လို့ပြောပါတယ်။

EU ကော်မရှင်နာဥက္ကဌ Juncker ကလည်း နှစ်ဘက်ကြား ဆွေးနွေးညှိနှိုင်းတာတွေ ဆက်ရှိနေသရွေ့ “နောက်ထပ် ကုန်သွယ်ခွန် တွေချမှတ်တာကို ရပ်ထားမှာဖြစ်ပြီး သံမဏိနဲ့ အလျူမီနီယံ ထုတ်ကုန်တွေအပေါ် ချမှတ်ထားတဲ့ ကုန်သွယ်ခွန်တွေကို ပြန်ဆန်း စစ်သွားပါမယ်” လို့ပြောပါတယ်။

သမ္မတထရမ့်ပ်အစိုးရက အခွန်တွေ တိုးပြီးချမှတ်တဲ့အပေါ် လက်တုန့်ပြန်တဲ့အနေနဲ့ EU ဘက်ကလည်း မော်တော်ဆိုင်ကယ် ကနေ ဝီစကီအရက်တွေအထိ ဒေါ်လာ ၃ ဘီလီယံဖိုး အမေရိကန်ကုန်တွေအပေါ် အခွန်တွေ ပိုချထားပြီးသားပါ။

လက်တုန့်ပြန်တဲ့အနေနဲ့ နောက်ထပ် အခွန်တိုးကောက်မယ့် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံတန်ဖိုးရှိတဲ့ အမေရိကန်ကုန်ပစ္စည်း စာရင်းကို EU ကုန်သွယ်ရေး ကော်မရှင်နာမင်းကြီး Cecilia Malmstrom က ပြင်ဆင်နေချိန်မှာပဲ EU နဲ့ အမေရိကန်ကြား သဘောတူညီချက် ရသွားကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG