သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းစရိတ်အစိုးရချေးငွေ ကင်းလွတ်ခွင့် တချို့ဖယ်ရှားဖို့ သမ္မတ Trump အမိန့်ထုတ်


ကျောင်းစရိတ်အစိုးရချေးငွေနဲ့ ကျောင်းတက်ကြသော ကျောင်းသူကျောင်းသားများ (AP Photo/Carlos Osorio, File)
ကျောင်းစရိတ်အစိုးရချေးငွေနဲ့ ကျောင်းတက်ကြသော ကျောင်းသူကျောင်းသားများ (AP Photo/Carlos Osorio, File)

အများပြည်သူဝန်ဆောင်မှု လုပ်ငန်းတွေမှာ အလုပ်လုပ်နေကြလို့ ပြည်ထောင်စုအစိုးရဆီက ချေးထားတဲ့ ကျောင်းစရိတ်‌ချေးငွေ ပြန်ဆပ်စရာ မလိုတဲ့ အစီအစဉ်ကနေ တချို့ကို ဖယ်ရှားဖို့ သမ္မတ Donald Trump က အမိန့်ထုတ်လိုက်ပါတယ်။

တရားမဝင် ရွှေ့ပြောင်းလာသူတွေ၊ အကြမ်းဖက်အဖွဲ့အစည်းတွေ၊ တရားမဝင် အလုပ်တွေနဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းတွေမှာ လုပ်နေကြသူတွေကို ချေးငွေပြန်ဆပ်ဖို့ ကင်းလွတ်ခွင့်စာရင်းကနေ ဖယ်ရှားဖို့ သမ္မတ Trump က ပညာရေးဝန်ကြီးဌာနကို သောကြာနေ့က ညွှန်ကြားမိန့်ထုတ်ခဲ့တာပါ။

ပရဟိတလုပ်ငန်းတွေအပါအဝင် အကြုံးဝင်တဲ့အစိုးရဌာနတွေမှာ အလုပ်လုပ်နေကြသူတွေထဲက ပြည်ထောင်စုအစိုးရ ကျောင်းစရိတ်ချေးငွေကို ၁၀ နှစ် ပြန်ဆပ်ပြီးသူတွေအနေနဲ့ ကျန်အကြွေးတွေကို ပြန်ဆပ်စရာမလိုဘဲ အကြွေးလျော်ပေးတဲ့ PSLF အစီအစဉ်ကို ၂၀၀၇ ခုနှစ်မှာ လွှတ်တော်က ချမှတ်ခဲ့ပါတယ်။

ဝန်ဆောင်မှုလုပ်ငန်းတွေမှာ လုပ်နေသူတွေအတွက် ကျောင်းစရိတ်ချေးငွေ ပြန်ဆပ်မှု ကင်းလွတ်ခွင့် အစီအစဉ်ဟာ လွှတ်တော်အမိန့်နဲ့ လုပ်ထားတာ ဖြစ်တာမို့ သူ့အနေနဲ့ ဆက်လက်ထားရှိမယ်လို့ လွန်ခဲ့တဲ့ သီတင်း ၃ ပတ်က ပညာရေးဝန်ကြီးအဖြစ် ခန့်သင့်မသင့် လွှတ်တော်ကြားနာပွဲမှာ Linda McMahon က ထွက်ဆိုခဲ့ပါတယ်။ သောကြာနေ့က ထုတ်ပြန်တဲ့ သမ္မတအမိန့်အရ အများပြည်သူဝန်ဆောင်မှုဆိုတဲ့ သတ်မှတ်ချက်မှာ တရားမဝင်ရည်ရွယ်ချက်နဲ့ လုပ်နေတဲ့လုပ်ငန်းတွေကို ဖယ်ရှားပြီး အဲဒီလုပ်ငန်းတွေမှာ အလုပ်လုပ်နေသူတွေကို အကြွေးကင်းလွတ်ခွင့် မပေးဖို့ ပညာရေးဝန်ကြီး McMahon ကို ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

တရားမဝင် နိုင်ငံထဲရောက်နေတဲ့ အထောက်အထားမဲ့တွေကို နှိမ်နင်းရေး သမ္မတ Trump ရဲ့ မူဝါဒအရ အခု လိုဆောင်ရွက်တာ ဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။ ဒီအမိန့်အပေါ် ဥပဒေကြောင်းကနေ စိန်ခေါ်မှုတွေ ရှိလာနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

Forum

XS
SM
MD
LG