သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပူးတွဲစစ်ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌကို သမ္မတ Trump ဖယ်ရှား


အမေရိကန်ပြည်ထောင်စုရဲ့ ပူးတွဲစစ်ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌ လေတပ်ဗိုလ်ချုပ်ကြီး CQ Brown (AP Foto/Kevin Wolf, Archivo)
အမေရိကန်ပြည်ထောင်စုရဲ့ ပူးတွဲစစ်ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌ လေတပ်ဗိုလ်ချုပ်ကြီး CQ Brown (AP Foto/Kevin Wolf, Archivo)

အမေရိကန်ပြည်ထောင်စုရဲ့ ပူးတွဲစစ်ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌ လေတပ်ဗိုလ်ချုပ်ကြီး CQ Brown ကို သမ္မတ Donald Trump က ရာထူးကနေ ရုတ်တရက် ဖယ်ရှားလိုက်ပါတယ်။

လေတပ်ဗိုလ်ချုပ်ကြီး CQ Brown ဟာ အများလေးစားခံရတဲ့ အကြီးအကဲတယောက်ဖြစ်သလို အမေရိကန်စစ်တပ်သမိုင်းမှာ အာဖရိကနွယ်ဖွား အမေရိကန်အနေနဲ့ ဒုတိယမြောက် ပူးတွဲစစ်ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌ ရာထူးရလာသူ ဖြစ်ပါတယ်။ စစ်တပ်ထဲမှာ မတူကွဲပြားမှုနဲ့ အားလုံးတန်းတူပါဝင်မှုကို အားပေးတဲ့ စစ်တပ်အကြီးအကဲတယောက်လည်း ဖြစ်ပါတယ်။

သူ့ကို ရာထူးကနေ သမ္မတက သောကြာနေ့ညက ရုတ်တရက်ဖယ်ရှားလိုက်တဲ့အပေါ် Pentagon စစ်ဌာနချုပ်မှာလည်း တုန်လှုပ်စရာ ဖြစ်ခဲ့ပါတယ်။ တိုက်ခိုက်ရေး လေသူရဲဘဝကနေ လေတပ်ဦးစီးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး CQ Brown ကို ပူးတွဲစစ်ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌ တာဝန်ပေးဖို့ အရင်သမ္မတ Joe Biden က ရွေးချယ်ခဲ့တာပါ။ ဒီတာဝန်ကို သူ ယူခဲ့တဲ့ ၁၆ လအတွင်း ယူကရိန်းစစ်ပွဲ၊ အရှေ့အလယ်ပိုင်းမှာ ကျယ်ပြန့်လာတဲ့ ပဋိပက္ခတွေကို သူကြီးကြပ်ကွပ်ကဲခဲ့ရပါတယ်။

ပူးတွဲစစ်ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌ တာဝန်အပါအဝင် နိုင်ငံအတွက် နှစ်ပေါင်း ၄၀ ကျော် တာဝန်ထမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီး CQ Brown ကို ကျေးဇူးတင်ပါတယ်လို့ သမ္မတ Trump က လူမှုကွန်ရက်ပေါ်မှာ ရေးတင်ခဲ့ပါတယ်။ လူကြီးလူကောင်းတယောက်ဖြစ်ပြီး ထူးချွန်တဲ့ ခေါင်းဆောင်ဖြစ်တဲ့ CQ Brown အနာဂတ်ပိုမိုကောင်းမွန်ဖို့လည်း ဆုတောင်းပါတယ်လို့လည်း သမ္မတ Trump က ရေးသားခဲ့ပါတယ်။

သူ့နေရာမှာ အစားထိုးဖို့ လေတပ်ဗိုလ်ချုပ်ကြီး Dan Caine ကို ရွေးချယ်လျာထားတယ်လို့လည်း သမ္မတက ပြောကြားခဲ့ပါတယ်။

Forum

XS
SM
MD
LG