သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ကိုအရေးယူမဲ့အဆိုပြုချက် အောက်လွှတ်တော်ပယ်ချ


အမေရိကန်သမ္မတ Donald Trump
အမေရိကန်သမ္မတ Donald Trump

အမေရိကန်သမ္မတ Donald Trump ကို impeachment လို့ခေါ်တဲ့ တရားစွဲဆိုမယ့် ကိစ္စ လောလောဆယ် မစဉ်းစားပဲ ရပ်ဆိုင်းဖို့ လွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်ပါပြီ။ ဒီမိုကရက်တွေ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်က ဒီကိစ္စကို ရပ်ဆိုင်းဖို့ ၃၃၂မဲ ၉၅ မဲနဲ့ ဗုဒ္ဓဟူးနေ့က မဲခွဲဆုံးဖြတ်လိုက်တာပါ။

သူ့အပေါ် တရားစွဲမယ့်ကိစ္စ အခြေအတင် ဆွေးနွေးမှုဟာ သူဆောင်ရွက်ခဲ့ဘူးသမျှကိစ္စတွေထဲမျာ အဓိပ္ပါယ်မရှိဆုံး၊ အချိန်အဖြုန်းဆုံး ကိစ္စဖြစ်တယ်လို့ သမ္မတ Trump ကဆိုပါတယ်။ ဒီကိစ္စပြီးသွားပြီးတဲ့နောက် ဘယ်အမေရိကန်သမ္မတကိုမှ ဒီလိုလုပ်ခွင့်မပြုသင့်ဘူးလို့လည်း သူကပြောပါတယ်။ ဒါပေမဲ့ အောက်လွှတ်တော်က နောက်ထပ် ဆုံးဖြတ်တခု လုပ်လာခဲ့ရင်လည်း ဘယ်လိုမှ ဟန့်တားလို့ရမှာ မဟုတ်ပါဘူး။

ဒီအတောအတွင်း အမျိုးသမီး ကွန်ဂရက်လွှတ်တော်အမတ် လေးဦးကိစ္စကို ဆက်လက် ဆွေးနွေးမယ်လို့ ပြောဆိုပြီး မြောက် ကယ်ရိုလိုင်းနား လူထုစည်းဝေးပွဲမှာ ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ည စကားပြောမှာဖြစ်ပါတယ်။ ဒါဟာ လူနည်းစုအမတ်တွေကို သူပြောခဲ့တဲ့စကားကြောင့် လူမျိုးရေးခွဲခြားသူအဖြစ် အောက်လွှတ်တော်ရဲ့ ဝေဖန်ရှုတ်ချမှုကို ခံခဲ့ရပြီးတဲ့နောက် တရက်အကြာမှာ ဒေါ်နယ်ထရမ့်က အခုလို စီစဉ်လာတာ ဖြစ်ပါတယ်။

Greenville တက္ကသိုလ်မြို့ က ထောက်ခံသူတွေကို မိန့်ခွန်းပြောကြားတဲ့အခါ အမေရိကန်စီးပွားရေးဟာ ယခင်တခါမှ မကြုံဖူးလောက်အောင် အကောင်းဆုံး အခြေအနေမှာရှိနေကြောင်းကို ပြောကြားမှာဖြစ်ပေမယ့် ဒီနိုင်ငံကို ဘယ်သူတွေက ချစ်တယ်၊ ဘယ်သူတွေက မုန်းတယ်ဆိုတဲ့ အကြောင်းတွေကိုလည်း ထည့်သွင်းပြောကြားမယ်လို့ ဆိုပါတယ်။

၂၀၂၀ ပြည့်မှာ ပြန်လည်အရွေးခံရဖို့အတွက် ထောက်ခံတဲ့လူတွေ များပြားလာတဲ့ကိစ္စကို ပြောမယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီမိုကရက် လွှတ်တော်အမတ် တို့ဟာ အောက်လွှတ်တော် ဒီမိုကရက်တွေနဲ့အတူ သမ္မတထရမ့်ရဲ့ လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်ကို ရှုတ်ချတဲ့ ဆုံးဖြတ်ချက်ကို အင်္ဂါနေ့ညတုန်းက အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။

Ilhan Omar, Alexandria Ocasio-Cortex, Ayana Pressley နဲ့ Rashida Tlaib တို့ လေးဦးကို သူတို့မူရင်းနိုင်ငံတွေဆီ ပြန်သွားကြဖို့ တွစ်တာပေါ်မှာ ရေးသားခဲ့ပြီးနောက် အငြင်းပွားစရာ ဖြစ်လာခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG