သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump ကျမ်းသစ္စာကျိန်ဆိုပွဲအပေါ် မြန်မာတချို့ ခန့်မှန်းချက်


သမ္မတတာဝန်ကို ထမ်းဆောင်တော့မယ့် Donald Trump နဲ့ ဇနီး Melania Trump တို့နှစ်ဦး လင်ကွန်း အထိမ်းအမှတ် ဗိမာန်မှာ ကျင်းပတဲ့ သမ္မတသစ်ကို ကြိုဆိုဂုဏ်ပြုတဲ့ ဂီတဖျော်ဖြေပွဲအခမ်းအနားကို တက်ရောက်လာစဉ် (ဇန်နဝါရီလ ၁၉၊ ၂၀၁၇)
သမ္မတတာဝန်ကို ထမ်းဆောင်တော့မယ့် Donald Trump နဲ့ ဇနီး Melania Trump တို့နှစ်ဦး လင်ကွန်း အထိမ်းအမှတ် ဗိမာန်မှာ ကျင်းပတဲ့ သမ္မတသစ်ကို ကြိုဆိုဂုဏ်ပြုတဲ့ ဂီတဖျော်ဖြေပွဲအခမ်းအနားကို တက်ရောက်လာစဉ် (ဇန်နဝါရီလ ၁၉၊ ၂၀၁၇)

"Make America Great Again"အမေရိကား ပြန်လည်ကြီးကျယ်ရေး ဆိုတဲ့ ကြွေးကြော်သံနဲ့ အမေရိကန်ပြည်ထောင်စုရဲ့(၄၅)ယောက်မြောက် သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်မယ့် Donald Trump အစိုးရလက်ထက်မှာ စီးပွားရေးအရ အင်အားတောင့်တင်းလာမယ်လို့ ယူဆသူတွေရှိသလို အောက်ခြေလူတန်းစားပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး စတဲ့ အစိုးရရဲ့ ဝန်ဆောင်မှု အစီအစဉ်တွေမှာ ပိုပြီးဆိုးရွားသွားဖို့ရှိတယ်ဆိုပြီး စိုးရိမ်နေကြသူတွေလည်းရှိပါတယ်။

၂၀၁၆ နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး အမေရိကန်ပြည်သူတွေကြား စည်းလုံးပြို ကွဲမှုဖြစ်ခဲ့ရတယ်ဆိုတဲ့ သုံးသပ်ချက်တွေနဲ့အတူ သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရတဲ့ Donald Trump လက်ထက်မှာ အမေရိကန်ရောက် မြန်မာတွေရဲ့ မျှော်လင့်ချက်တွေ ဘယ်လိုရှိနေပါသလဲ။

မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

ဝါရှင်တန်ဒီစီမြို့တော် လင်ကွန်းအထိမ်းအမှတ် ဗိမာန်မှာ အသံလွှင့်ချိန်မတိုင်ခင် ကျင်းပနေတဲ့ သမ္မတ သစ်ဖြစ်လာမယ့် Donald Trump ကို ကြိုဆိုဂုဏ်ပြုတဲ့ ဂီတဖျော်ဖြေပွဲအခမ်းအနားကို တက်ရောက်သူ ပရိသတ်နည်းတဲ့အပြင် လူဖြူတွေပဲ အများစုဖြစ်နေကြောင်း အခမ်အးနားကို ရောက်ရှိနေတဲ့ ကိုဇော်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“concert ဂီတပွဲကိုလာတဲ့လူက နည်းတယ်။ ဒီနိုင်ငံမှာ လူဦး သန်းပေါင်း ၃၀၀ လောက်ရှိတဲ့ တိုင်းပြည်က တကယ့်တကယ်က အများကြီးလာရမှာလေ။ ဒီလောက်လာတာမတွေ့ရဘူး အဓိကတော့ လာတဲ့လူတွေအနေအထားကတော့ လူဖြူတွေများတယ်၊ အာရှလူမျိုးတွေနည်းတယ် တခြား လူမည်းတွေပေါ့ အထူးသဖြင့် အရမ်းနည်းပါတယ်။ လူမည်းတွေဆိုရင် မတွေ့သလောက်ကို နည်းတယ်။"

မေး။ ။ Donald Trump က သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်တော့မယ်ဆိုတဲ့ သူလက်ထက်မှာ မျှော်လင့်ချက်၊ စိုးရိမ်ချက်တွေ ဘာတွေရှိလဲရှင့်။

ဖြေ။ ။ သူ့ရဲ့အပြောအဆိုပေါ့နော်၊ နောက်မီဒီယာတွေကို မောင်းထုတ်တာ၊ လူမျိုးခွဲခြားပြီးပြောတာ၊ နောက် Immigration ရွှေ့ပြောင်း အခြေချသူတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေပေါ့နော်။ ဒီနိုင်ငံက နိုင်ငံရေးအရ ခိုလုံသူတွေနဲ့ တည်ဆောက်ထားတဲ့ တိုင်းပြည်မှာ အဲဒီနိုင်ငံကလူတွေကို မလိုလားတဲ့ဟာတွေပြောတော့ သူ့ကို မကြိုက်ဘူး။ အထူးသဖြင့် သူက အိုဘားမားရဲ့ ကျန်းမာရေး Insurance ကို ရပ်လိုက်မယ်လို့ပြောတယ်။ ဒါပေမယ့် သူ့မှာ လူတိုင်းကို ကျန်းမာရေး insurance ရစေရမယ်လို့ ကြုံးဝါးနေတယ်။ ဒါပေမယ့် သူ့မှာ တိကျတဲ့ မူမရှိဘူးဖြစ်နေတယ် အဲဒီအတွက် ကျန်းမာရေး နဲ့ ပတ်သက်လို့ အထူးစိုးရိမ်တယ်။”

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ် ကာလတလျောက် ရွှေ့ပြောင်းအခြေချသူတွေအပါအဝင် အမျိုးသမီးနဲ့ လူနည်းစုတွေအပေါ် Donald Trump ရဲ့ အငြင်းပွားဖွယ်ရာ မှတ်ချက်ပေး ပြောစကားတွေဟာ အမေရိကန် လူဖြူအများစုနေထိုင်တဲ့ ပြည်နယ်တွေက မဲဆန္ဒရှင်တွေရဲ့ နှစ်ရှည်လများ စိုးရိမ်မှုတွေကို ထင်ဟပ်စေတယ်လို့ သုံးသပ်သူတွေရှိပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲမှာ Donald Trump အနိုင်ရခဲ့ပြီးနောက် အမေရိကန်ပြည်သူ တွေကြား စည်းလုံးမှု ပြိုကွဲခဲ့ရတယ်လို့ ပြောလာသူက ဒီမိုကရက်သမ္မတလောင်း Hillary Clinton ကိုမဲပေးခဲ့တဲ့ မေရီလန်းပြည်နယ်မှာနေထိုင်တဲ့ ကိုထွန်းသန်းဖြစ်ပါတယ်။

“ကျနော်မြင်တာကတော့ အမေရိကန် လူထုကတော့ တော်တော့်ကို divided ဖြစ်သွားတယ်။ ဒီ election ရွေးကောက်ပွဲ ပြီးတဲ့ အချိန်မှာ အမုန်းတရားတွေပိုများလာတယ်ဗျာ၊ အရင်တုန်းကဆိုရင် သူတို့မကြိုက်တဲ့ သမ္မတ တယောက်တက်လာတယ်ဆိုရင်လည်း သူတို့ နည်းနည်းပါးပါးပြောပြီးတော့ မေ့လိုက်ကြတယ်ပေါ့နော်။ ဥပမာ - အိုဘားမားကို မကြိုက်တဲ့လူတွေရှိတယ်၊ McCain ကို ကြိုက်တဲ့လူတွေရှိတယ်။ ဒါပေမယ့်လည်း အိုဘားမားကို welcome လုပ်လိုက်ကြတယ် အဲဒါမျိုးတွေရှိတယ်။အခုက မဟုတ်ဘူး ။ အခုက လုံးဝကို character assassination ပါဖြစ်လာ တယ်။ သမ္မတ တယောက်က မကြာခင် ဖြစ်လာတော့မယ် အဲဒီ သမ္မတ တယောက်ကို Character အရ ဒီ News Agency တွေကပါ တိုက်ခိုက်လာတယ်ပေါ့နော်။ သူတို့လည်း သက်သေ မပြနိုင်ဘူး။ တချို့လည်း သက်သေပြနိုင်တယ်ဆိုရင်လည်း တမျိုးပေါ့နော်။ သက်သေမပြနိုင်တဲ့ သတင်းတွေရေး တိုက်ခိုက်လာတယ်ဆိုတော့ ကျနော် က Democrat ကိုထောက်ခံတယ်ဆိုပေမယ့် ဒီကိစ္စတွေ ကိုတော့ မကြိုက်ဘူး။”

ဒါပေမဲ့လည်း Trump လက်ထက်မှာ နိုင်ငံရဲ့ စီးပွားရေး ပိုပြီးကောင်းလာမယ်၊ ISIS လို အစ္စလာမ်မစ်အစွန်းရောက် တွေကို နှိမ်နင်းနိုင်မယ် ဆိုတဲ့ သုံးသပ်ချက်၊ မျှော်လင့်ချက်တွေရှိနေတယ်လို့ ကိုထွန်းသန်းက ဆိုပါတယ်။

နိုင်ငံရေးအတွေ့အကြုံမရှိတဲ့ အိမ်ခြံမြေသူဌေးကြီးကနေ သမ္မတဖြစ်လာမယ့် Donald Trump ရင်ဆိုင်နေရတဲ့ နောက်ထပ် စိန်ခေါ်မှုတခုက သူ့ရဲ့ အစိုးရအဖွဲ့ဝင်ဖြစ်လာမယ့် ဝန်ကြီးတွေ ရွေးချယ်တဲ့အပေါ်မှာ အရည်အချင်းနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ဖြစ်နေတာပါ။ ဒါနဲ့ပတ်သက်လို့ ရွေးကောက်ပွဲမှာ Trump ကို မဲပေးခဲ့တဲ့ အင်ဒီယားနားပြည်နယ်က James ရဲ့ အမြင်ကတော့-

“ဒီ သမ္မတ Inauguration မအပ်ခင် အဓိက နောက်ဆုံး သိရသလောက်ကတော့ သူ့အပေါ်မှာ အများကြီးတိုက်ခိုက်တာကတော့ သူခန့်ထားတဲ့ ဝန်ကြီးတွေအပေါ်မှာ တချို့က အမြင်အမျိုးမျိုးရှိကြတယ်။ဥပမာ- ချမ်းသာတဲ့ လူတွေကိုပဲ ခန့်တာတို့၊ Hispanic လက်တင် အမေရိကန် အနွယ်ဝင် အမေရိကန်နိုင်ငံသား တွေကို ခန့်ထားတာ မရှိဘူး အဲဒါမျိုးတွေက သူဝေဖန်ခံနေရတယ်။ ဒါပေမယ့် သမ္မတ သစ်အနေနဲ့ တွေးမယ်ဆိုရင် သူ့ဘက်က အကောင်းအဆိုးမြင်တဲ့ လူကိုပဲ ခန့်မှာပဲလေ၊ သူလုပ်နိုင်မယ့် သူ့Policy ကို Implementation အကောင်အထည်ဖေါ် လုပ်နိုင်မယ့်သူကိုပဲ သူခန့်မှာပဲလေ။ အဲဒါလည်းကောင်းတယ်လို့ ကျနော့်အနေနဲ့ မြင်တယ်။”

ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ သမ္မတကို ပြန်ပြီးထိန်းကျောင်းနိုင်မယ့် လွှတ်တော် ရှိနေပြီး၊ အများပြည်သူလေးစားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရှိတာကြောင့် တိုင်းပြည်ရဲ့ အကောင်း၊ အဆိုး အခြေအနေတွေကို ထိန်းညှိနိုင်မယ်လို့ မြင်ကြောင်း ကိုထွန်းသန်းကပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG